ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ
2025.01.19

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ဘောမိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေ ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေပါတယ်။ ဒါကြောင့် ကျေးရွာ သုံးရွာက အိမ်လေးရာလောက် မီးလောင်ပျက်စီးသွားပြီး သေဆုံးတဲ့သူတွေရှိသလို ဒေသခံ တစ်သောင်းခန့်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ဆက်ဖြစ်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အင်အားအစုံနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဘောမိကျေးရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်တပ်က လေယာဉ်နဲ့ပစ်၊ ရေတပ်ကနေ စစ်သင်္ဘောကနေ အမြောက်တွေနဲ့၊ လက်နက်ကြီးတွေနဲ့လှမ်းပစ်၊ ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်၊ ပြီးတော့ လေယာဉ်နဲ့သုံးတာက တစ်ရက်တည်းလည်း မဟုတ်ဘူး၊ နှစ်ရက်လည်း မဟုတ်ဘူး။ တောက်လျှောက်ကို လေယာဉ်နဲ့ လာပစ်နေတာ။ ဗုံးချလိုက်၊ ပစ်လိုက်။ ဘောမိ အဖျားတွေကို လေယာဉ်နဲ့ လိုက်ပြီးဗုံးကြဲတယ်။ ဘောမိတစ်ရွာတည်းတင် မကဘူး၊ ဂျိုင်လယ်တို့၊ မန်းကျည်းဇင်ရွာတို့ကတော့ မီးလောင်လို့ ကုန်သွားပြီ။ ဘုန်းကြီးကျောင်းတွေရော၊ စာသင်ကျောင်းတွေရော၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ တချို့ သေတဲ့သူတွေရှိတယ်"
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ဇန်နဝါရီလ ၉ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်တာပါ။ အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်တဲ့အတွက် အခုလိုတိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ့ရဲ့ထိုးစစ်တွေကြောင့် ဘောမိရွာမှာ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေလည်း သဘော့ကန်ဘက်နဲ့ ရွှေသောင်ယံမြို့ဘက်ကို တပ်ဆုပ်ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တခြား ပြည်နယ်နဲ့ တိုင်းတွေထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေထက် ပိုပြီး ပြင်းထန်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကတော့ ရခိုင်နဲ့ ဆက်စပ်နေတဲ့နေရာလည်း ဖြစ်တယ်။ ရေကြောင်းအပါအဝင် ကြည်း၊ ရေ၊ လေတပ်နဲ့ အင်တိုက်အားတိုက်ကို သုံးနေတာလည်း တွေ့ရတယ်။ အမြဲတမ်းလို ပစ်တယ်၊ ညတွေဆိုလည်း ပစ်တယ်။ ဘယ်ပစ်မှတ်တွေကို ပစ်တယ်၊ ထိချင်ရာထိဆိုပြီး ပစ်နေတာမျိုးတွေလည်း တွေ့ရတယ်။ အခြေအနေမကောင်းတော့ဘူး၊ ဆုတ်ရတော့မယ်ဆိုကတည်းက ပြာချဖို့အထိ အဲလိုပုံစံမျိုးနဲ့ ပစ်ခတ်နေတာမျိုးလည်း တွေ့ရတယ်"
ဘောမိကျေးရွာဟာ ဂွမြို့နဲ့ ထိစပ်နေပေမဲ့ ဧရာ၀တီတိုင်းအတွက် စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
"ဘောမိကတော့ သူက အပေါ်ကို ဂွနဲ့အစပ်ပေါ့၊ အဲဒီမှာ ရခိုင်တွေရှိတယ်၊ အဲဒီတော့သဘောက ပင်လယ်ဘေးပဲဆိုတော့ နောက်တစ်ခုက တစ်ဆက်တည်းပဲဖြစ်နေတယ်လေ၊ ဂွဘက်နဲ့လေ။ အဲဒါရတာနဲ့ ဧရာဝတီတိုင်းထဲကို ဝင်နိုင်တယ်လို့ဆိုတဲ့ သဘောမျိုးတော့ မရှိပါဘူး"
ဆက်နွှယ်သောသတင်းများ
AA စစ်ဆင်ရေးကြောင့် ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ် အင်အားတိုးမြှင့်ထား
တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
ရခိုင်နဲ့ ထိစပ်တဲ့ တိုင်းတွေအထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း ဒေသခံတွေပြော
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရာနဲ့ချီ သေဆုံးထိခိုက်တာတွေရှိနေပြီး အဲဒီရွာကိုလည်း AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၈ ရက်နေ့က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်က ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်အထိ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒါကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်စာရင်းတွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိ စစ်ဆေးရေးဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။