လွိုင်ကော်ထောင်မှာ ရိက္ခာနဲ့ ဆေးဝါးပြတ်နေကြောင်း အကျဉ်းသားများကွန်ရက် ပြော
2023.12.20
ကယားပြည်နယ် (ကရင်နီပြည်) မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဆို အချိန်တစ်လကျော် ရှိလာပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ နဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွေက နိုင်ငံရေးအကျဉ်းသား ၁၄၀ အပါအဝင် အကျဉ်းသား ငါးရာနီးပါးရှိတဲ့ လွိုင်ကော် အကျဉ်းထောင်အနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
"မော်တာတို့၊ ၁၂၀ (မမ)တို့၊ RPG တို့ ထောင်ထဲကျလာတာမျိုးတွေရှိတယ်။ ကျွန်တော်တို့က ထိရင်လည်း အဲဒီအထဲမှာပဲ အဆုံးသတ်ဖို့ရှိမှာပေါ့”
နှစ်ဖက်တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အကျဉ်းသားတွေဟာလည်း အကျဉ်းထောင်ထဲမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ ပြတ်လပ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“လွိုင်ကော်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ထောင်တွင်းကို ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အခုလက်ရှိ ရရှိထားတဲ့ သတင်းအရဆိုရင် အကျဉ်းထောင်ထဲမှာ ဆေးဝါးနဲ့ ရိက္ခာတွေ မရှိတော့ဘူး။ အဲဒါဆိုတော့ အကျဉ်းသားအားလုံးက အရေးပေါ် ဆေးကုသဖို့ရော၊ စားသောက်ဖို့ရော မရှိတော့ဘူး ဖြစ်နေတယ်ပေါ့နော်။ ဒါကတော့ အကျဉ်းထောင်ထဲမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်”
ပုံမှန်အားဖြင့်တော့ အကျဉ်းထောင်တွေမှာ စားနပ်ရိက္ခာ သုံးလစာ လုံလောက်အောင် ထားတယ်ဆိုပေမယ့် အခုလို နှစ်ဖက်တိုက်ပွဲတွေ လနဲ့ချီကြာလာတာနဲ့အမျှ ရိက္ခာလိုအပ်ချက်တွေပါ ရှိလာနေတာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း လွိုင်ကော်အကျဉ်းထောင်အနီးမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီအချိန်ကလည်း တိုက်ပွဲကိုအကြောင်းပြပြီး အကျဉ်းသားတွေ အခန်းထဲမှာ ပိတ်လှောင် ခံခဲ့ရတာကြောင့် ရိက္ခာအခက်အခဲကြုံခဲ့ရသလို အခုလည်း အကျဉ်းသားတွေဟာ အလားတူအခြေအနေမျိုးနဲ့ ကြုံတွေ့နေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ကို အခန်းထဲကို ပိတ်လှောင်ထားတယ်။ ပြီးရင် စားနပ်ရိက္ခာပိုင်းက လုံးဝလျော့နည်းသွားတယ်။ ဘယ်လောက်အထိဖြစ်လဲဆိုရင် ကျွန်တော်တို့ ဆားဆိုတဲ့အရာကိုမှ မနည်းကြိုးစားပြီးတော့ ရှာဖွေပြီးတော့ မျှဝေစားရတယ်။ အဲဒီအခြေအနေတွေ ရှိကြတယ်။ တိုက်ပိတ်ထားတယ်ဆိုတဲ့ အတွက်ပေါ့၊ လက်နက်ကြီးတွေ ကျရင်လည်း ကျွန်တော်တို့မှာ ရှောင်တိမ်းဖို့ အခွင့်အရေးမရှိဘူး။ ကျွန်တော်တို့ ရှိတဲ့အချိန်တုန်းက မော်တာတို့၊ ၁၂၀ (မမ)တို့၊ RPG တို့ ထောင်ထဲကျလာတာမျိုးတွေရှိတယ်။ ကျွန်တော်တို့က ထိရင်လည်း အဲဒီအထဲမှာပဲ အဆုံးသတ်ဖို့ရှိမှာပေါ့”
