တပ်စခန်းတွေပြန်သိမ်းမယ့် စစ်ကောင်စီမျှော်လင့်ချက် ပျက်ပြယ်ကြောင်း KNU ပြောကြား

RFA Burmese
2024.10.17
တပ်စခန်းတွေပြန်သိမ်းမယ့် စစ်ကောင်စီမျှော်လင့်ချက် ပျက်ပြယ်ကြောင်း  KNU ပြောကြား KNLA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းထားသည့် စွယ်တော်ကုန်းလက်နက်ကြီးဗျူဟာတပ်စခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။
Cobra Column 2 VENOM

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော် စွယ်တော်အမြောက်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၇ ရက်က သိမ်းပိုက်နိုင်လိုက်တဲ့အတွက် လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီရဲ့ အိပ်မက်က ပျက်ပြယ်သွားပြီလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေး ဆင်နွှဲနေတာဖြစ်ပြီး စစ်ရေးအရ ဗျူဟာကျပြီး အရေးပါတဲ့ စခန်း လက်လွှတ်လိုက်ရတာကို KNU ပြောခွင့်ရ ပဒိုစောတောနီးက တင်စားပြောကြားလိုက်တာပါ။

"အာရှလမ်းရဲ့ ရည်မှန်းချက် အကြီးဆုံးက မြဝတီကို ပြန်လည်ရရှိရေးပဲလေ၊ မြဝတီက သူတို့လက်ရှိ အုပ်ချုပ်နေတာက ဘာမှ အရသာမရှိဘူး၊ ဘာဖြစ်လို့လည်းဆိုတော ဘေးနားမှာ ရံထားတဲ့ တပ်ရင်းရှိသမျှ ၃၅၅၊ ၃၅၆၊ ၃၅၇၊ သင်္ဃန်းညီနောင် ဗျူဟာပေါ့နော်၊ အခုခွေးကုန်းလို့ လူသိများတဲ့စွယ်တော်ကုန်း၊ သူက အမျှော်လင့်ဆုံးက ဘာလဲဆိုတော့ အောင်ဇေယျစစ်ဆင်ရေးကြီးက သူတို့ဆီကို ပေါက်လာဖို့ပဲ၊ ဒါပေမဲ့ အခုက သူတို့လှန်ကျသွားပြီးတဲ့နောက်မှာတော့ အိပ်မက်ဟာ အိပ်မက်ပဲလို့ပဲ ပြောရတော့မှာပေါ့နော်"

လေးကေ့ကော်မြို့သစ်က စွယ်တော်အမြောက်ကုန်းစခန်းကို KNLA မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပေမဲ့ ဒေါနတောင်-ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

အဲဒီအတွက် တိုက်ပွဲအခြေအနေ စောင့်ကြည့်ပြီး သွားလာနေကြရတယ်လို့ ကုန်သည်အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"အာရှလမ်းမှာတော့ တိုက်ပွဲကတော့ တော်တော်ဖြစ်နေတယ်၊ လမ်းဟောင်းဘက်အထိ ကျည်လာကျပေါက်တယ်လေ၊ တော်သေးတာပေါ့၊ ကားတွေ ခရီးသည်တွေကမထိလို့၊ စစ်တပ်က လက်နက်ကြီးနဲ့ပစ် လေယာဉ်နဲ့ ပစ်နေတာပဲပေါ့နော်၊ အခု ညီနောင်အထိပြန်သိမ်းပြီးတော့မှ လမ်းတွေပြန်ဖွင့်မယ်လို့ ကြားတယ်၊ စစ်တပ်က အခုက စစ်ကူက တော်တော်လေးကိုပဲ၊ တက်လိုက်၊ ပြန်ကျပြီး ပြန်ပေးလိုက် အဲ့လိုပဲ ဖြစ်နေတာ၊ မြဝတီကားတွေကတော့ တိုက်ပွဲရှောင်ပြီး မောင်းဆင်းမောင်းတက် အဲ့လိုမျိုးလုပ်ရတာပေါ့၊ ဒီတောင်ပေါ်ကျတော့ အောင်ဇေယျစစ်ကြောင်း တပ်အတွက်နေပြီးတော့ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်ကနေ နေ့တိုင်းပို့တယ်၊ ပြေးတဲ့စစ်သားတွေလည်း ပြေးကြတယ်"


ဆက်နွှယ်သောသတင်းများ

လေးကေ့ကော်က စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာတပ်စခန်းကို KNLA သိမ်းပိုက်

စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေကို KNLA မဟာမိတ်တပ်တွေ ကြားဖြတ်တိုက်ခိုက်

လေးကေ့ကော် အမြောက်ကုန်းစစ်စခန်းမကျရေး စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ


စစ်ကောင်စီပြန်ကြားရေးဌာနကတော့ အောင်ဇေယျစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းမထုတ်ပြန်သေးသလို၊ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

လောလောဆယ်မှာ ကော့ကရိတ်- မြဝတီအာရှလမ်း၊ ဘုရားသုံးဆူ အနန်းကွင်းစစ်ဗျူဟာ၊ ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ ယာယီစစ်ဗျူဟာ တပ်ရင်း၊ ဖာပွန် မြို့စစ်ဗျူဟာကုန်းစခန်းတွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ မြေပြင်စစ်ကြောင်းတွေနဲ့ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဟာ လေကြောင်းကနေ နေ့ရောညပါ စစ်ကူပစ်ပေးပြီး ခုခံတိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။