လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများလာ

RFA Burmese
2024.08.13
လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများလာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Telegram/ PSLF/TNLA News

စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့၊ ရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပိုများလာတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဇူလိုင်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်မတော် (MNDDA) က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ချိန်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေယာဉ်နဲ့ သွားရောက်ဗုံးကြဲတာတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။

လတ်တလော တိုက်ခိုက်မှုကတော့ ၁ဝ၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်တဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နမ့်ဆန်မြို့ကို ဩဂုတ်လ ၁၂ ရက်ညမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ပစ်တဲ့နေရာတိုင်းမှာ ပြည်သူလူထုအိမ်တွေပဲ ပျက်စီးတာပေါ့။ စစ်အချင်းချင်းနေရာမှာတော့ မထိဘဲနဲ့ ပြည်သူလူထုနေရာတွေမှာပဲ ပျက်စီးဆုံးရှုံးမှုတွေ ပိုများပါတယ်"

နမ့်ဆန်မြို့ပေါ်ကို ပေါင် ငါးရာဗုံး ခြောက်လုံး ကြဲချခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့ည ၁၁ နာရီခွဲကနေ ၁၂ နာရီ မထိုးခင် ကြားထဲမှာ ဗုံးလာကြဲတော့ သူက နမ့်ဆန် EPC ရုံးမှာ တစ်လုံး ပေါက်ကွဲသွားတော့ EPC ရုံးကတော့ အကုန်လုံးပျက်စီးသွားတယ်။ အဲဒီမှာရှိတဲ့ ထရန်စဖော်မာတွေကအစ အကုန်ပျက်စီးသွားတယ်။ နောက်တစ်ခုက နမ့်ဆန်ဒေသဦးစီးရုံးနားလေးမှာ တစ်လုံးကျတယ်။ ပြီး နောက်ထပ်ရုံး တစ်ခုမှာ ပြန်ကျတော့ အဲဒီမှာ လူတစ်ယောက်တော့ ပွဲချင်းပြီး ဆုံးသွားတယ်”

ဒါဟာ TNLA က ထိန်းချုပ်ပြီးနောက် တိုက်ပွဲတွေမရှိတော့တဲ့ နမ့်ဆန်မြို့ဟာ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။

အလားတူ TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကိုလည်း ဩဂုတ်လ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခြောက်ဦး သေဆုံးခဲ့သလို ဈေးဆိုင်ခန်း လေးရာကျော်နဲ့ နေအိမ် အဆောက်အအုံ တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် ကွတ်ခိုင်မြို့ကို TNLA က ထိန်းချုပ်ထားပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် မြို့ခံတချို့ နေရပ်စွန့်ခွာထွက်ပြေးနေကြတတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်သားတွေရှိတဲ့နေရာမှာက မကျဘူး။ အများပြည်သူတွေရှိတဲ့နေရာမှာ ချတယ်ဆိုတော့ သူတို့ အများပြည်သူ ဒုက္ခပေးချင်တဲ့သဘောလို့ပဲ မှတ်ယူတယ်။ ကွက်ခိုင်ပြည်သူတွေလည်း လေယာဉ်တွေ ပြန်လာမှာကို စိုးရိမ်ကြတယ်။ မနေ့ကပဲ တော်တော်များများ ထွက်ကုန်ကြပြီ”

ကွတ်ခိုင်ဒေသခံတွေအပြင် တိုက်ပွဲတွေကြောင့် လားရှိုးမြို့နယ်ကနေ ကွတ်ခိုင်မြို့ကို တိမ်းရှောင်လာတဲ့ ဒေသခံ ငါးရာခန့်လည်း တခြားနေရာတွေကို ထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သိန္နီ၊ ရခိုင်ပြည်နယ် မြောက်ဦး၊ ကချင်ပြည်နယ် လိုင်ဇာနဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွေမှာ ဇူလိုင်လ ၁ ရက်နေ့ ကနေ ဩဂုတ်လ ၁၂ ရက် မနေ့ကအထိ တစ်လကျော်အတွင်း လေကြောင်းကနေ အကြိမ် နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ မြို့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီး တိုက်ပွဲတွေမရှိတော့ဘဲ တည်ငြိမ်နေချိန် မှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အရေအတွက်ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား လေးဆယ်ထက် မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင်လအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နဲ့ လောက်ကိုင်မြို့တွေကို လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သိန္နီမြို့ခံတစ်ဦးကလည်း စစ်ကောင်စီတပ်က ပြည်သူလူထုရှိတဲ့နေရာတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ပြောပါတယ်။

