ပြည်တွင်းစစ်အတွင်း စစ်ခေါင်းဆောင်ရဲ့ဆုတံဆိပ်များ
2023.03.08
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်သလို သူ့ဇနီးဖြစ်တဲ့ ဒေါ်ကြူကြူလှကိုလည်း ဂုဏ်ပြုဘွဲ့တံဆိပ် ချီးမြှင့်လိုက်တာကို လူထုကြားမှာ ဝေဖန်ပြောဆိုသံတွေညံခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အကြောင်းပြ အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ နိုင်ငံတော်ဘွဲ့တံဆိပ်တွေချီးမြှင့်နေရာမှာ သူ့ကိုယ်သူလည်း “သတိုးသီရိသုဓမ္မ” နဲ့ “သတိုးမဟာ သရေစည်သူ“ ဆိုပြီး ဘွဲ့နှစ်ခု ပြန်ပေးထားပါတယ်။
"သူတို့ စစ်သားတွေ ကိုယ်တိုင်က စစ်တပ်က စွန့်ခွာကြ၊ ရင်ဆိုင်ပြောလာကြချိန်မှာ၊ သူတို့ဟာ အသိအမှတ်ပြုမှုကိုလိုက်ရှာကြတယ်။ ဘယ်လိုရှာလဲဆိုတော့ ဘယ်သူမှမပေးတော့ ကိုယ့်ဟာကိုယ်ပေးကြတယ်"
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ဇနီး ဒေါ်ကြူကြူလှတင်မက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်၊ ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးရဲ့ဇနီး ဒေါ်မြမြစန်း၊ သမ္မတနဲ့ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ဝင်း၊ စစ်ကောင်စီ ဒု-သမ္မတဦးမြင့်ဆွေ ရဲ့ဇနီး ဒေါ်ခင်သက်ဌေး၊ ကွယ်လွန်ပြီးပြီဖြစ်တဲ့ နအဖ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း ရဲ့ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒု-သမ္မတဟောင်း စိုင်းမောက်ခမ်းရဲ့ဇနီး ဒေါ်နန်းရွှေမှုံတို့ကိုလည်း ဘွဲ့ပေးအပ်ခဲ့တာပါ။
ဒီထဲမှာ ဦးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်နဲ့ ဦးမောင်အေးရဲ့ဇနီး ဒေါ်မြမြစန်းတို့ပါနေတာကို ကြည့်ရင် လက်ရှိစစ်ခေါင်းဆောင်ဟာ သူတို့လက်အောက်မှာပဲ ရှိနေသေးတာတွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦးဖြစ်တဲ့ ကိုသိန်းအောင်မြင့်ကပြောပါတယ်။
"သူ့မိန်းမသူ ဘွဲ့ပေးတာတော့ ထူးဆန်းနေတာ။ ၈၈ မှာပါခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကိုလည်း ပါတာ သတိပြုမိတယ် ဘာရည်ရွယ်ချက်နဲ့ပေးလဲ နားမလည်ဘူး။ သူ့မိန်းမကို ပေးလိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့ အာဏာသိမ်းတယ်ပဲ ပြောပြော ထိန်းတယ်ပဲပြောပြော၊ လက်ရှိစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ လက်အောက်မှာ ရှိနေတုန်းပဲလို့ မြင်တယ်"
သူကိုယ်တိုင်လည်းဆုယူ၊ သူ့ဇနီးကိုလည်း ဆုပေးသလို နိုင်ငံရေးနဲ့ အနုပညာလောကက ကွယ်လွန်ပြီးသားပုဂ္ဂိုလ်တွေအပါအဝင် လူပေါင်း ရာနဲ့ချီကိုလည်း ဘွဲ့တံဆိပ်တွေ ဆက်တိုက်ပေးခဲ့ပါတယ်။ အဲဒီလူတွေထဲမှာ ဗုဒ္ဓဘာသာအစွန်းရောက်သမားအဖြစ် နိုင်ငံတကာက ပြောဆိုဝေဖန်တာခံနေရတဲ့ ဦးဝီရသူလည်း ဆုချီးမြှင့်ခံရပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်က .... "စစ်အာဏာရှင်တွေရဲ့ လုပ်နေကျထုံးစံပါပဲ။ စစ်အာဏာရှင်တွေအပေါ် ကောင်းမှုပြုသူတွေကို ထိုက်တန်စွာ ချီးမြှင့်တယ်ဆိုတာက သူတို့ရဲ့ ဆွဲဆောင်စည်းရုံးမှု သဏ္ဍာန်ပေါ့။ နောက်တစ်ခုကတော့ ကြားလူတွေကို တစ်ဖက် ပါမသွားဖို့ စည်းရုံးထားဖို့ လိုတယ်ဆိုပြီး ဂုဏ်ထူးတွေ ချီးမြှင့်ပြီး သူတို့အသိုင်းအဝိုင်းထဲ သွင်းထားလိုက်တာ" လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီအမျိုးသမီးတွေဟာ သာသနာတော်တိုးတက်အောင် လုပ်နေသူတွေ ဖြစ်တာကြောင့် ဘွဲ့ပေးအပ်တာလို့ ဖော်ပြပါရှိပါတယ်။
