နှစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၀၀ ကျော်ကြောင်း သုတေသနအဖွဲ့ထုတ်ပြန်

RFA Burmese
2023.05.24
နှစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၀၀ ကျော်ကြောင်း သုတေသနအဖွဲ့ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းနှစ်နှစ်နဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၄၂၇) ကြိမ် လုပ်ခဲ့တာ လေ့လာတွေ့ရှိရတဲ့အတွက် ဒါဟာ နှစ်ရက်ကို တစ်ကြိမ်နှုန်း တိုက်ခိုက်ခဲ့တာလို့ ဉာဏ်လင်း သစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ တစ်နှစ်လုံးမှာ (၁၅၃) ကြိမ်တိုက်ခဲ့တာ တွေ့ရပြီး ၂၀၂၂ မှာ အကြိမ် (၈၂၀) အထိ တွေ့ရတဲ့အတွက် အာဏာသိမ်းပထမနှစ်ထက် ခြောက်ဆနီးပါး တိုးခဲ့သလို၊ အခု ၂၀၂၃ ပထမလေးလအတွင်းမှာ (၄၅၄) ကြိမ်အထိရှိခဲ့လို့ အာဏာသိမ်းဒုတိယနှစ်ထက် များနေတယ်လို့ မေလ ၂၂ ရက်နေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ ဖော်ပြထားတဲ့ အနည်းဆုံး တိုက်ခိုက်ခံရတဲ့ အကြိမ်အရေတွက်လို့ ပြောလို့ရပါတယ်။ ၁၄၀၀ ကျော်"

ဒီအချက်အလက်တွေအတွက် RFA အပါအဝင် သတင်းဌာနကြီးတွေနဲ့ သတင်းစာမျက်နှာ ၄၀ ကျော်၊ PDF အဖွဲ့ ၁၃၀၀ ကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ လေ့လာပြုစုထားတာလို့ ဉာဏ်လင်း သစ်အဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။

"အဓိကကတော့ Mainstream မီဒီယာတွေပေါ့။ Mainstream မီဒီယာဆိုတာ RFA တို့ VOA တို့ Myanmar Now တို့ပါတယ်။ နောက်ပြီးတော့ ဒေသအခြေစိုက်ထားတဲ့ Than Lwin Time ဆိုတာ ဒါမျိုးတွေပါတယ်။ အဲဒါမျိုး ၄၂ ခုကို ကျွန်တော်တို့ ကြည့်တယ် ပေါ့နော်။ နောက် တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင် Page တွေ အဲဒါမျိုး Page ပေါင်း ၁၃၀၀ ကျော်လောက်ကို ကျွန်တော်တို့ စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီး တော့မှ တိုက်ခိုက်တဲ့ ရက်၊ အကြိမ် အရေအတွက်ကို တွက်ယူလိုက်တယ်ပေါ့နော်။ ပြီးရင် သူတို့ ဒီသတင်းထုတ်ပြန်ချက်တွေ အင်တာဗျုးတွေမှာပါတဲ့ သူတို့ဖော်ပြတဲ့ အကြိမ်အရေအတွက်ကို တွက်ပါတယ်။ အဲဒါမျိုးတွေကျတော့ တစ်ကြိမ်တည်းပဲ မှတ်လိုက်တယ်ပေါ့လေ။ ဒါကျွန်တော်တို့ ဖော်ပြထားတဲ့ အနည်းဆုံး တိုက်ခိုက်ခံရတဲ့ အကြိမ်အရေတွက်လို့ ပြောလို့ရပါတယ်။ ၁၄၀၀ ကျော်"

အဲဒီအထဲမှာ ကရင်ပြည်နယ်က ပထမဆုံးအများဆုံး တိုက်ခိုက်ခံရပြီး၊ စစ်ကိုင်းက ဒုတိယအများဆုံး တိုက်ခိုက်ခံရတာ တွေ့ရတယ်လို့ ကိုမိုးထက်နေက ပြောပါတယ်။ လေကြောင်းကနေတိုက်လို့ လူသေဆုံးရတာဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာတာတွေ့ရတယ်လို့ ကိုမိုးထက်နေက ပြောပါတယ်။

