NUG က တောင်ကိုရီးယားရောက် မြန်မာတွေကို နိုင်ငံကူးလက်မှတ်သက်တမ်း တိုးပေး

RFA Burmese
2024.11.12
NUG က တောင်ကိုရီးယားရောက် မြန်မာတွေကို နိုင်ငံကူးလက်မှတ်သက်တမ်း တိုးပေး ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဥ်။
Photo: RFA

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က လွန်ခဲ့တဲ့ လေးလလောက်ကစလို့ စစ်ကောင်စီနဲ့အပြိုင် ဆောင်ရွက်ပေးနေပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာနဲ့ နေထိုင်သူတွေနဲ့ စစ်ကောင်စီဘက်မှာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးဖို့ အခက်အခဲရှိနေသူတွေကို တောင်ကိုရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးက နှစ်နှစ် သက်တမ်းတိုးပေးနေတာလို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က သက်တမ်းတိုးတာ ဒီ G1 တွေဘာတွေကိုပေါ့ သက်တမ်းတိုးတာ သက်တမ်းတိုး မပေးဘူးပေါ့"

ဆိုးလ်မြို့အခြေစိုက် စစ်ကောင်စီသံရုံးမှာ ဗီဇာသက်တမ်းတိုးရတာ ခက်ခဲတာကြောင့် NUG ကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးထားတယ်လို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က သက်တမ်းတိုးတာ ဒီ G1 တွေဘာတွေကိုပေါ့ သက်တမ်းတိုးတာ သက်တမ်းတိုး မပေးဘူးပေါ့။ ကျွန်တော်တို့က G1 ဗီဇာပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ တိုးမပေးဘူးဆိုပြီး လုပ်တယ်ပေါ့နော်။ အခုနောက်ပိုင်းကျတော့ G1 ဗီဇာတွေကို ပြန်တိုးပေးတယ်။ ဒါပေမဲ့ သူတို့တွေက ခံဝန်ကတိတွေ ဘာတွေ ထိုးခိုင်းတာတို့ လုပ်လာတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း မသွားတော့ဘဲနဲ့ ဒီဘက်မှာပဲ တိုးရတာပေါ့”

အခုလို သက်တမ်းတိုးပေးတာကို တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနကလည်း လက်ခံခွင့်ပြုပေးထားတယ်လို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

တရားမဝင် သက်တမ်းတိုးတဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ

တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီဆန့်ကျင်ရေး ၂၂ ရက်ကြာ လမ်းလျှောက်ဆန္ဒပြ

နိုင်ငံတကာမှာ တရားဝင်အစိုးရဖြစ်ဖို့ NUG နဲ့ စစ်ကောင်စီ အပြိုင်ကြိုးစားနေကြဆဲဖြစ်


တောင်ကိုရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံသားတွေဟာ NUG နဲ့ ချိတ်ဆက်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ အရေအတွက် နေ့စဉ်နဲ့အမျှ တိုးလာနေတယ်လို့ RFA ကို ပြောပါတယ်။

“အခုဆိုလို့ရှိရင် ဒါ လူက ငါးရာကျော်သွားပါပြီ။ ကျွန်တော်တို့ တွက်ထားပါတယ် မကြာခင်မှာ ဒါထောင်ဂဏန်း အထိကျော်သွားမှာပါ။ အကုန်လုံး နေ့စဉ်ပေါ့ ဒီမှာ အမြဲတမ်း လာဆက်သွယ်ပြီးတော့ ပက်စ်ပို့တိုးဖို့ အတွက်ကို ပြင်ဆင်နေကြတဲ့ဟာတွေရှိပါတယ်။ အဲတော့ ကိန်းဂဏန်းတွေက ရပ်တန့်မသွားပါဘူး။ ထပ်ပြီးတော့ကို နေ့တိုင်း တိုးနေပါတယ်”

ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို တတ်စွမ်းသမျှ အကာအကွယ်ပေးနေတယ်လို့ NUG ကိုယ်စားလှယ်ရုံးက နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယား လဝကရဲ့ အဖမ်းအဆီးခံရသူတွေကို ပြန်လည်လွတ်မြောက်ရေး အတွက်လည်း ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ ကိုရီးယားနိုင်ငံထဲမှာ နေထိုင်ခွင့်အတွက်သာ သက်ဆိုင်မှာဖြစ်ပြီး NUG ကထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်နဲ့ တခြားနိုင်ငံတွေကိုတော့ သွားရောက်လို့ မရသေးပါဘူး။

တောင်ကိုရီးယားအစိုးရဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှုအရ ယာယီနေထိုင်ခွင့် G1-99 ဗီဇာထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဇာနဲ့ နေထိုင်သူတွေကို စစ်ကောင်စီက အစပိုင်းမှာ ဗီဇာသက်တမ်းမတိုးပေးခဲ့ဘဲ နောက်ပိုင်းမှာတော့ နိုင်ငံရေးမလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းပြီး သက်တမ်းပေးနေတာပါ။ ဒါပေမဲ့ အခုလို သက်တမ်းတိုးပေးရာမှာ ဗီဇာသက်တမ်းတိုးသူတွေရဲ့ ကိုယ်ရေးအချက်အလက်သာမက နောက်ခံ မိသားစုရာဇဝင်တွေကိုပါ စစ်ဆေးမေးမြန်း မှတ်တမ်းယူနေတယ်လို့ G1 – 99 ဗီဇာကိုင်ဆောင်ထားသူတွေက ပြောပါတယ်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအတွက် တရားဝင် နေထိုင်ခွင့်ရနေပေမဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့တော့ ခက်ခဲနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒါကျတော့ ဟိုဘက်ကပြောင်းပြီးခဲ့ရင် သူက ဒီဘက်နဲ့ မဆိုင်တော့ဘူး။ ဒီဘက်ပြောင်းပြီးခဲ့ရင် ဟိုဘက်နဲ့ မဆိုင်တော့ဘူး။ ဒါပေမဲ့ ကိုရီးယားလို နိုင်ငံရောက်သွားပြီဆိုတဲ့အခါကျတော့ ကိုယ်ယုံကြည်ရာ၊ ကိုယ်သန်ရာ ဖြစ်သွားတာပေါ့နော်။ ဒါပေမဲ့ NUG ရုံးနဲ့ ပက်စ်ပို့တိုးထားတဲ့သူ ပြန်လာလို့တော့ မရဘူး။ ဟိုမှာပဲ သူတို့အတွက် အဆင်ပြေတဲ့ပုံစံမျိုးနဲ့ နေလို့ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာကျတော့ ဒီဘက်က လက်ရှိအနေအထားက ချုပ်ကိုင်ထားတာလေ။ အဲဒါကြောင့် ပြန်လာလို့မရဘူးဗျ”

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အား တွေ့ရစဉ်။ (RFA Photo)
မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အား တွေ့ရစဉ်။ (RFA Photo)

NUG က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးကတော့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေ မလုပ်ဖို့နဲ့ အဲဒီနိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းပြီး အမည်ပျက်စာရင်း သွင်းသွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာထားပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေကို အိမ်ရှင်နိုင်ငံရဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

NUG ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူတွေကတော့ စစ်ကောင်စီ သံရုံးရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့မဆန်ဘဲ ပြည်သူလူထုကို ခြိမ်းခြောက်ရုံသက်သက်သာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံသားတွေ ပြောဆိုချက်အရ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ခုနစ်သောင်းကျော် ရောက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။