နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုအဆုံးသတ်ရမယ်လို့ KNU ပြောကြား
2023.08.07
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ဦးဆောင်ပြီး “နွေဦးတော်လှန်ရေးတွင် အတူတကွလက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်”ကို သြဂုတ်လ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ကြေညာချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ပြည်ပရန်ကာကွယ်ရေးကိုသာ တာဝန်ယူမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို တည်ထောင်မယ်လို့ ဖော်ပြထားပါတယ်။
NUCC အဖွဲ့ဝင် KNU ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက ဒီထုတ်ပြန်ချက်အတိုင်း မိမိတို့ အခိုင်အမာရပ်တည်တယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့မှာ မဟာဗျူဟာရှိတယ်။ နည်းဗျူဟာတွေလည်း ရှိပါတယ်။ ဒီလို ကွဲပြားနေတဲ့ အခြေအနေအောက်မှာ ကစားနေတာဟာ ကျွန်တော်တို့အတွက် အထူးအဆန်း မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ပုံစံတမျိုးနဲ့ မြင်တွေ့နေရမှာဖြစ်ပြီး တချို့ဒေသတွေမှာတော့ နောက်ထပ်ပုံစံတစ်မျိုးနဲ့ မြင်တွေ့နေရမှာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မဟာဗျူဟာက ရှင်းတယ်။ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ တိုင်းပြည်က ရှင်းထုတ်ရမယ်။ တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် အချက် လေးချက်ကိုတော့ လုံးဝငြင်းပယ်လို့ မရဘူး။ နံပါတ် (၁) စစ်တပ်ဟာ နိုင်ငံရေးကစွန့်ခွာပြီး ပြည်ပရန်ကို ကာကွယ်ရေးကလွဲလို့ ကျန်တဲ့ဟာတွေနဲ့ ကင်းရမယ်။ အဲဒီတပ်မတော်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာပဲ ရှိရမယ်။ ဒုတိယကတော့ သမိုင်းတလျှောက် လူထုအပေါ် ညှဉ်းဆဲသတ်ဖြတ်ခဲ့မှုအားလုံးကို ပြေငြိမ်းလို့မရဘူး။ တာဝန်ခံမှု တာဝန်ယူမှုရှိစေရမယ်။ ဒီလုပ်ဆောင်မှုတွေကို သူတို့ လက်ခံရမယ်။ နံပါတ် (၃) အနေနဲ့ ကျွန်တော်တို့တည်ဆောက်မယ့် တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ် လုံးဝပျောက်ကင်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့သွားရမယ်။ နောက်ဆုံးအချက်အနေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ပြီဆိုတော့ ကျွန်တော်တို့ အတွေ့အကြုံအရ နိုင်ငံတကာပါဝင်မှုရှိမှ လုံခြုံစိတ်ချရတဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာမယ်။”
NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က KNU ဟာ သမိုင်းဝင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခုလို ရပ်တည်ချက်တွေအတွက် ဝမ်းသာကြိုဆိုပါတယ်လို့ ပြောပါတယ်။
“လက်ရှိကျွန်တော်တို့တော်လှန်ရေးက NUG တစ်ခုတည်းလုပ်နေတဲ့ တော်လှန်ရေးမဟုတ်ဘူး။ အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေရယ် ပြည်သူလူထုထောက်ခံမှုတွေနဲ့ အဖွဲ့အစည်းများစွာ ညီညီညွတ်ညွတ်နဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီကြေညာချက်ထုတ်တယ်ဆိုတာကလည်း အခုအချိန်မှာ တချို့အစုအဖွဲ့တွေက တော်လှန်ရေးကို လမ်းလွှဲအောင် နည်းပေါင်းစုံနဲ့ လုပ်နေကြတာကို မြင်နေကြားနေရလို့ ကျွန်တော်တို့ တညီတညွတ်ရှိကြောင်း ဖော်ပြတဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်။ တော်လှန်ရေးစကတည်းက KNU က ကူညီခဲ့တာတွေရှိတယ်။ KNU လို အစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုက ဒီလိုထောက်ခံတာဟာ အင်မတန်အရေးကြီးပြီး အားရစရာဖြစ်ပါတယ်။”
လတ်တလောကာလတွေအတွင်း စစ်ကောင်စီက KNU အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ကို ချဉ်းကပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ စည်းရုံးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပဒိုစောတောနီးက အဲဒီလိုစစ်အုပ်စုရဲ့ လှည့်ဖျားမှုတွေကို မိမိတို့ လက်ခံမှာ မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
“သူတို့လုပ်နေကျ ဟိုအဖွဲ့ခေါ်တွေ့လိုက် ဒီအဖွဲ့ခေါ်တွေ့လိုက်၊ ဟိုနားပေးမယ် ဒီနားပေးမယ်ပြော၊ သေနတ်သံတိတ်ရင် ပြီးရောဆိုတဲ့ အချိုးမျိုးနဲ့လာပြီးတော့ အခွင့်အရေးပေးတဲ့လုပ်ရပ်မျိုးက ကျွန်တော်တို့ ဘုံရည်မှန်းချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။ ဘာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုပြီး ဟိုနယ်မြေလေးခြမ်းပြီး ပေးလိုက် ဆိုတာမျိုးကို လက်ခံနိုင်စရာမရှိဘူး။ အဲဒါတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ငြင်းပယ်တယ်ဗျာ။”
အခုလို NUCC NUG KNU အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။