"အရပ်သားက ပထမနှစ်မှာတင် ၇၄ ယောက်လောက် သေတယ်ပေါ့လေ။ အနိမ့်ဆုံးလို့ တွေ့ရတယ်။ ဒုတိယက ၂၀၂၂ မှာတော့ ၁၆၈ ယောက် သေပါတယ်။ နောက် ၂၀၂၃ ခုနှစ် လေးလပေါ့လေ ဧပြီထိကို အဲဒီမှာတော့ ၂၉၂ ယောက်တောင်မှ သွားတွေ့ရတယ် ပေါ့နော်"

လေကြောင်းကနေတိုက်တာ အကြိမ် ၁၄၀၀ ကျော်ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်ပြီးမဖြေဆိုပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိ ဟောင်းတွေဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေး အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ ဉာဏ်လင်း သစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသလို လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၄၂၇) ကြိမ် ရှိ၊ မရှိ ဆိုတာကို စိစစ်လေ့လာရဦးမယ်လို့ ပြောပါတယ်။

လေကြောင်းကနေတိုက်လို့ သေဆုံးမှုအများဆုံးထဲမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ၁၈၈ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကိစ္စအပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ၆၆ ဦး၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ၃၉ ဦး ဖြစ်ရပ်တွေ ပါဝင်နေတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ပဇီကြီးရွာက လူရာချီသေဆုံးမှု၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာက လူ ၆၀ ကျော် သေဆုံးမှုတို့အတွက် အရပ်သားတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ PDF တွေကို တိုက်ခိုက်တာလို့သာ ဖြေရှင်းထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ PDF တွေအပြင် လူစုလူဝေးရှိတဲ့ နေရာတွေကိုပါ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီထက်ပိုများပြား လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပထမဦးဆုံး လေကြောင်းကနေ တပ်တွေနေရာရွှေ့ပြောင်းတာ လုပ်လာပါတယ်။ နောက်ပိုင်းမှာတော့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်တယ်ဆိုပြီးတော့ PDF တွေရှိတယ်လို့ ယူဆတဲ့နေရာမှန်သမျှ တိုက်ခိုက်လာတာပါ။ အခု နောက်ဆုံးအဆင့် ကတော့ လူစုစုမြင်တဲ့နေရာမှန်သမျှ ဗုံးကြဲတိုက်ခိုက်တာ၊ လေကြောင်းထိုးစစ် လုပ်လာတာတွေ ရှိလာပါတယ်”

တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ ကတုတ်ကျင်းတူးတာနဲ့ လေကြောင်း အချက်ပြစနစ် တပ်ဆင်တဲ့နည်းလမ်းတွေအသုံးပြုပြီး အန္တရာယ်ကို ရှောင်ရှားသင့်တယ်လို့ ဦးသန်းစိုးနိုင်က အကြံပြု ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ စစ်ဆင်ရေးလုပ်ဆောင်တဲ့အခါ လေကြောင်းရန်ကို ကြိုတင်တွက်ဆပြီးမှ လုပ်ဆောင်နေသလို ခုခံနိုင်မယ့် လက်နက်တပ်ဆင်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

NUG အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုနည်းပါးအောင် လေကြောင်းရန် ကြိုတင်အသိပေးနိုင်မယ့်စနစ်ကို ဖော်ဆောင်နေပြီး ဗုံးခိုကျင်းတူးနိုင်ဖို့နဲ့ လေကြောင်းအန္တရာယ် ပညာပေးတွေ လုပ်ဆောင်နေတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးခိုကျင်းရှိတဲ့အိမ်တွေကို PDF နဲ့ ဆက်စပ်တဲ့သူတွေလို့ ယူဆတဲ့အတွက် ဒေသခံတွေကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဗုံးခိုကျင်းမတူးရဲတဲ့ အခြေအနေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ တိုက်ကြတယ်၊ ခိုက်ကြတယ်ဆိုရှိရင် လေကြောင်းအန္တရာယ်ကို ဘယ်လိုလုပ် ကာကွယ်လို့ရမလဲ။ စစ်ကြောင်း ထိုးလာတာနဲ့ တပြိုင်တည်း ကတုတ်ကျင်းတွေပါ ဖျက်ဆီးပစ်တာကို။ ပြည်သူလူထုက ကတုတ်ကျင်တူးတယ်ဆိုရင် စကစက‌နေ မယုံ သင်္ကာဖြစ်တာပဲ။ ကျွန်တော်တို့ ရိက္ခာပစ္စည်းဖွက်တယ်။ ရိက္ခာပစ္စည်း သိုလှောင်တယ်။ စားဝတ်နေရေး အခက်အခဲ အတွက်ကြောင့်မို့ဖြစ်တယ်။ တချို့တွေမှာလည်း (ဗုံးခိုကျင်း) တူးထားတာတွေရှိတယ်။ တချို့တွေကျတော့ ဗုံးခိုကျင်းတူးရမှာကို ကြောက်လာတာ။ ဗုံးခိုကျင်းတူးတဲ့ အိမ်ဆိုလို့ရှိရင် ဒါရန်သူသဖွယ်ပဲ သတ်မှတ် တော့တာကို”

