စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာ
2023.05.04
စစ်ကောင်စီဟာ ဒီနှစ်ထဲမှာ လေကြောင်းကပိုတိုက်ခိုက်လာနေပြီး၊ အဲဒီ တိုက်ခိုက်တာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
အခုနှစ် ပထမလေးလအတွင်းမှာ ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသတွေမှာ လေကြောင်းကနေ တိုက်တာ ၃၇၉ ကြိမ်ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာဆိုရင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဝေဘူလရွာမှာ လေကြောင်းကနေတိုက်လို့ နှစ်နေရာစုစုပေါင်း အရပ်သား ၂၀၀ ကျော် သေဆုံးဒဏ်ရာခဲ့ရပါတယ်။
အရပ်သားတွေကို လေကြောင်းကနေတိုက်ခိုက်တာရပ်သင့်ပြီလို့ ပဇီကြီးရွာဖြစ်ရပ်မှာ မိသားစုဝင် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုနွေဦးက ပြောပါတယ်။
"အခုက ဆိုင်ကယ်ဖြတ်မောင်းသွားလို့ ဆိုင်ကယ်အသံက လေယာဉ်အသံနဲ့ တူနေရင်တောင် ထမင်းခွက်ပစ်ချပြီး ပုန်းနေရမှာလိုလို ဖြစ်နေတယ်။ လူတွေအကုန်လုံးက ကြောက်နေကြပြီ။ အသံလေးတစ်ခုခုကြားရင်တောင် တို့နားလားမသိဘူး၊ ပြေးဖို့လွှားဖို့ပဲ ရှာနေရတယ်။ လုပ်ကိုင်စားသောက်ဖို့ထက် အသက်ကိုလုနေရတဲ့အနေအထားပဲ၊ နာကျည်းမှုကတော့ ပြောစရာကို မရှိလောက်အောင်ပဲ အထွတ်အထိပ်ရောက်နေပြီ"
"အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် လေကြောင်းကနေသတ်ဖြတ်နေတာတားနိုင်ဖို့အတွက် စစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းမရောင်းဖို့ ကုလသမဂ္ဂကို တောင်းဆိုချင်ပါတယ်"
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့မှာလည်း ဧပြီ ၁၀ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် ပညာရေးဝန်ထမ်းတွေအပါအဝင် အရပ်သား ကိုးဦး သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေ မရောင်းဖို့ တောင်းဆိုတယ်လို့ ဝေဘူလမြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။
"စစ်ကောင်စီကို လေယာဉ်ဆီမဖြတ်တောက်နိုင်သရွေ့ ဒီလေကြောင်း တိုက်ခိုက်မှုတွေ က ဆက်ရှိနေမှာဖြစ်သလို အရပ်သားတွေလည်း ဆက်သေဆုံးနေမှာပါ။ လေကြောင်းကနေ ၁၀ မိနစ်ကျော်ပစ်ခတ်မှုက မြေပြင်က အရပ်သား ၁၀ ဦးကနေ ၁၀၀ အထိလည်း သေသွားနိုင်ပါတယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက် လေကြောင်းကနေသတ်ဖြတ်နေတာ တားနိုင်ဖို့အတွက် စစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းမရောင်းဖို့ ကုလသမဂ္ဂကို တောင်းဆိုချင်ပါတယ်"
ပဇီကြီးရွာအပေါ်လေကြောင်းကနေတိုက်တဲ့လုပ်ရပ်ကို အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) အဖြစ်ဆောင်ရွက်ခဲ့တယ်လို့ ဧပြီ ၁၃ ရက်နေ့က စစ်ကောင်စီပိုင် မြဝတီသတင်းစာကနေ ကြေညာခဲ့ပါတယ်။
ဒီစစ်ဆင်ရေးဟာ အရပ်သားတွေအပေါ်မှာ ကြမ်းတမ်းပြီး ရက်စက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်း တွေက စစ်ကောင်စီကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေအရ ပြည်တွင်းစစ်ပွဲတွေမှာ လေကြောင်းကနေ မတိုက်ရဘူးလို့ အတိအလင်း ပြဌာန်းထားသလို၊ လက်နက်ကိုင်ထားတဲ့ သူနဲ့ အရပ်သားကို မခွဲခြားဘဲ တိုက်ခိုက်တာ၊ အရပ်သားတွေရဲ့အိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးတာတွေကို မလုပ်ရဘူးလို့ တားမြစ် ထားပါတယ်။
ဒါကြောင့် ကျူးလွန်သူတွေကိုအရေးယူလို့ရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
"ပြည်တွင်းစစ်မှာ လေကြောင်းအားတွေကိုသုံးလို့မရဘူးပေါ့နော်။ ဒါကို သူတို့က ဗြောင်ကြီးကို ကျုးလွန်တာဖြစ်တယ်။ ဒါကိုသေချာလေ့လာရမှာက ဘယ်တပ်က လာကြဲတာလဲ၊ ဘယ်လေတပ်လဲ၊ ဆိုင်ရာတပ်တွေရဲ့ ဦးစီးဦးဆောင်လုပ်နေတဲ့ သူတွေရဲ့ နာမည်စာရင်းတွေ၊ ကိုယ်ပိုင်နံပါတ်တွေကို ယူပြီးတော့ သက်သေအထောက်အထား ရပြီဆိုရင် ဒီကေ့စ်ကို သီးသန့်ဖိုင်တစ်ခုနဲ့ တင်လို့ရပြီပေါ့"