အခုလို တိုက်ပွဲပြင်းထန်နေတဲ့အချိန် အကျဉ်းထောင်ထဲမှာ ကျန်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။
ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက် နေ့တွေက လွိုင်ကော် အကျဉ်းထောင်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ လက်ရှိမှာ အကျဉ်းထောင်ကို သိမ်းပိုက်လို့ မရသေးပေမယ့် တိုက်ခိုက်မှုတွေကိုတော့ ယာယီရပ်နားထားတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မြို့ရဲ့ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း အကျဉ်းထောင်ကို လက်မလွှတ်ရရေးအတွက် အပြင်းအထန် ခုခံနေတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ (KMIC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က RFA ကို ပြောပါတယ်။
“အကျဉ်းထောင်ကို သူတို့ (စစ်တပ်) က ရအောင် ခုခံတယ်ဆိုတာက အကျဉ်းသားတွေကို အသုံးပြုပြီးတော့မှ ပူးပေါင်းတပ်တွေတိုက်ရင် ခက်ခဲအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုး လည်း ပါမှာပေါ့။ အဲဒါကြောင့်လည်း သူတို့ မရမက ခုခံကာကွယ်နေတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့။ လောလောဆယ်ကတော့ စစ်တပ်က ဝန်းရံထားတယ် အပြင်မှာဆိုတော့ စစ်တပ်ပဲ ကျွေးရမှာပေါ့။ ထောင်ဝင်စာ လာတွေ့တဲ့လူတွေလည်း ဘယ်လာတွေ့ရဲမလဲ။ ကျွေးတာပဲ စားရမှာပေါ့၊ မလောက်မငှ၊ ငတ်ပြတ်၊ မသေရုံတမယ်ပဲ စားရမှာပေါ့”
ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ အကျဉ်းထောင်ထဲမှာ ပိတ်မိနေတဲ့ အကျဉ်းသားတွေအနေနဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ အသက်ရှင်ပိုင်ခွင့် ရရမှာဖြစ်ပြီး ဒီအခြေအနေကို လက်နက်ကိုင်အဖွဲ့တွေ အားလုံးအနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ်လို့ RFA ကို ပြောပါတယ်။
“ရက်ကြာလာရင် ထောင်ကိုတိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲရှိနေသ၍ကတော့ စားနပ်ရိက္ခာတွေ၊ လောင်စာဆီတွေ သွင်းဖို့ခက်တယ်။ အဲဒါကြောင့် ချက်ပြုတ်ရေးမှာ အခက်အခဲရှိလာမယ်။ နောက် ဆေးဝါးတွေနဲ့ ကုသလို့မရဘူး။ နောက်အပြင် ထုတ်ပြီးမှ ကုလို့ရမယ့် အခြေအနေကိုလည်း လုပ်လို့ရမှာ မဟုတ်တော့ လူ့အခွင့်အရေး ဆုံးရှုံးသွားပြီလို့ ပြောလို့ရတယ်။ ထောင်ကနေ ရွှေ့ဖို့အတွက်ဖြစ်စေ၊ ကရင်နီတော်လှန်ရေး အင်အားစုတွေ ထောင်ကိုချဉ်းကပ်တဲ့ အချိန်မှာ အကျဉ်သားတွေကို စစ်အင်္ကျီအဝတ်အစားတွေ ပေးဝတ်တာတွေ၊ အရှေ့မှာ ကာတာတွေက မလုပ်နိုင်ဘူးလို့ ပြောလို့မရဘူး”
အကျဉ်းသားတွေကို တိုက်ပွဲတွေအတွင်းမှာ လူသားဒိုင်းအနေနဲ့ စစ်ကောင်စီတပ်က အသုံးပြုမှာကိုလည်း စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
လွိုင်ကော်မြို့အကျဉ်းထောင်က အကျဉ်းသားတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်ရုံးနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။