မန္တလေးနဲ့နီးတဲ့ မတ္တရာကို စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်

RFA Burmese
2024.11.24
မန္တလေးနဲ့နီးတဲ့ မတ္တရာကို စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ (ယခင်ပုံဟောင်း)
Citizen Photo

မန္တလေးတိုင်း မတ္တရာမြို့အနောက်ခြမ်းမှာ အရင်က ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာတွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီအင်အား လေးရာခန့်ဟာ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ စစ်ကြောင်း လေးကြောင်းခွဲပြီး ရွာတွေထဲ ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကင်းထောက်ဒရုန်းတွေသုံးကာ ထောက်လှမ်းနေပြီး ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်နေတာလို့ ပြောကြပါတယ်။

“စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ရွာပေါင်း သုံးဆယ်က ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်”

ဒီမတ္တရာမြို့ဟာ မန္တလေးကို PDF တွေ ဝင်ရောက်ဖို့ စစ်ရေးအရ အချက်အခြာကျတဲ့မြို့ ဖြစ်တာကြောင့် စစ်ကောင်စီက အခုလို အပြင်းအထန် ပြန်တိုက်နေတာလို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“အဓိက မန္တလေးကိုကာဖို့ မတ္တရာကို ကာရေးသဘောမျိုးပေါ့။ မတ္တရာကို ဝင်မလုံးနိုင်ဖို့အရေး မတ္တရာကို အင်အားအလုံးအရင်းနဲ့ ကာတယ်လို့ပဲ ထင်တယ်။ မန္တလေးနဲ့ မတ္တရာပေါ့။ မတ္တရာကတော့ သူတို့ အရေးပါတာပေါ့။ မတ္တရာ ကျသွားတာနဲ့တစ်ပြိုင်နက် မန္တလေးကိုဝင်ဖို့ လွယ်လွယ်ကူကူ ဖြစ်သွားပြီလေ။ အဲဒီလိုဆိုတော့ သူတို့ မတ္တရာကို အဓိက ကာတဲ့သဘောပဲ”

စစ်ကောင်စီရဲ့ အပြင်းအထန်ထိုးစစ်ကြောင့် ဒေသခံတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ Voice of Mandalay အဖွဲ့ရဲ့ တာဝန်ခံကလည်း RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အခုထိုးစစ်မှာက သေဆုံးသူ များတယ်။ ရှစ်ဦးထက်မနည်းတော့ ရှိတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာရသူ‌ဆိုရင်လည်း များတယ်ပေါ့။ အဲဒီလောက်ထိ ပြောလို့ရပါတယ်။ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိသွားပြီပေါ့နော်။ အခု ကျွန်တော်တို့ မတ္တရာမြို့ရဲ့အနောက်ခြမ်းကို အင်အားအလုံးအရင်း စကစ (စစ်ကောင်စီတပ်) အထိုင်ချထားတဲ့နေရာတွေလည်း များလာပါပြီ၊ ဒီထိုးစစ်ကြောင့်ပေါ့”

ဒီထိုးစစ်ကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ဧရာဝတီမြစ်ဘေးက စစ်ဘေးဒုက္ခသည်တွေ ရှိနေတဲ့နေရာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံကြဲသွားတာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနားလေးမှာ တော်လှန်ရေးအင်အားစု ဘယ်သူမှ မရှိဘူးဗျာ၊ အဲဒီလိုဟာကြီးကို ကြဲသွားတာ။ ရွာတန်းရှည်ကျေးရွာနဲ့ စိန်ပန်းကျေးရွာကြားထဲမှာ၊ ဧရာဝတီမြစ်လယ်ကောင်ပေါ့။ သောင်ထွန်းနေတဲ့ ကျွန်လေးပေါ်မှာပေါ့။ အနောက်ဘက်ခြမ်းကျေးရွာတွေက အခုဟာက တစ်ကြောပေါ့၊ တစ်ကြောလုံး ပတ်မွှေနေတာပေါ့၊ အဲဒီ စစ်ကြောင်းက”

စစ်ကောင်စီတပ်ဟာ လေကြောင်းက ဗုံးကြဲတဲ့အပြင် နေအိမ်တွေကို မီးရှို့နေတယ်လို့လည်း သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မတ္တရာက PDF စခန်းတွေ စီးနင်းသိမ်းပိုက်ခံရ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာမှာ အရပ်သား ၁၂ ဦးသေဆုံး

မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေကြောင်း MDY-PDF ထုတ်ပြန်


အဲဒီနားက ရွာတွေဖြစ်တဲ့ သူဌေးကုန်း၊ ဟင်္သာကုန်း၊ မရိုးကုန်း၊ ထန်းခြောက်ပင်၊ ရွှေဘိုးကြီး၊ သမင်ခြံရွာနဲ့ ဆောက်ခြုံပေါက် စတဲ့ကျေးရွာ‌တွေ အပါအဝင် ရွာနှစ်ဆယ်ထက်မနည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း RFA ကို ပြောပါတယ်။

“သူတို့ဝင်တဲ့ရွာတိုင်းကတော့ တချို့ရွာက အိမ်တော်တော်များများ ရှို့တယ်၊ တချို့ရွာဆို အိမ်တစ်လုံး၊ နှစ်လုံး မီးရှို့တယ်။ သူတို့ဝင်တဲ့ရွာက ရှို့တာ များတယ်။ ကျွန်တော်တို့က ရွာစဥ် ရွာစဥ်တိုင်း ဆုတ်တာတောင် တစ်ရွာချင်း ဆုတ်တာ‌ဆိုတဲ့အခါကျတော့ တစ်ရွာ၀င် တစ်ရွာတော့ တိုက်ပွဲကတော့ ဖြစ်တာများတယ်။ ဖြစ်ပြီးမှ အင်အားများတော့ ကိုယ်က ဆုတ်ဆုတ်ပေးရတာ၊ အဲဒီအတိုင်းပါပဲ”

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ရွာပေါင်း သုံးဆယ်က ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး ဓာတ်ပုံ)
မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး ဓာတ်ပုံ)

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

မတ္တရာမြို့အနောက်ခြမ်းကို စစ်ကောင်စီက ပြန်သိမ်းပိုက်လိုက်ပေမဲ့ အရှေ့ခြမ်းကို PDF တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

အဲဒီအရှေ့ခြမ်းမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ Alpha ဘိလပ်မြေစက်ရုံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတွေကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY- PDF) က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။