စစ်ကောင်စီတပ်ရဲ့ လေကြာင်းရန်ကို တုံ့ပြန်ခုခံနိုင်မယ့်လက်နက်တွေမရှိပေမယ့် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကိုတော့ ပြည်သူတွေနဲ့အတူ လုပ်ဆောင်နိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFAကို ပြောပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ဘက်တော်သားအားလုံး၊ ပြည်သူအားလုံးပါဝင်တဲ့ အကြောင်းအရာ ကာကွယ်နိုင်ဖို့ဆိုတဲ့နည်းလမ်းတွေ၊ တိုက်လေယာဉ်ထားတဲ့ လေယာဉ်ကွင်းတွေ၊ အဲဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ပြီးတော့ လေယာဉ်ဆီတွေ ဘယ်လိုတားဆီးနိုင်မလဲ၊ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ ဆင်းသက်တဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုနှောင့်ယှက်ဖျက်ဆီးနိုင်မလဲ။ အဲဒီနည်းနာတွေကို အတတ်နိုင်ဆုံးလုပ်နိုင်ပါတယ်"
စစ်ကောင်စီရဲ့တပ်တွေဟာ မြေပြင်မှာအကျအဆုံးများလာလို့ ဝေဟင်ကနေ စစ်ဆင်ရေးလုပ်တာတွေဟာ သူ့အတွက်အားသာချက်အဖြစ် အသုံးချလာတာလို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ No Fly Zone ဆိုတဲ့ လေယာဉ်မပျံသန်းရတဲ့နေရာ မသတ်မှတ်နိုင် သေးသရွေ့ စစ်ကောင်စီက လေကြောင်းကို စည်းမဲ့ကမ်းမဲ့ ဆက်အသုံးပြုနေလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"တစ်နိုင်ငံတစ်နိုင်ငံဖြစ်ပွားတဲ့စစ်ပွဲမဟုတ်တော့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့က အကျပ်အတည်းရှိနေတယ်။ ဒီအကျပ်အတည်းအပေါ်အသုံးချပြီး စစ်ကောင်စီက ပြည်တွင်းစစ်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ရေ ရာနဲ့ချီ အသုံးပြုနေတာဖြစ်ပါတယ်"
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၇ဝ ရာခိုင်နှုန်းဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ့ရတယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ အများဆုံးတိုက်ခိုက်ခံနေရတယ်ဆိုတဲ့ ထောက်ပြဝေဖန်တာနဲ့ပတ်သက်လို့ရော၊ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး လုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်အရ အကြမ်းဖက်တွေနဲ့ အရပ်သားတွေကို ဘယ်လိုသတ်မှတ်ခွဲခြားလဲ ဆိုတာသိရဖို့ စစ်ကောင်စီပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ လေကြောင်းရန်နဲ့ပတ်သက်လို့ ပြည်သူကို ကြိုတင်အသိပေးတဲ့စနစ် တည်ဆောက်နေတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့အနေနဲ့ သတင်းထောက်လှမ်းပြီးတော့ လေကြောင်းရန်ကို ကြိုတင်အသိပေးတဲ့စနစ် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်။ လေကြောင်းကနေ တိုက်ခိုက်တဲ့အခါမှာ အသေအပျောက်နည်းဖို့အတွက် ပြည်သူတွေကို ကာကွယ်ရေး ပညာပေးဖို့အတွက် ဥပမာဆိုရင် ထိရောက်တဲ့ဗုံးခိုကျင်းတွေ တူးကြဖို့၊ လေကြောင်းကနေ လာတာနဲ့ သတင်းအမှားပဲဖြစ်ဖြစ် အမှန်ပဲဖြစ်ဖြစ် အကာအကွယ်ယူဖို့ အရေးကြီးတယ်"
ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ အသိပညာပေးလုပ်ငန်းတွေကို ပြည်သူတွေကြားမှာ တိုးမြှင့်လုပ်ဆောင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နှစ်နှစ်ပြည့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ကျပ်ငွေ ၅ ဒသမ ၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) အထိ စစ်ရေးအသုံးစားရိတ် သတ်မှတ်ခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ထက် ကျပ်ငွေ ၁ ဒသမ ၉ ထရီလီယံ တိုးမြှင့် သုံးစွဲထားတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ တစ်ဝန်းမှာ စစ်ရေးပဋိပက္ခတွေ ပိုတိုးလာမယ့် သဘောလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။