မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာ မီးရှို့ခံရလို့ ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.09.09
မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာ မီးရှို့ခံရလို့ ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေး မီးရှို့ခံရသည့် မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အစပ် မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား စက်တင်ဘာလ ၈ ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြွေပုန်ကန်တောင်ရွာကို ဝင်ရောက် စီးနင်းခဲ့လို့ အရပ်သား တစ်ထောင်နီးပါး ထွက်ပြေးနေရပြီး နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ရှစ်ဆယ်လောက်ရှိတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီးနောက် ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မြွေပုန်ကုန်က ကျွန်တော်တို့က သုံးရွာရှိတာဗျ၊ အရှေ့ရွာ၊ အနောက်ရွာနဲ့ မြစ်အရှေ့ဘက် ကမ်းမှာ တစ်ရွာ၊ မြစ်အနောက်ဘက်ကမ်းမှာ တစ်ရွာနဲ့ တောင်ရွာ၊ မြောက်ရွာဆိုပြီး သုံးရွာရှိတာ။ အိမ်ခြေက ၂၃ လုံးပါသွားတယ်။ PDFတွေ နေတယ်ဆိုပြီး သတင်းရတော့ သူတို့သတင်းရတော့ အဲဒီဘက်ကို တက်သွားပြီးတော့ အဲဒီရွာကို ဝင်မွှေတာပေါ့။ PDFနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ တွေ့သွားတယ်လို့ ပြောတယ်ဗျ။ အဲဒီလိုတွေ့သွားတော့ အဲဒီနယ်မြေကို ဝင်စစ်ပြီး နေအိမ်တွေကို မီးရှို့သွားတာ"

ညနေ ၃ နာရီခွဲမှာ ရွာကနေ စစ်ကောင်စီတပ် ပြန်လည် ထွက်ခွာသွားပြီးနောက် ဒေသခံတချို့ ရွာထဲဝင်ရောက်ပြီး နေအိမ်တွေ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရွာက ပြန်ထွက်သွားပေမယ့် လုံခြုံမှု မရှိလို့ နေရပ်မပြန်နိုင်သေးဘူးလို့ မြွေပုန်ကန် ရွာဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီတစ်ခါတော့ တော်တော်ဝေးဝေးကို မပြေးစဖူးရွာတွေကိုပါ ထွက်ပြေးရတာ။ စစ်ကြောင်းက အုပ်လိုက်ကြီးဆိုတော့ ထွက်ပြေးရတာ။ ညှပ်ပူးညှပ်ပိတ်နဲ့ ညှပ်ထိုးတာ အခုစစ်ကြောင်းက။ ဘာအခက်အခဲရှိမလဲဆို ဆေးဝါး၊ စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေး အကုန်ခက်နေတာ။ လမ်းကလည်း မိုးရွာထားတော့ သွားရေးလာရေးက လုံးဝမှ လုပ်မရဘူးလေ။ တော်တော် ခဲရာခဲဆစ်ကို ထွက်ရတယ်။ ပြေးရတယ်"

ဧရာဝတီမြစ်ဘေးတစ်လျှောက်မှာ မိုးနေ့တိုင်း ရွာသွန်းနေတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အခုလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ အခက်အခဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရသည့် မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မီးရှို့ခံရသည့် မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြွေပုန်ကန်တောင်ရွာ အနီး မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ တောကြီးမြွေပွေး အဖွဲ့ခေါင်းဆောင် ဗိုလ်တီက RFA ကို ပြောပါတယ်။

"မြွေပုန်ကန်ရွာကို သွားပြီးရှို့တဲ့ စစ်ကြောင်းနဲ့ နေ့ချင်း ၁၁ နာရီလောက်မှာ စပြီးထိတွေ့တိုက်ပွဲ ဖြစ်တာပေါ့နော်။ တစ်နာရီလောက်ကြာတယ်။ သူတို့က ဆုတ်ပြီး သံခွံ (သင်္ဘော) ပေါ်ကို ပြေးတယ်။ ကျွန်တော်တို့ကလည်း နောက်ကနေ ပွဲလိုက်ဖျက်ရင်းနဲ့။ သံခွံပေါ် တန်းတက်ပြီး တစ်ခါတည်း အဲဒီရွာကို မီးရှို့တာပေါ့နော်။ သူတို့ချက်ချင်းကြီး ဆုတ်သွားပြီး ချက်ကြီးအဲဒီရွာကို မီးရှို့တာပေါ့။ တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့ အဲဒီရွာက မဝေးဘူးဆို ၁၀ မိုင်၊ ၁၅ မိုင်လောက် ဝေးသေးတယ်"

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

စက်တင်ဘာလ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

"လမ်းကလည်း မိုးရွာထားတော့ သွားရေးလာရေးက လုံးဝမှ လုပ်မရဘူးလေ။ တော်တော် ခဲရာခဲဆစ်ကို ထွက်ရတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မန္တလေးတိုင်းအတွင်း စစ်ဆင်ရေး နယ်မြေတိုးချဲ့ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေး တစ်လျှောက်မှာ လက်နက်ကိုင် လှုပ်ရှားမှုတွေရှိလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်ဒသမ ခြောက်သန်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့ကလည်း အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားတွေရဲ့ နေအိမ် ခုနစ် သောင်းခွဲနီးပါး (၇၄,၈၇၄ လုံး) မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။