လေကြောင်းတိုက်ခိုက်မှု များလာတာဟာ တော်လှန်ရေးအင်အားစုတွေ အကျပ်အတည်း ဖြစ်စေဖို့ ရည်ရွယ်တာလို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက သုံးသပ်ပါတယ်။

“သူတို့ လေကြောင်းက တိုက်ခိုက်တဲ့အခါမှာ ဒီဘက်က တုံ့ပြန်နိုင်မှုအားနည်းတဲ့အတွက် သူတို့မှာ ထိခိုက်ကျဆုံး နည်းတယ်ဆိုတဲ့ဟာမျိုးကို စဉ်းစားဟန်တူတယ်။ နောက်တစ်ခု ကတော့ ဖြတ်လေးဖြတ်ကိုပုံဖော်ဖို့ ကြိုးစားတာလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေတင် မဟုတ်ဘဲနဲ့ ဩဇာလွှမ်းမိုးတဲ့ နေရာတွေ၊ ကျေးရွာတွေပေါ့ ဒီဟာတွေကိုပါ တိုက်ခိုက်တာ တွေ့ရတယ်”

စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပျက်စီးသွားသည့် ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပျက်စီးသွားသည့် ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လေကြောင်းရန်နဲ့ ပတ်သက်လို့ ကြိုတင်အသိပေးနေတဲ့ Enemy Air Route အဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့၊ လေတပ်ရဲ့ လူသားအရင်းအမြစ်တွေ လျော့နည်းသွားအောင်လုပ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ကာကွယ်သင့်တယ်လို့ ပြောပါတယ်။

သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ စစ်ဆင်ရေးအရလိုအပ်လို့ လေကြောင်းသုံးတာပဲရှိတယ်လို့ ပြောပါတယ်။

“မြေပြင်စစ်ဆင်ရေးမှာ လိုအပ်တဲ့အပေါ်မူတည်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုကို သုံးစွဲနေတာ ရှိပါတယ်။ အဲဒါကို မြေပြင်ကအခြေအနေမကောင်းလို့ လေကြောင်း တိုက်ခိုက်မှု အမြဲတမ်းယူနေရတယ်ဆိုတဲ့ ကောက်ချက်မျိုးနဲ့က တကယ့် Logically (ယုတ္တိဗေဒအရ) ကတော့ နည်းနည်းတော့ ရယ်စရာဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ အမြင်မှာတော့ အဲဒီလိုရှိတာပေါ့”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာထဲမှာ စစ်ကောင်စီလေတပ်ဟာ စစ်သုံးလေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး၊ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး၊ အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုးနဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး တင်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ ရုရှားလုပ် Mi-35 ရဟတ်ယာဉ်အပြင် MiG-29 ၊ Yak-130 နဲ့ တရုတ်နိုင်ငံလုပ် K-8 ဂျက်တိုက်လေယာဉ်တွေ ပါဝင်ပြီး ဒီလေယာဉ်တွေကို အရပ်သားနေအိမ်နဲ့ အဆောက်အအုံ တွေ တိုက်ခိုက်ရာမှာ အသုံးပြုနေတယ်လို့ Tom Andrews က ဆိုထားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ဝယ်ယူခွင့်မရအောင် လုပ်ဆောင်ဖို့နဲ့ လေယာဉ်ဆီတွေဖြတ်တောက်ဖို့ နိုင်ငံတကာကို တောင်းဆိုထားကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။