လက်ပံတောင်းဒေသမှာ စစ်ကောင်စီကျူးလွန်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
2023.09.20
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ ကြေးနီတူးဖော်ရေးလုပ်နေတဲ့ မြန်မာဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီပိုင် နယ်မြေတွေအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အခြေစိုက်တပ်စွဲပြီး အနီးအနားက ကျေးရွာ ၂၆ ရွာလုံးကို လှည့်ပတ်မီးရှို့တာ၊ မြေယာတွေသိမ်းဆည်းတာ၊ ဒေသခံတွေကို ပြန်ပေးဆွဲတာနဲ့ တရားလက်လွတ် ဥပဒေမဲ့လူသတ်တာတွေကို ပိုပြီး ကျုးလွန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဦးဆောင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြတာပါ။
စစ်ကောင်စီဟာ ဝမ်ပေါင်မှာစစ်အခြေစိုက်စခန်းလုပ်ပြီး အနီးနားက ရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ လက်ပံတောင်းဒေသခံ မဇင်မာက ပြောပါတယ်။
"တရုတ်ကနေ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိလုပ်ကိုင်စေလိုတယ်။ လက်ရှိမှာ စစ်ကောင်စီက မြန်မာယန်စီဝမ်ပေါင်ကုမ္ပဏီမှာ စစ်အခြေစိုက်စခန်း သဖွယ်ပြုနေသလို ကုမ္ပဏီက အပြည့်အဝပူးပေါင်းနေတာကို တွေ့မြင်နေရပါတယ်။ ကုမ္ပဏီအတွင်း အခြေချ နေတဲ့ စစ်ကောင်စီတွေကလည်း ဒီအနီးနားမှာရှိနေတဲ့ ကျေးရွာ ၂၆ ရွာအပြင် တခြားကျေးရွာတွေကိုလည်း မီးရှို့တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်ကျူးလွန်နေတာတွေ တွေ့မြင်နေရပါတယ်။ ဒီလုပ်ရပ် တွေ ဟာ စစ်ကောင်စီက ပြုလုပ်နေတာလို့ အကြောင်းပြပြီးတော့ သူတို့ရဲ့ ကုမ္ပဏီ အပြည့်အဝ လည်ပတ်နိုင်ဖို့ နောက်ကွယ်ကနေ ပူးပေါင်းဆောင်ရွက်နေတာ ထင်ရှားနေပါတယ်"
ကုမ္ပဏီတွေကလည်း စစ်ကောင်စီစစ်ကြောင်းတွေ တပ်စွဲအခြေစိုက်ခွင့်ပြုပြီး စစ်စခန်းတွေပြင်ဆင်ထားနိုင်ဖို့ အပြည့်အဝပူးပေါင်းပံ့ပိုးထားတာကို တွေ့မြင်နေရပါတယ်။ အဲဒီလိုပဲ ကုမ္ပဏီပိုင်စက်ရုံတွေ ပြန်လည်ပတ်စေဖို့ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်နေတာတွေကို သတင်းစာရှင်းလင်းပွဲမှာ သက်သေနဲ့တကွ ရှင်းလင်းတင်ပြသွားပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လူ့အခွင့်ရေးချိုးဖောက်တဲ့ တာဝန်မဲ့တဲ့လုပ်ရပ်တွေလုပ်နေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ လက်ပံတောင်းဒေသခံ ကိုလွမ်းသူက ပြောပါတယ်။
"စစ်တပ်ကိုအကြောင်းပြပြီး ဒါဟာကုမ္ပဏီက လုပ်တာမဟုတ်ပါဘူး။ စစ်ကောင်စီက လုပ်တာပါဆိုပြီးတော့မှ ပြောင်ပြောင်တင်းတင်းလိမ်လှည်နေတဲ့၊ နောက်ကွယ်ကနေ ကြိုးကိုင်ထောက်ပံ့ပေးနေတဲ့ ကိစ္စတွေက ကျွန်တော်တို့ သိသိသာသာ ပေါ်လွင်စေချင်တဲ့အရာလည်း ဖြစ်တယ်။”
အရင်က ဝမ်ပေါင်ကုမ္ပဏီဟာ တစ်ရက်ကို သတ္ထုတန် ၃၀၀ လောက်ထွက်ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင်ရရှိပါတယ်။ ယန်စီကုမ္ပဏီက တစ်ရက်တန် ၁၅၀ ထွက်ရှိပြီးတော့ တစ်ရက်ကို အမေရိကန်ဒေါ်လာ တစ်သန်း ဝင်ငွေရရှိပါတယ်။
ဒီကုမ္ပဏီတွေကရရှိတဲ့ ဝင်ငွေတွေကနေ စစ်ကောင်စီ လက်နက်ဝယ်ယူဖို့ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတယ်လို့ လက်ပံတောင်းဒေသခံ မဇင်မာက သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်ပြသွားပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီဝန်ထမ်းတွေအများစုက CDM လုပ်နေတာကြောင့် စက်ရုံတွေ မလည်ပတ်နိုင်ဖြစ်နေပေမဲ့ ကုမ္ပဏီဘက်ကတော့ စက်ရုံပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အရင်က တူးဖော်ရရှိထားတဲ့ ကြေးနီတွေကို သယ်ထုတ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးပေးတဲ့အနေနဲ့ ရွာတွေဘက်ကို စစ်ကြောင်းထိုးရှင်းလင်းပေးသလို