“ပစ်တဲ့နေရာတိုင်းမှာ ပြည်သူလူထုအိမ်တွေပဲ ပျက်စီးတာပေါ့။ စစ်အချင်းချင်းနေရာမှာတော့ မထိဘဲနဲ့ ပြည်သူလူထုနေရာတွေမှာပဲ ပျက်စီးဆုံးရှုံးမှုတွေ ပိုများပါတယ်။ အဲဒါကြောင့် အခု လေယာဉ်လာချပြီး နောက်ပိုင်းတော့ ကျွန်တော်တို့ သိန္နီ မြို့ပေါ်မှာက ညဆိုရင် ကိုယ့်အိမ်ပေါ်မှာ အိပ်တဲ့လူတောင် မရှိဘူး”

မန္တလေးတိုင်းမှာလည်း ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဇူလိုင်လ ၁၇ ရက်နေ့ကတည်းက မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်မတော် (MDY-PDF) ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်ကို ဩဂုတ်လ ၄ ရက်နေ့ တစ်ရက်တည်းမှာ လေကြာင်းကနေ ဗုံးကြဲလို့ ဒေသခံ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY PDF)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY PDF)

စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပါ ပိုပြီး တိုက်ခိုက်လာတာကြောင့် စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စဥ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်ကတော့ ဖြစ်တဲ့နေရာလောက်ပဲ ချပြီးပြန်တာလေ။ အခုဟာကျတော့ ဘယ်နေရာကိုမှ မှန်းလို့မရတော့ဘူး။ မှန်းလို့မရတော့ဘူးဆိုတာ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ဒီတိုင်းလေယာဉ်နဲ့ လာလာကြဲတာ ခဏခဏပဲ။ နေရတာ ထမင်းလည်း ကောင်းကောင်းမစားရ၊ ရေလည်း ကောင်းကောင်းချိုးမရ။ အခုထိုင်ရမလို အခုထရမလို အဲလိုပေါ့ ဒုက္ခပိုရောက်နေတယ်။ ပြေးရတာပေါ့ ကိုယ့်နေရာကို မနေရဲတော့တာပေါ့”

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးပေးဖို့ဆိုပြီး မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ဩဂုတ်လ ၆ ရက်နေ့မှာ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အရပ်သားတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ သူတို့က စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ နောက်ပြည်သူလူထုရဲ့ စျေးတန်းတွေ၊ ဆိုင်တွေ ရွာတွေမှာပဲသူတို့က အစီအစဉ်ရှိရှိတဲ့ ဗုံးလာကြဲတာ။ ဒါကတော့ ပြည်သူလုထုကို နှိပ်စက်တာ၊ ပြည်သူလူထုကို သတ်ဖြတ်တာ ဒါက စစ်ရာဇဝတ်မှုဖြစ်ပါတယ်”

KIO ဌာနချုပ် လိုင်ဇာမြို့အနီးနဲ့ ဒေါ့ဖုန်းယန်မြို့ဘက်ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီတိုက်ခိုက်မှု တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို

ခုနစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁၄ ဦး အစုအပြုံလိုက်သေဆုံး

၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးပေးဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့တွေ ကြိုတင်ကာကွယ်ရေးတွေ လုပ်ကိုင်နေတယ်။ နိုင်ငံတကာကလည်း လေကြောင်းရန် ကာကွယ်ဖို့အတွက် ဆက်သွယ်ပစ္စည်းတွေ ကျွန်တော်တို့ကို ကူညီပေးလို့ရပါတယ်။ ကူညီပေးဖို့လည်း တောင်းဆိုနေပါတယ်။ ပြီးရင် နိုင်ငံတကာက စစ်အုပ်စုလက်ထဲကို လေယာဉ်ဆီတွေ သွားနေတဲ့ လမ်းကြောင်းတွေ ဖြတ်တောက်ဖို့အတွက် တောင်းဆိုချင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေကနေပြီးတော့ လေကြောင်းကနေ အရပ်သားပြည်သူ တိုက်ခိုက်တဲ့ဟာတွေကို ဖိအားပေးပြီးတော့ တောင်းဆိုဖို့အတွက် တောင်းဆိုချင်ပါတယ်”

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းကနေ အကြိမ်ရေ ၅၈၀၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်းက မြို့နယ် ၃၃၀ ထဲက ၁၄၇ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒါဟာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အရေအတွက်ရဲ့ ထက်ဝက်နီးပါးမှာ လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။