လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း ခြောက်ဆယ်ကျော် သေဆုံး

RFA Burmese
2024.10.12
လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း ခြောက်ဆယ်ကျော် သေဆုံး တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။
Arkan Princess Media

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ သံဃာ‌တော်တွေနဲ့ သီလရှင်‌တွေ အပါအဝင် အရပ်သား ၆၂ ဦး သေဆုံးသွားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်ထဲမှာ ၂၉ ဦး၊ မန္တလေးတိုင်းမှာ ၁၃ ဦး၊ မကွေးတိုင်းမှာ ဆယ်ဦး၊ စစ်ကိုင်းတိုင်းမှာ ခုနစ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမှာ နှစ်ဦး၊ ချင်းပြည်နယ် ဖလမ်းမှာ တစ်ဦး စုစုပေါင်း အရပ်သား ၆၂ ဦး သေဆုံးပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းသုံးပါးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးသွားပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု အခုထက် များပြားလာနိုင်ပါတယ်”

ဒီတိုက်ခိုက်မှုကြောင့်ပဲ အရပ်သား ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဝေါစုအနီးအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ‌လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ မနက်ခင်း ရှစ်နာရီငါးဆယ်လောက်ကလည်း တံတားဦးတပ်က Mi 35 နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု လာလုပ်သွားတယ်ဗျ။ တုံကုန်း၊ သန်းကုန်းဘက်ကို လာပစ်သွားတယ်ဗျ။ အထိအခိုက်ကတော့ မရှိဘူးလို့ သိရတယ်။ တိုက်ပွဲကတော့ ဖြစ်တာမရှိသေးဘူး။ ဒါပေမဲ့ သူတို့ကတော့ တိုက်ပွဲမရှိလည်း အလကားသက်သက်ကြီး လာပစ်နေတယ်ဗျ”

လေကြောင်း ထပ်မံတိုက်ခိုက်မှာ စိုးရိမ်တာကြောင့် တုံကုန်းရွာ အပါအဝင် ရွာခြောက်ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

“မတ္တရာမြို့နယ်‌၊ ဝေါကျေးရွာကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အပြီးမှာတော့ လက်ရှိ စစ်ရှောင်ပြည်သူတွေကို နေရာရွှေ့တာ‌တို့၊ ဆေးကုသတာတွေ၊ လက်ရှိ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ကနဦးအနေနဲ့ ၁၂ ဦးလို့ သိရပါတယ်။ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဟာ စစ်‌ဆင်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘဲနဲ့ ပြည်သူကို ပစ်မှတ်ထားပြီးတော့ ပြောင်ပြောင်တင်းတင်း စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ပြောလို့ရပါတယ်ဗျ”

KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပင်လည်ဘူးမြို့မရဲစခန်းနှင့် နေအိမ်တချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပင်လည်ဘူးမြို့မရဲစခန်းနှင့် နေအိမ်တချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။

အလားတူ အောက်တိုဘာ ၈ ရက်နေ့ကလည်း ဒီပဲယင်းနဲ့ ရေဦးမြို့နယ်အစပ်က တင်းတိမ်ရံရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမဖြစ်တဲ့နေရာနားက အိမ်ပဲ၊ ၃၅ နှစ်ရှိတဲ့ မမွန်မွန်အောင် တစ်ယောက်ရယ်၊ ခြောက်လသားအရွယ် ကလေးတစ်ယောက်၊ နောက်ဘေးအိမ်က သုံးနှစ်-လေးနှစ်လောက်ရှိတဲ့ ကလေးတစ်ယောက်ရယ်၊ သုံးယောက် သေတယ်”

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေကို လေကြောင်းထိုးစစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။


ဆက်နွှယ်သောသတင်းများ

လေကြောင်းရန်ကြောင့် သီတင်းကျွတ်ကာလမှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး

လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရှစ်ရက်အတွင်း အရပ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း AAPP ပြော


ရခိုင်ပြည်နယ် ကျောက်တော်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၉ ဦး သေဆုံးသွားပါတယ်။

ဆုံးရှုံးတဲ့နယ်မြေတွေ ထပ်ပြီးဖြစ်မလာအောင် လေကြောင်းကနေ တိုက်ခိုက်နေတာလို့ အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။

“တန်ပြန်ထိုးစစ်မှာ ‌သူတို့ ဆုံးရှုံးပြီးသားနယ်မြေတွေကို ပြန်လည် သိမ်းပိုက်မယ်လို့သာ ကြွေးကြော်နေတာ။ မြေပြင်အင်အား မရှိတော့ဘူး။ ဆိုင်ထားရတာပေါ့နော်။ ဆုံးရှုံးပြီးနယ်မြေတွေကို ထပ်တိုက်မယ်ဆိုရင် သူတို့ အခုအခြေချထားတဲ့ အင်အားတွေကို ဆွဲထုတ်ရမယ်။ အဲဒါဆိုရင် အဲဒီနေရာ (ဆွဲထုတ်ထားတဲ့နေရာ) ကို တိုင်းရင်းသားတွေကရော၊ တော်လှန်ရေးအဖွဲ့တွေကပါ ဝင်သိမ်းလိမ့်မယ်။ အဲဒီတော့ ဆုံးရှုံးပြီးနယ်မြေတွေကို သူတို့ထပ်ပြီးတော့ ဖြစ်မလာအောင်ဘဲ လေကြောင်းကနေ နှောင့်ယှက်ပစ်ခတ် ဖျက်ဆီးတိုက်ခိုက်တဲ့ အနေအထားလို့ပဲ ပြောရမှာပါပဲ”

လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု အခုထက် များပြားလာနိုင်တယ်လို့ သူက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးနေမှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် မေကနေ သြဂုတ်အထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။