ရွှေ့ပြောင်းကလေးတွေကို ပညာသင်ခွင့်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို

RFA Burmese
2024.12.03
ရွှေ့ပြောင်းကလေးတွေကို ပညာသင်ခွင့်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် စာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းကလေးများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Krueg Prachakul/BenarNews

ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေပညာသင်ယူခွင့်ကို ထောက်ပံ့ကူညီသင့်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောလိုက်တဲ့အကြောင်း RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ ဘနားသတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။

ထိုင်းလူ့အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကို အမုန်းတရားတွေ၊ လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေနဲ့ မရှုမြင်သင့်ပါဘူးလို့ ထိုင်းလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက် ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဆုန်ပုန် ဆရာကော (Sompong Srakaew) က ပြောပါတယ်။

“ထိုင်းကလေးငယ်တွေ တော်တော်များများတောင် ပညာမသင်နိုင်တဲ့အချိန်မှာ မြန်မာကလေးငယ်တွေရဲ့ ပညာရေးအတွက် ဘာလို့ လုပ်ပေးရမှာလဲလို့ အချို့က မေးကြပါတယ်။ ဒီလိုမေးတဲ့သူတွေဟာ ဒီပြဿနာ နှစ်မျိုးလုံးကို တစ်ပြိုင်နက် ဖြေရှင်းလို့ရတယ်ဆိုတဲ့အချက်ကို လျစ်လျူရှုပြီး အဆိုးမြင်နေကြတာ ဖြစ်ပါတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ မြန်မာနိုင်ငံတော်သီချင်း ဆိုနေကြတဲ့ ဗွီဒီယိုဖိုင်တစ်ဖိုင် ပြီးခဲ့တဲ့ ဇွန်လက ထိုင်းလူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားပြီး ထိုင်းနိုင်ငံသားတွေကြားမှာ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။



အဲဒီနောက် ဒီစာသင်ကျောင်းမှာသင်နေတဲ့ ဆရာတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်၊ အလုပ်လုပ် ခွင့်မရှိတဲ့အတွက် ဒီစာသင်ကျောင်းတွေဟာ တရားမဝင်ဘူးလို့ ထိုင်းအစိုးရကပြောပြီး စက်တင်ဘာလမှာတော့ မြန်မာကလေးတွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်း ခြောက်ကျောင်းကို ပိတ်သိမ်းလိုက်ပါတယ်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့လအထိ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၁ ဒဿမ ၃ သန်းရှိတယ်လို့သိရပါတယ်။

ထိုင်းဥပဒေအရ အစိုးရဆီမှာ မှတ်ပုံတင်မထားဘဲ စာသင်ကျောင်းတွေ ဖွင့်နေတာဟာ တရားမဝင်ပေမဲ့လည်း ထိုင်းနိုင်ငံရဲ့ ပညာရေးဥပဒေအရ၊ ဘယ်နိုင်ငံသားဖြစ်ဖြစ် အသက် ခုနစ်နှစ်နဲ့အထက် ကလေးအားလုံး တရားဝင်ပညာသင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

ကလေးတွေပညာမတတ်ရင် မတရားအမြတ်ထုတ်ခံရမယ်လို့ Foundation for Better Life of Children အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ တုန်ပယ်လ် ဘွာဆရီ (Tongpul Buasri) က ပြောပါတယ်။

“ဒီကလေးငယ်တွေ တစ်သီးတစ်ခြား ခွဲထုတ်ထားတဲ့ စခန်းတွေထဲမှာ ကြီးပြင်းလာပြီး၊ စာရေးစာဖတ် မတတ်ဘူးဆိုရင် မတရားအမြတ်ထုတ် ခံရနိုင်ပါတယ်။ ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် ပညာသင်ကြားခွင့်ရရင် သူတို့ဘဝတွေ ပိုပြီး တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်”


ဆက်နွှယ်သော သတင်းများ

ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း

CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း

ထိုင်းက မြန်မာစာသင်ကျောင်း ခြောက်ကျောင်း အပိတ်ခံရ


ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေကို ပညာသင်ပေးတာဟာ ထိုင်းနိုင်ငံအတွက်လည်း အကျိုးရှိတယ်လို့ ထိုင်းအမျိုးသားလူ့အခွင့်အရေး မဟာမင်းကြီး ဝါဆန် ပိုင်လီကလီ (Wasan Paileeklee) က ယုံကြည်ပါတယ်။

“ပညာသင်ခွင့်မရရင် ဒီကလေးတွေဟာ ရာဇဝတ်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ မတရား အလုပ်ခိုင်းစေမှုတွေနဲ့ မူးယစ်ဆေးပြဿနာတွေထဲမှာ ပါဝင်လာနိုင်ပါတယ်။ အဆုံးမှာတော့ ဒီပြဿနာတွေက ထိုင်းလူ့အဖွဲ့အစည်းတစ်ခုလုံးကို သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။ ပညာရေးဟာ လူ့ဂုဏ်သိက္ခာကို မြင့်တင်ပေးပြီး၊ မညီမျှမှုတွေကို လျော့ချပေးပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးရှိ စေမှာ ဖြစ်ပါတယ်”

မြန်မာရွှေ့ပြောင်းလုပ်သား ကိုရှောအေးက ထိုင်းအစိုးရဟာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပေမယ့် သူတို့လို ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို ပညာသင်ကြားခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စစ်ပွဲတွေအမြဲလိုလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကြောက်လို့ ထိုင်းနိုင်ငံကို ထွက်ပြေး လာတာပါ။ ကျွန်တော် ဒီမှာ အလုပ်လုပ်တာ ၁၅ နှစ်လောက်ရှိနေပါပြီ။ ကျွန်တော့် ကလေးကိုလဲ ဒီမှာပဲ မွေးတာပါ”

ကိုရှောအေးရဲ့ဇနီး မအိရွှေဝင်းကတော့ သူတို့ရဲ့ ကလေးတွေ ပညာသင်ကြားခွင့်ရမှ သူတို့ ဇနီးမောင်နှံလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝမျိုးမကြုံရမှာလို့ ပြောပါတယ်။

(RFA ရဲ့ ညီနောင်သတင်းဌာန Benar News ၏ သတင်းဆောင်းပါးအား ကိုရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။