TNLA ထိန်းချုပ်ဒေသမှာ လေကြောင်းကြောင့် ဒေသခံ ၂၅ ဦးသေ၊ လေးဆယ်ကျော် ဒဏ်ရာရ
2024.11.18
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နောင်ချို၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့တွေမှာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၅ ဦး သေဆုံးပြီး လေးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လသားအရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့၊ အမှတ် (၄) ရပ်ကွက်က ရေထွက်ဦး ပန်းခြံဈေးနဲ့ ခရစ်ယာန် ဘုရားကျောင်းအနီးကို လာရောက်ဗုံးကြဲသွားတာလို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“နှစ်လသားအရွယ် ကလေးတစ်ယောက်ရယ်၊ သူ့အမေရယ်၊ သက်ကြီးရွယ်အို အဖွားတစ်ယောက်ရယ်၊ သုံးယောက် ပွဲချင်းပြီးသေဆုံးတယ်။ ဒဏ်ရာရတဲ့သူက ဆယ်ယောက်မှာ ခုနစ်ယောက်က တော်တော်လေး အခြေအနေမကောင်းဘူး ပြောတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတယ်။ သေဆုံး သုံးဦး ဆိုတာကလည်း အတည်ပြုလို့ မရသေးဘူး။ နောက်ထပ် ထပ်တိုးပြီး သေဆုံးသူရှိဖို့ များတယ်။ ဘာလို့လဲဆိုတော့ ပစ်ချတဲ့ဧရိယာက အတော်ကြီးတယ်၊ အတော်ကျယ်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေ ဆိုင်ခန်းတွေ ကားတွေ ကွဲထွက်သွားတယ်။ အိမ်ခြောက်အိမ်လောက်က ပြားထွက်သွားတာ။ လူဦးရေ သိပ်သည်းတဲ့နေရာပေါ့ လူနေထူထပ်တဲ့နေရာ”
ဒဏ်ရာရသူ ဆယ်ဦးထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ကျား၊ မ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီနေရာတစ်ဝိုက်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ TNLA တပ်ဖွဲ့တွေ ကူညီကယ်ဆယ်ရေး လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်အနေနဲ့ အခုနောက်ပိုင်း အရပ်သားတွေ နေထိုင်ရာကို လေကြောင်းသုံး တိုက်ခိုက်မှု ပိုလုပ်လာပါတယ်”
နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
နောင်ချိုမြို့နယ်မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့အတွင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး လန်းဆန်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဒေသခံ ၁၁ ဦး၊ လုံးစံကျေးရွာက ကလေးငယ် တစ်ဦး၊ ဈေးရပ်ကွက်က အမျိုးသား တစ်ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကိုးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်ကောင်စီတပ်အနေနဲ့ အခုနောက်ပိုင်း အရပ်သားတွေ နေထိုင်ရာကို လေကြောင်းသုံး တိုက်ခိုက်မှု ပိုလုပ်လာတယ်လို့ RFA ကို ပြောပါတယ်။
“ကွတ်ခိုင်မြို့မှာ ဒီနေ့မနက်ကလည်း ဗုံးကြဲတိုက်ခိုက်တယ်။ ၁၂ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး ၄၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ နေအိမ်ကတော့ သုံးဆယ်ကျော် ပျက်စီးသွားပါတယ်။ တစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီတစ်လောအတွင်းမှာ စစ်ကောင်စီက ဒီအရပ်သားတွေ အများအပြားတည်ရှိရာ ဆိုင်လိုမျိုး အဆောက်အအုံလို နေရာမျိုးကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်”
ကွတ်ခိုင်ဒေသခံ တစ်ဦးကတော့ ဗုံးခိုကျင်း တူးထားပေမဲ့ စိတ်လုံခြုံမှု မရှိဘူးလို့ RFA ကို ပြောပါတယ်။
