လွိုင်ကော်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်
2024.10.23
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းကို အဆောင်နေပုံစံမျိုးနဲ့ ပထမဆုံးကျောင်းအဖြစ် ပြန်ဖွင့်နေပြီလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) ရဲ့မြို့တော် လွိုင်ကော်မြို့မှာ လက်ရှိတိုက်ပွဲတွေ ငြိမ်နေပေမဲ့ စစ်ကောင်စီရဲ့ တပ်အင်အားတွေ အခိုင်အမာဖြည့်တင်းထားမှုကြောင့်ရော ပွင့်လင်းရာသီလည်း ရောက်လာတော့မှာကြောင့်ပါ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီး ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေချိန်မှာ အခုလို ပညာရေးဒီဂရီကောလိပ်ကို ပြန်ဖွင့်တာဖြစ်ပါတယ်။
"မင်းအောင်လှိုင် ကိုယ်၌ကိုက အပစ်ခံရတဲ့နေရာတွေမှာ အချိန်မရွေးတိုက်ပွဲဖြစ်တယ်၊ အချိန်မရွေး ဝင်စီးလို့ ရတဲ့နေရာပါ"
ဒီလိုအခြေအနေမှာ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ လုပ်တာဟာ စစ်ကောင်စီက နယ်မြေပြန်ထိန်းချုပ်နိုင်နေ ပြီလို့ ဝါဒဖြန့်ချင်ရုံသက်သက်ပဲလို့ ဒေသခံတွေကတော့ ဆိုကြပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်တုန်း ကျန်နေတဲ့ လူတချို့နဲ့ ပြန်ဝင်ရောက်နေထိုင်သူ အနည်းငယ်ပဲ ရှိတာကြောင့် ကျောင်းသွားတက်မယ့်လူလည်း မရှိဘူးလို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကလည်း ဆက်ဖြစ်လာမဲ့ အနေအထားရှိတော့ လူတွေ သိပ်ပြန်လာမနေကြဘူး။ နေတဲ့လူတွေကတော့ စစ်တပ်နဲ့ နီးစပ်တဲ့ အိမ်ထောင်စုတွေလောက်ပဲ နေကြတာများတာပေါ့။ တက္ကသိုလ်ဖွင့်တာကတော့ စစ်ကောင်စီက သူတို့နယ်မြေမှာ လုံခြုံပြီ၊ တိုက်ပွဲမရှိတော့ဘူးဆိုပြီး သူတို့နယ်မြေကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ ပုံစံမျိုး လုပ်ပြချင်တဲ့အနေနဲ့ပဲ ပြန်ဖွင့်ဖို့တော့ ရှိမှာပေါ့။ ဒါပေမဲ့ ဖွင့်မယ်ဆိုရင်လည်း တက်ရောက်မဲ့ ကျောင်းသူ၊ ကျောင်းသားတွေရှိလာမှာ မဟုတ်သလို ဟန်ပြလောက်ပဲ လုပ်နိုင်မဲ့အနေအထားရှိတယ်”
လာမဲ့ နိုဝင်ဘာလမှာတော့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ စက်မှုလက်မှု သိပ္ပံကျောင်းကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြောပါတယ်။
လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေးဘက်မှာရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေးနေရပ်ပြန်ခိုင်းသလို ဆရာ၊ ဆရာမတွေကို ဖိအားပေး ခေါ်ယူနေတာလည်း ရှိတယ်လို့ ဆိုကြပါတယ်။
လွိုင်ကော်မြို့မှာ နာနတ်တော၊ ဒေါဥခူ၊ ဘာဒို၊ ထေးငှါးလျား၊ နောင်ယား စတဲ့ ရပ်ကွက်တွေထဲကို လုံခြုံရေးအရ ဝင်ရောက်နေထိုင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော် နည်းပညာတက္ကသိုလ်ရှိတဲ့ မိုင်းလုံးရပ်ကွက်မှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုဖွင့်လိုက်တဲ့ လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းနားတစ်ဝိုက်မှာလည်း ပြန်လည်နေထိုင်တဲ့သူ လုံးဝမရှိဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“အဓိကက သူတို့ နယ်မြေစိုးမိုးမှုရှိပြီဆိုတာကို အောက်ခြေကလူတွေကို ကစားတာပါ။ အပေါ်ကလူတွေ ကောင်းကောင်းသိတယ်။ မင်းအောင်လှိုင်ကိုယ်၌ကိုက အပစ်ခံရတဲ့နေရာတွေမှာ အချိန်မရွေးတိုက်ပွဲဖြစ်တယ်၊ အချိန်မရွေး ဝင်စီးလို့ ရတဲ့နေရာပါ။ သေချာတာတစ်ခုကတော့ သူတို့ မလုံခြုံမှန်း ကောင်းကောင်းသိတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့တုန်းက လွိုင်ကော်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေချိန် KNDF က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဟာ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လာမဲ့ နိုဝင်ဘာလမှာတော့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ကရင်နီတပ်တွေ ထိန်းချုပ်