ကိုသိန်းအောင်မြင့်ကတော့ .... "၈၈ နောက်ပိုင်းကို ပြန်ကြည့်ရင် ၂ဝဝ၇ မှာလည်း သာသနာတော်တွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တယ်။ ၂ဝ၁၂ လက်ပံတောင်းမှာလည်း မီးလောင်ဗုံးတွေနဲ့ သံဃာတွေကို ပစ်ခဲ့တယ်။ စစ်အာဏာသိမ်းပြီးနောက်လည်း ရစရာမရှိဘူး။ မန္တလေးမှာဆိုလည်း သံဃာတွေ အဖမ်းခံရတာ နည်းတာမဟုတ်ဘူး။ စစ်ကြောရေးမှာ နှိပ်စက်ခံရ၊ စစ်ကိုင်းမှာလည်း အများကြီးပဲ ကျောင်းတွေ မီးရှို့ခံရတာ၊ အဲဒီတော့ ဒါသာသနာကို ကြည်ညိုလို့ ဘွဲ့ပေးနေတာ မဟုတ်ဘူး။ သူတို့ လုပ်ချင်ရာ လုပ်ဖို့အတွက် သာသနာကို ခုတုံးလုပ်နေတာ" လို့ပြောပါတယ်။
ဂုဏ်ပြုဘွဲ့တံဆိပ်ပေးခံရတဲ့ အမျိုးသမီးစာရင်းထဲမှာ စစ်အာဏာရှင်ဦးသန်းရွှေလက်ထက်က စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ရဲ့ဇနီး ဒေါက်တာခင်ဝင်းရွှေ အမည်ကိုတော့မတွေ့ရပါဘူး။
ကိုယ့်ကိုယ်ကိုယ်ကိုရော၊ ကိုယ့်ရဲ့ဇနီးသည်ကိုပါ ကိုယ်တိုင်ဘွဲ့တံဆိပ်ပြန်ပေးတဲ့ စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းဆက်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဒီလိုဘွဲ့ချီးမြှင့်တာတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေသာ ဖြစ်တယ်လို့ အရင်က ပြောထားဖူးပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဉ္ဇာရွန်းလဲ့ရည်ကလည်း နိုင်ငံတကာအသိအမှတ်ပြုတာမရတဲ့ စစ်ကောင်စီဟာ ကိုယ့်ဟာကိုယ် ဆုတံဆိပ်တွေပေးပြီး အသိအမှတ်ပြုမှုလိုက်ရှာနေတယ် လို့ ပြောပါတယ်။
"ဒီစစ်အုပ်စုက နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုကိုခံရသလို ကိုယ့်ပြည်သူတွေရဲ့ ပြင်းထန်တဲ့ တော်လှန်မှု၊ ဆန့်ကျင်မှုကို ကြုံရတယ်။ သူတို့ စစ်သားတွေ ကိုယ်တိုင်က စစ်တပ်က စွန့်ခွာကြ၊ ရင်ဆိုင်ပြောလာကြချိန်မှာ၊ သူတို့ဟာ အသိအမှတ်ပြုမှုကိုလိုက်ရှာကြတယ်။ ဘယ်လိုရှာလဲဆိုတော့ ဘယ်သူမှမပေးတော့ ကိုယ့်ဟာကိုယ်ပေးကြတယ်။ ဒါသည် စိတ်ထားမပြည့်ဝမှုကို ဖော်ပြတယ်။ တပ်မတော်ဆိုတဲ့ လွတ်လပ်ရေးကာလကတည်းက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့လာတဲ့ အစုအဖွဲ့ကို တစ်စုတစ်ဖွဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အမျိုးအဆွေတွေက ဆွဲချသွားတဲ့လုပ်ရပ်ကို ဘယ်စစ်သားကမှ ခွင့်မလွှတ်သင့်ဘူး။ လက်မခံသင့်ဘူး"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ လူပေါင်း ၃ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့သလို၊ အိမ်ခြောက်သောင်းနီးပါး မီးရှို့ဖျက်ဆီးထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးအကျဉ်းချထားတယ်လို့ ကုလသမဂ္ဂအပါအဝင်၊ ပြည်တွင်း ပြည်ပလူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။