“ဗုံးခိုကျင်းတော့ တူးထားတယ်ပေါ့။ လေယာဥ်သံ ကြားတာနဲ့ ဗုံးခိုကျင်းထဲကို ကုတင်ပေါ်ကနေ ငုတ်တုတ်ထထိုင်တုန်း ရှိသေးတယ်၊ ကြဲပြီးသွားပြီတဲ့။ အဲဒီလိုမျိုးဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ် စိတ်လုံခြုံမှုရှိမှာလဲ။ ကျွန်တော်တို့က ဘယ်လောက်ပဲ ကာကွယ်ထား ကာကွယ်ထား သူတို့လုပ်နေတာကြီးက ကျွန်တော်တို့ ပြည်သူတွေကို သက်သက်မဲ့ လုပ်နေတာက ကျွန်တော်တို့အနေနဲ့ စိတ်လုံခြုံမှု မရှိဘူးဗျာ အဲဒါပဲ”
လေကြောင်း တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ စစ်တပ်ဘက်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။
“သူက အရပ်သားပစ်မှတ်ကိုတော့ ရွေးတော့ မလုပ်ဘူးပေါ့နော်။ တစ်ခုရှိတာက စစ်ပွဲမှာတော့ မလွှဲမရှောင်သာတော့ ထိခိုက်ခံစားရမှုတွေကတော့ တွေ့ရတာပေါ့။ ရန်သူရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ဆိုတာက တော်တော်ခက်တယ်လေ။ အခုက လေကြောင်းအရေးသာမှုကို ရှိတဲ့ဘက်က အသုံးချမှာပေါ့လေနော်၊ ဒီလိုပဲမြင်တယ်။ အရပ်သား အဲဒီလောက်ကြီး ထိခိုက်သေကြေသွားအောင်တော့ မလုပ်ဘူး။ အဲဒီလောက်ကြီး အရပ်သား ထိခိုက်သေကြေသွားတာတော့ မရှိဘူး”
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၂ မြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။
အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော်၊ လောက်ကိုင် အပါအဝင် ရှမ်းမြောက်ဒေသ မြို့ပေါင်းကိုးမြို့ကို MNDAA က သိမ်းပိုက်ထားပါတယ်။
UWSA “ဝ” တပ်ဖွဲ့ကတော့ ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့တွေကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးစနစ်တွေ အကောင်အထည်ဖော်နေပါတယ်။
စစ်ကောင်စီတပ်ကလည်း သိမ်းပိုက်ခံရတဲ့မြို့တွေ ပြန်လည်ရရှိဖို့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာနဲ့ စစ်ကောင်စီနဲ့ SSPP တပ်ဖွဲ့ ပူးတွဲထိန်းချုပ်ရာ မိုင်းရယ်မြို့ကနေ ပြန်လည်ထိုးစစ်ဆင်ဖို့ နိုဝင်ဘာလဆန်းပိုင်းကတည်းက စစ်အင်အားတွေ ပိုမိုဖြည့်တင်းနေတာပါ။
ဆက်နွှယ်သောသတင်းများ
မြို့တွေကို တော်လှန်ရေးတပ်တွေသိမ်းနိုင်ပေမဲ့ ပြည်သူတွေ အိမ်ပြန်ဖို့ခက်နေဆဲ
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာ
ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု မတွေ့ရသေးကြောင်း မြောက်ပိုင်းအဖွဲ့ တုံ့ပြန်
ဒါ့အပြင် ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းကနေလည်း အင်အား နှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် TNLA အပါအဝင် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်နေပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီတပ်အနေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထိန်းချုပ်ရာဒေသမှာ စစ်ရေးပြင်ဆင်ခွင့်မရအောင် အခုလို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲနေတာလို့ RFA ကို ပြောပါတယ်။
“သူ့ရဲ့ ရည်ရွယ်ချက်က တောင်ခမ်းမှာလည်း လက်ရှိ စစ်ပွဲအနေအထားက ပြင်းထန်နေသေးသလို လားရှိုးကိုလည်း မိုင်းရယ်နဲ့ တန့်ယန်းဘက်ကနေ ထိုးဖောက်ဖို့ ဝင်ရောက်လာဖို့ သူ ကြိုးစားနေတာ ရှိတယ်။ အဲဒီတော့ ကိုးကန့်တပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့ကို စစ်ရေးပြင်ဆင်ခွင့်တွေမရအောင် နောက်ပိုင်းမလုံအောင် လုပ်လာတဲ့အနေအထားလို့ မြင်ပါတယ်ခင်ဗျ ဟုတ်ကဲ့”
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၆ ရက်နေ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ခုနစ်ထောင်ကျော် (၇၃၈၃ ကြိမ်) ရှိခဲ့ပြီး အရပ်သား နှစ်ထောင်ကျော် (၂၀၇၁ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။