အစုအပြုံလိုက်သတ်ဖြတ်မှုတွေကနေ ကာကွယ်နိုင်အောင် ကြိုးစားနေကြောင်း NUG ပြော

RFA Burmese
2023.06.02
အစုအပြုံလိုက်သတ်ဖြတ်မှုတွေကနေ ကာကွယ်နိုင်အောင် ကြိုးစားနေကြောင်း NUG ပြော မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ်တွင် အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က သယ်ယူနေစဉ်။
Citizen Journalist

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကနေ ပြည်သူတွေအကာအကွယ်ရအောင် ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ဒီနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ လူငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၇ ကြိမ် ကျူးလွန်ခဲ့ပြီး လူ ၁၆၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

"သူတို့ရဲ့ မိသားစုဝင်တွေ ပြန်လာဦးမယ်လို့ မျှော်နေကြတဲ့ မိသားစုတွေ အများကြီးပဲနော်”

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော် ကို RFA က မေးမြန်းတဲ့အခါ သူက ပြောလိုက်တာပါ။

“ကာကွယ်မယ်။ ကာကွယ်ပေးမယ်။ ပြည်သူတွေကို ကြိုတင်သတိပေးမယ်။ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းမယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေက လုပ်နေတယ်။ တစ်ချိန်တည်းမှာပဲ ဒီစစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက်သတ်တဲ့ ပုဂ္ဂိုလ်တွေကို တရားစွဲ၊ တရားစီရင်ဖို့အတွက် စီစဉ်ဆောင်ရွက် နေတယ်ဆိုတာ ပြောကြားချင်ပါတယ်”

ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့အချိန်တွေ၊ လေကြောင်းသုံး တိုက်ခိုက်တဲ့အချိန်၊ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အချိန်နဲ့ သူတို့ကို ဆန့်ကျင်နေတဲ့ ဒေသတွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးတွေမှာ ကျူးလွန်ခဲ့တာလို့ ဉာဏ်လင်းသစ်အဖွဲ့က ဖော်ပြပါတယ်။

သေဆုံးရတဲ့သူအများစုက အရပ်သားတွေဖြစ်ပေမယ့် စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်တွေဆိုပြီး အကြောင်းပြတတ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ သုတသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။

“စစ်အုပ်စုကတော့ အမြဲတမ်း ဒီလိုသတ်ဖြတ်မှုတွေအကြောင်းကို သူတို့ မေးမြန်းတာ တွေ၊ ထုတ်ပြန်တာတွေလုပ်တဲ့အထဲမှာ ဒီလူတွေသည် အရပ်သားတွေ မဟုတ်ဘူး၊ တော်လှန်ရေးသမားတွေဖြစ်တယ်၊ ဒါကြောင့်မို့လို့ လေကြောင်းတိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေလုပ်တာဆိုတဲ့ ပုံစံမျိုး ဖြေကြားလေ့ရှိတယ်ပေါ့နော်၊ ဒါပေမဲ့ မည်သို့ပင်ဖြစ်စေ အများစုသည် အရပ်သားတွေဖြစ်တယ်ဆိုတာ သေချာတယ်”

ဒီအစီရင်ခံစာအတွက် RFA အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေ၊ နိုင်ငံတစ်ဝန်း မြို့နယ်အသီးသီးက ပြည်သူတွေရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါင်း ၄၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စာမျက်နှာပေါင်း ၁၃၀၀ ကျော်ကနေ စနစ်တကျ လေ့လာပြုစုထားတာလို့ ကိုမိုးထက်နေက ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကိုမေးကြည့်တော့ ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ ရရှိတဲ့အချက်အလက်တွေ မှန်ကန်မှုရှိမရှိဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။

