မကွေးတိုင်းမှာ နှစ်လအတွင်း အရပ်သား ၂၇ ဦးသေဆုံးပြီး အဆောက်အအုံနှစ်ရာခန့် မီးရှို့ခံရ

RFA Burmese
2024.02.28
မကွေးတိုင်းမှာ နှစ်လအတွင်း အရပ်သား ၂၇ ဦးသေဆုံးပြီး အဆောက်အအုံနှစ်ရာခန့် မီးရှို့ခံရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ငါးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံထားရသည့် စန်းမြို့ရွာမှ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ တွေ့ရစဉ်။
Citizen Journalist

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ RFA က စုံစမ်းလေ့လာချက်အရ မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကြောင့် သေဆုံးတဲ့အရပ်သား ၂၇ ဦးရှိပြီး၊ အိမ်နဲ့ အဆောက်အအုံ နှစ်ရာဝန်းကျင် မီးရှို့ခံရပါတယ်။

"မြောက်ခင်ရန်းရွာက တော်တော်ဆိုးနေတယ်။ အနီးအနားပတ်ဝန်းကျင်က ရိက္ခာတွေယူတယ်။ တွေ့ရာလူကို ပစ်သတ်တယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား နှစ်ရာလောက်ဟာ သင်တောနဲ့ ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုးပြီး အရပ်သား ဆယ်ဦးကို သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဆယ်ယောလောက် သတ်ဖြတ်သွားတာပေါ့နော်။ ဒါတွေ ရှိတယ်။ မြောက်ခင်ရန်းရွာက တော်တော်ဆိုးနေတယ်။ အနီးအနားပတ်ဝန်းကျင်က ရိက္ခာတွေယူတယ်။ တွေ့ရာလူကို ပစ်သတ်တယ်။ သတ်ဖြတ်တယ်။ အင်အားအလုံးအရင်း လက်နက်အမြောက်အမြားနဲ့ သူတို့က စစ်ကြောင်း ထိုးနေတယ်ပေါ့နော်"

မြောက်ခင်ရန်းရွာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက PDF လူငယ်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ရွာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံထားရတဲ့ စန်းမြို့ရွာကို ဝင်ပြီး ကျန်နေတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ထပ်ပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကျန်တာကတော့ ဘုရားနဲ့ ဘုန်းကြီးကျောင်းပဲကျန်တယ်ဗျ။ ကျန်တာ ဘာမှမကျန်တော့ဘူးဗျ။ စာသင်ကျောင်းတွေ အားလုံးပြောင်သွားပြီဗျ။ ကျွန်တော်တို့ စာသင်ကျောင်းအဆောင်လေးတွေ နှစ်ဆောင်တွဲလည်း ပါတယ်ဗျ။ ဒါပြီး နဂိုတုန်းက ဆောက်လုပ်ထားခဲ့တဲ့ ရုံးတွေလည်းပါတယ်ဗျ"

ရေစကြိုမြို့နယ်က ကြူရွာကိုလည်း ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း အဖွဲ့တွေက မီးရှို့လို့ အိမ် ၁၅၀ လောက်ပျက်စီးခဲ့သလို လူနှစ်ဦး သေဆုံးရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"သူက အရင်က လေဖြတ်ထားတာဗျာ။ လေဖြတ်ထားတော့ကျတော့ စစ်ကြောင်းထိုးလာချိန် ရွာမီးရှို့ သွားတော့ သူ မီးထဲပါပြီး မီးစွဲပြီးသေသွားတာ။ သူတို့ပြန်သွားတော့ ငမြာကြီးက သုံးယောက် ဖမ်းသွား ပြီး တစ်ယောက်ကို အဲဒီနားတင် ပစ်သတ်ခဲ့တယ်လို့ ပြောတယ်ဗျ"

အဲဒီအချိန်က ကြူရွာနဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံ ၆၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး၊ အများစုကို ပြန်လွတ်ပေးခဲ့ပေမယ့် ကြူရွာက အမျိုးသားသုံးဦးကိုတော့ ပြန်မလွှတ်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျောက်ထုအမြောက်တပ်ကလည်း ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ် နေတာကြောင့် ဒီနှစ်လအတွင်းမှာ လူဦးရေ သုံးထောင်လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့မှ မီရှို့ခဲ့သည့် ရေစကြိုမြို့နယ် ကြူရွာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Yesagyo Township Info Committee)
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့မှ မီရှို့ခဲ့သည့် ရေစကြိုမြို့နယ် ကြူရွာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Yesagyo Township Info Committee)

အလားတူ ပခုက္ကူမြို့နယ်ထဲက ရေနံချက်ရွာကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက လက်နက်ကြီးလေးချက်ပစ်လို့ ကလေးတစ်ဦးနဲ့ သူ့အဘိုးအဘွားတွေ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပစ်တာကျ ဘွားအေနဲ့ မြေးတွေက ရေချိုးနေတာပေါ့ ကမ်းနားမှာ။ သူတို့ပစ်တာက ရွာလယ်ခေါင်ကို ပစ်တာထင်တယ်ဗျ။ ရွာလယ်ခေါင်မရောက်ဘဲနဲ့ ကမ်းနားကိုကျပြီးတော့ တစ်ယောက်ကတော့ ဆေးခန်းမှာ ပြန်ခေါ်လာပါပြီ"

သေဆုံးတဲ့သူတွေက ခုနစ်နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်နဲ့ အဘိုးအဘွားဖြစ်တဲ့ ဦးတင်ဝမ်းနဲ့ ဒေါ်ကုလားမတို့ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။

"စိတ်ကူးအရ အရက်သောက်ပြီးတော့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီးတော့မှ ဒီလို ပြစ်မှုမျိုးတွေ၊ လူမဆန်တဲ့ပြစ်မှုမျိုးတွေကို သူတို့ကျူးလွန်နေကြတာလို့ ကျွန်တော်တော့ ဒီအတိုင်းပဲ မြင်ပါတယ်။ ဒါဟာ တကယ်တမ်း ပြောရင် တော်တော်ကို ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုတွေ ဖြစ်ပါတယ်"

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါတိုင်း အဲဒီကိစ္စတွေကို သူ မသိကြောင်းနဲ့ ပြည်ထောင်စုအဆင့် ကသာ ထုတ်ပြန်လေ့ရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။