လားရှိုးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ သေဆုံးမှုရှိနေ

RFA Burmese
2024.07.03
လားရှိုးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ သေဆုံးမှုရှိနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လက်နက်ကြီးကျည် ကျ‌ရောက်‌ပေါက်ကွဲခဲ့သည့်နေရာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက် ဒီနေ့မနက်ကစပြီး ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေပါ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။

မနက် ၄ နာရီခန့်ကစပြီး တိုက်ပွဲစဖြစ်နေသလို မြို့ပေါ်ကို နှစ်ဖက်စလုံးက လက်နက်ကြီးနဲ့ပစ်နေတာကြောင့် လားရှိုးမြို့ ရပ်ကွက် (၁) နဲ့ နမ့်ပေါင်ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ် သုံးဦး အပါအဝင် ခုနစ်ဦးသေဆုံးခဲ့သလို သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ကစပြီး လေယာဉ်ခရီးစဉ်အားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်သလို မြေပြင်လမ်းတွေလည်း သွားမရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၄ နာရီကျော်ကစပြီး လားရှိုးမြို့ရဲ့ အရပ်လေးမျက်နှာမှာ တိုက်ပွဲဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့က ၁၁ နာရီမတ်တင်းလောက်ကနေ စပြီးတော့ လက်နက်ကြီးသံတွေ စကြားရတယ်။ ဒီနေ့မနက် ၄ နာရီ နောက်ပိုင်းက တောက်လျှောက် လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်တာတွေ ကြားရတယ်။ တပ်ချင်း ဆိုင်ထားတဲ့နေရာတွေမှာတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ ကျွန်တော်တို့မြို့ထဲက လူတွေကတော့ လက်နက်ကြီးသံတွေပဲ ကြားနေရတယ် အခုချိန်ထိကြားနေရဆဲပဲ ”

လားရှိုးမြောက်ဘက် ၁၄ မိုင်အကွာမှာရှိတဲ့ နမ်တွန်းကျေးရွာ၊ အရှေ့ဘက် ခြောက်မိုင်ခန့်က မန်ဟောင်ကျေးရွာ၊ ကိုးမိုင်ခန့်မှာရှိတဲ့ မိုင်းတင်းကျေးရွာ၊ တန့်ယန်းမြို့သွားတဲ့လမ်း မိုင် ၃၀ အကွာက နမ္မဗေဒကျေးရွာ၊ လားရှိုး - သီပေါလမ်း မိုင်း ၂၀ အကွာက နောင်မွန်ရွာဘက်တွေမှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် လားရှိုးမြို့ ရပ်ကွက် (၁) က ခြောက်ဦးနဲ့ နမ့်ပေါင်ရွာက တစ်ဦး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လက်နက်ကြီးကျလို့ အိမ်သားတွေက ခြောက်ယောက်သေသွားတာ။ မီးဖိုချောင်မှာ ထမင်းစားနေတဲ့အချိန်မှာ ဖြစ်သွားတာ။ ထမင်းစားတဲ့အထဲမပါတဲ့ အိမ်သားတွေပဲလွတ်သွားတယ်။ ဘယ်ဖက်ကနေပစ်တာလဲတော့ သေချာ မသိဘူး”

သေဆုံးသူတွေက အသက် ၁၄ နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက် ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မောင်ဒွဲအောင်နဲ့ မဇယ်ညွယ်၊ အသက် ၃၀ အရွယ်တွေဖြစ်တဲ့ ကိုဆိုင်းခွမ်နဲ့ မမေရီ၊ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်မာဂျီအပြင် နမ့်ပေါင်ရွာက အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေသခံတွေသေဆုံးတဲ့အပေါ် နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲနေကြသလို မြို့ခံတွေကတော့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကရော တော်လှန်ရေးတပ်တွေကပါ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်နေတာလို့ ပြောကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လေဆိပ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လေဆိပ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

ဒါ့အပြင် ဒီနေ့ကစပြီး လေကြောင်းခရီးစဉ်အားလုံး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီဖြစ်သလို ဘယ်လမ်းမှ ထွက်မရတော့ဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“အသံကတော့ ပြောစရာကိုမလိုတော့ဘူး မိနစ်၊ စက္ကန့်တိုင်းကို ထွက်နေတာ။ နေရာတိုင်းကလည်း ဒီလိုမျိုးကြီး ဖြစ်နေတာဆိုတော့။ ဘယ်မှထွက်ဖို့ အဆင်မပြေဘူး။ အခုဆို လမ်းတောင်မပေါက်တော့ဘူး။ ဘယ်လမ်းမှ ထွက်လို့မရတော့ဘူး”

လက်ရှိ မြို့ပတ်လည်လည်မှာ စစ်ကောင်စီတပ်တွေပဲ ဆက်ရှိနေပြီး MNDAA နဲ့ပူးပေါင်းတပ်တွေ မြို့ထဲကို မဝင်နိုင်သေးဘဲ မြို့အဝင်ပတ်ပတ်လည်ရွာတွေမှာ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

ဇွန် ၂၉ ရက်နေ့က MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့တဲ့ လားရှိုးမြို့နဲ့ ၁၂ မိုင်အကွာ နမ့်ဟူးကျေးရွာနဲ့ နမ့်ပေါင်ကျေးရွာမှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်သိရဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ တိုက်ပွဲတွေရပ်တန့်ခဲ့ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကစပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့ပြီးနောက် မြို့ ငါးမြို့က ဒေသခံတစ်သောင်းကျော်ဟာ မန္တလေးနဲ့ ပြင်ဦးလွင်အပြင် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။