“သာမန် ပုံမှန်စစ်တမ်းပြုစုတာတောင်မှ ဘယ်လိုနည်းစနစ်တွေ၊ ဘယ်လိုစည်းမျဉ်းတွေ ဒီအချက်အလက်က ဘယ်လောက်ခိုင်မာမှု ရှိ၊ မရှိဆိုတဲ့ဟာတွေပေါ်မှာ အများကြီးကြည့် ပြီး ဆုံးဖြတ်ရတာ။ အဲတော့ သူတို့ အဲအချက်အလက်ကို ဘယ်ကနေယူလဲ၊ ဘယ်လို စစ်တမ်းလုပ်လဲ၊ အဲဒီနည်းလမ်း အပေါ်မူတည်ပြီး ကျနော်တို့ အချက်အလက်ခိုင်မာမှု ရှိ၊ မရှိဆိုတာကို ဆုံးဖြတ်ဖို့ကလိုတယ်”

ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ဖြစ်ရပ် တွေထဲမှာ လေကြောင်းကနေတိုက်လို့ သေဆုံးတာ ၃၂ ရာခိုင်နှုန်းအထိရှိပြီး လူဦးရေ အရဆိုရင် ၅၀၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ယင်းမာပင်၊ ကလေး၊ ကန့်ဘလူ၊ ပဲခူးတိုင်းအရှေ့ခြမ်းက ကျောက်ကြီးမြို့နယ်၊ ကယားပြည်နယ် မိုဆိုရွာနဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တို့ ဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ်မှာ ၂၁၇ ဦး၊ ဖားကန့်မြို့နယ်မှာ ၈၃ ဦးနဲ့ ပဲခူးမြို့နယ်မှာ ၈၂ ဦး မိုဆိုရွာမှာ လူ ၅၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာဒေသခံတစ်ဦးကတော့ တချို့ရွာသားတွေက သေဆုံးသွားတဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ရုပ်အလောင်း ပြန်မရတာကြောင့် အဖြစ်မှန်ကို ဒီနေ့အထိ လက်မခံနိုင်ကြသေးဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ရဲ့ မိသားစုဝင်တွေ သေတာကို မယုံသေးဘူး။ မယုံသေးဘူးဆိုတာ ကျွန်တော်တို့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေထဲမှာကို သူတို့ရဲ့မိသားစုဝင်တွေ ပါသလား၊ မပါဘူးလား မြင်ချင်တာ။ အဲလိုမှ မမြင်ရသေးရင် သူတို့က သူတို့ရဲ့ မိသားစုဝင်တွေ ပြန်လာဦးမယ်လို့ မျှော်နေကြတဲ့ မိသားစုတွေ အများကြီးပဲနော်”

ဒီဖြစ်ရပ်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာကို လွယ်လွယ်နဲ့ ကုစားလို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့ကလည်း ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာ စစ်တပ် လက်နက်ကြီးကြောင့် တစ်ရက်တည်း တစ်နေရာတည်းမှာ လူ ၅၀ နီးပါး သေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်း ညောင်ပင်သာကျေးရွာတွင် စစ်တပ်မှ ဒေသခံများအား မီးရှို့သတ်ဖြတ်သွားသည်ကို ၂၀၂၃ ခုနှစ် မေလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်း ညောင်ပင်သာကျေးရွာတွင် စစ်တပ်မှ ဒေသခံများအား မီးရှို့သတ်ဖြတ်သွားသည်ကို ၂၀၂၃ ခုနှစ် မေလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့ ဒီကျူးလွန်မှုတွေဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် အစုအလိုက် အပြုံလိုက်ဖြစ်စေ၊ တစ်ယောက်ချင်းကိုဖြစ်စေ ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပြီးတော့မှ အဲဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ် ဖြစ်တဲ့အပြင် ရာဇဝတ်မှုမြောက်တယ်။ နောက်ပြီးတော့မှ နိုင်ငံတစ်ခုဖြစ်စေ၊ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကနေ သူရဲ့သက်ဆိုင်ရာ ဒေသမှာရှိနေတဲ့ လူတစ်ယောက်ချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရမယ်၊ လေးစားသမှုပြုရမယ်ဆိုတဲ့အပိုင်းကို ဒါပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာလည်း ရောက်ပါတယ်”

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်နေ့က ချမှတ်ထားပါတယ်။

အလားတူ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းမခံနိုင်သလို၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူလူထုကို ကာကွယ်ပေးရမယ်လို့ ၂၀၁၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။