ဝမ်ပေါင်ကုမ္ပဏီကလည်း ကုမ္ပဏီအကျိုးစီးပွားအတွက် စစ်ကောင်စီကို ကုမ္ပဏီပိုင်နယ်မြေအတွင်း အခြေစိုက်ခွင့်ပြုတာ၊ သွားလာရေးနဲ့ စားနပ်ရိက္ခာထောက်ပံ့ပြီး စီမံကိန်းနယ်မြေတိုးချဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီထဲက စစ်တပ်ဟာ အချိန်မရွေး စစ်ကြောင်းထွက်လာနိုင်တာကြောင့် အမြဲကြောက်လန့်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီအတွက် အများကြီးဒေါက်တိုင်အဖြစ်နေတာ၊ သူတို့က အမြဲတမ်း ဒီထဲမှာ တည်းခိုစရာ ပင်မ စခန်းလို ဖြစ်နေတာ၊ အဲဒီအတွက်ကြောင့် လက်ပံတောင်းဒေသတစ်ခုလုံး တော်တော်ကို ဒုက္ခရောက်နေတာ၊ ဒီကားလမ်းတစ်လျှောက်လုံး၊ နည်းနည်းဝေးနေရင်တော့ တော်သေးတာပေါ့၊ အန်တီတို့က ကပ်ရပ်ပဲ၊ အရှေ့ ဘက်ဆိုရင် အုတ်တံတိုင်းကျော်လိုက်တာနဲ့ အန်တီတို့ရွာ ရောက်နေပြီ၊ အဲလိုဆိုတော့ အန်တီတို့မှာ ညလည်း အေးဆေးမအိပ်ရ၊ နေ့လည်း ကောင်းကောင်းမနေရဘူး၊ အမြဲတမ်း နားစွင့်နေရတယ်၊ သေနတ်သံကြားရင် ကိုယ်အိမ်များ လက်နက်ကြီး ကျလာမလား၊ ကိုယ်များ ကျည်ဆန်မှန်မလား၊ အမြဲတမ်းကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ ရပ်တည်နေရတာ"
အခုလတ်တလောမှာ စီမံကိန်းတိုးချဲ့ဖို့အတွက် စီမံကိန်းဧရိယာနားက ဆည်တဲ၊ ဝက်မှေး၊ ဇီးတော၊ ကန်တော် စတဲ့ကျေးရွာတွေက ဒေသခံတွေကို အတင်းအဓမ္မပြောင်းရွေ့ခိုင်းပြီး ခြံစည်းရိုးခတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တရုတ်ကုမ္ပဏီတွေဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ ဆက်သွယ်လို့ မရသေးပါဘူး။
ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ပြည်သူလူထုကထောက်ခံတဲ့ အမျိုးညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ လက်ပံတောင်းဒေသခံတစ်ဦးဖြစ်တဲ့ ကိုလွမ်းသူ ကပြောပါတယ်။
"တရုတ်ကုမ္ပဏီတွေပေါ့နော် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက မြန်မာဦးပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ အကြမ်း ဖက်စစ်အုပ်စုကို နောက်ကွယ်ကနေ ကြိုးကိုင်ထောက်ပံ့ပြီးတော့ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ် နှိပ်စက် လူ့အခွင့်ရေးချိုးဖောက်နေတာတွေကို နိုင်ငံတကာမှာရှိတဲ့ မီဒီယာတွေ၊ ပြည်တွင်းမှာရှိတဲ့မီဒီယာတွေက တစ်ဆင့် ပြီးရင် နိုင်ငံတကာအစိုးရတွေ ကုလသမဂ္ဂအပါအဝင် အားလုံး သိရှိသွားပြီးတော့မှ အားလုံးဝိုင်းဝန်း ပြီးတော့ ဒေသခံပြည်သူလူထုအပေါ်မှာ ဖိနှိပ်ရက်စက်နေတဲ့ ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေကို ဟန်တားပြီး တော့မှ အကြမ်းဖက် စစ်အုပ်စုနဲ့မပူးပေါင်းဘဲ ပြည်သူလူထုနဲ့သဘောဆန္ဒ၊ ပြည်သူလူထုထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်"
၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကတည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ဒေသခံတွေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ပဋိပက္ခတွေ ပြင်းထန်ခဲ့တာပါ။
၂၀၂၁ ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဆားလင်းကြီးနဲ့ ယင်းမာပင်အရှေ့ခြမ်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာတဝိုက်မှာရှိတဲ့ ရွာတွေက နေအိမ်နှစ်ထောင်ဝန်းကျင်ကို မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ နှစ်စပိုင်းကစလို့ စစ်ကောင်စီတပ်တွေဟာ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို ဒေသခံရွာတွေကို စစ်ကြောင်းထိုးတာ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ မထင်ရင်မထင်သလို ပစ်ခတ်နေတာကြောင့် ပြည်သူတွေမှာ အမြဲလိုလို စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။