လွိုင်ကော်တိုက်ပွဲ တစ်လတွင်း နေအိမ် ခြောက်ဆယ်ကျော် မီးရှို့ခံရ
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးကို လွတ်ငြိမ်းခွင့်နဲ့ IEC ပြန်လွှတ်
လွိုင်ကော်မြို့ပေါ်မှာ ပြည်သူတွေနဲ့ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားတာကြောင့် တော်လှန်ရေးအင်အားစုတွေက စစ်တပ်ရှိရာကို တိုက်ခိုက်မယ်ဆိုရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကိုလည်း စိုးရိမ်နေကြပါတယ်။
“စစ်တပ်က တပ်စွဲရင် တက္ကသိုလ်မှာပဲ တပ်စွဲတာပေါ။ အဲဒီနေရာကိုပဲ ဝင်တိုက်တယ်။ တကယ့်တကယ် မြို့သိမ်းပွဲ ထပ်ဖြစ်မယ်ဆိုရင် တက္ကသိုလ်တည်ရှိတဲ့ နေရာမှာ စဖြစ်လာမဲ့ အနေအထားရှိမှာပေါ့။ စစ်တပ်က အထိုင်ချထားတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့”
အခုလို အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ စစ်ဇုန်ထဲကို ဒေသခံတွေကို ပြန်ခေါ်တာအပြင် ကျောင်းတွေကို ပြန်ဖွင့်ပြီး ဝန်ထမ်းတွေကို ဖိအားပေးအလုပ်ဆင်းခိုင်းတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ပြည်သူလူထုရဲ့ လုံခြုံရေးကို ထည့်မတွက်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
“လွိုင်ကော်မြို့လို နေရာမျိုးက တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတာ စစ်ကောင်စီဘက်ကတော့ ကြိုတွက်ထားပြီးသားပဲ။ ဒါပေမဲ့ ပြည်သူလူထုတွေကို ပြန်လာနေဖို့၊ သူတို့ရဲ့ ဝန်ထမ်းတွေပြန်လာနေဖို့ အတင်းဖိအားပေးတာတွေ၊ အတင်းခေါ်ယူနေတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက စစ်ဘက်မဟုတ်တဲ့ ၀န်ထမ်းတွေရော၊ ပြည်သူတွေရော၊ လူသားဒိုင်းပုံစံမျိုးဖြစ်အောင် ခေါ်ထားတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်။ ဒီပြည်သူတွေရဲ့ လုံခြုံရေးအန္တရာယ်ရှိနိုင်တယ်ဆိုတာ သိသိရက်နဲ့ ခေါ်ထားတာမျိုးပေါ့နော်”
မိုးရာသီမှာ တိုက်ပွဲတွေရပ်နားထားရပေမဲ့ ပွင့်လင်းရာသီရောက်လာရင် တိုက်ပွဲပြန်လည်ဖော်ဆောင်လေ့ရှိပြီး စစ်ကောင်စီဘက်လည်း ပွင့်လင်းရာသီမှာ ပိုပြီးစစ်ကြောင်းထိုးတာကြောင့် အဲဒီကာလထဲမှာ စစ်အရှိန်မြင့်တာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ ယန္တရားတွေ အပြည့်အဝ မလည်ပတ်နိုင်သေးသလို ပြည်သူတွေ အေးအေးလူလူ နေလို့ရတဲ့ အနေအထားမျိုးလည်း မရှိသေးတဲ့အတွက်ကြောင့် လုံခြုံရေးအသိရှိကြဖို့ကိုလည်း KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက သတိပေးပါတယ်။
ကျောင်းတက်ချင်တဲ့လူရှိရင်တောင် တိုက်ပွဲဖြစ်လာရင် စစ်တပ်က လုံခြုံရေးအာမခံချက်ပေးမှာ မဟုတ်ဘူးလို့ ဒေသခံတွေက ယူဆကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၊ နိုဝင်ဘာလတုန်းက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းနဲ့ မိသားစုတွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ပွဲထဲကနေ ကယ်ထုတ်ခဲ့ရပြီး ဘေးကင်းတဲ့ နေရာကို ပို့ဆောင်ပေးခဲ့ရတာပါ။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း လေးရာနှစ်ဆယ်နဲ့ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါးရှိနေပါတယ်။