စစ်ရေးအရှိန်မြင့်လာမှာကို ပြည်သူတွေဘယ်လိုရှုမြင်သလဲ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.09.05
စစ်ရေးအရှိန်မြင့်လာမှာကို ပြည်သူတွေဘယ်လိုရှုမြင်သလဲ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: MDY-PDF

စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဩဂုတ်လ ၂၇ ရက်မှာ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

လက်ရှိမှာ မြို့ပေါင်းခုနစ်ဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ရဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ မန္တလေးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို သိမ်းဖို့ ခြေလှမ်းစနေပြီလို့ Brave Warriors for Myanmar-BWM အဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ကြေညာထားပါတယ်။

စစ်ပွဲဆိုတာမကောင်းပေမဲ့ လက်ရှိဘဝထက်ပိုဆိုးစရာ မရှိတော့တာကြောင့် ဖြစ်လာရင်လည်းမတုန်လှုပ်တော့ဘူးလို့ မန္တလေးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“တစ်နေ့လုပ် တစ်နေ့စားရဖို့ကို တစ်ယောက်က ညဘက်မှာဆီတန်း တစ်ယောက်က မနက်ကျလုပ်၊ ဥပမာ တစ်သောင်းခွဲ သောင်းရှစ်ထောင်ရတဲ့ အလုပ်သမားတွေ ရှိတယ်။ ဆေးသုတ်တဲ့သူတွေ လက်သမား အဲလိုလူ တွေက ဒီ ဆီ ငါးထောင် ခြောက်ထောင်ရဖို့ကို တစ်ညလုံးတန်း မနက်ကျလည်း အဲဆီလေးဖြည့်ပြီး အလုပ်သွား၊ ဆီဖိုးက သူတို့နေ့တွက်ရဲ့ သုံးပုံတစ်ပုံဖြစ်နေပြီကွယ်။ အဲတော့ သူတို့ဘဝမှာ ဒီထက်ပိုပြီးဆိုးတဲ့ဟာ ဘာပူပင် စရာရှိဦးမှာလဲ၊ ဖြစ်ရင်လည်း ဖြစ်တော့ကွာဆိုပြီး ဒါကြီးကို သိပ်ပြီး ထူးပြီးတော့မတုန်လှုပ်တော့ဘူး"

စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ခွဲကျော်လာတဲ့အချိန်မှာ မြန်မာပြည်သူတွေ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတာပါ။ စစ်အုပ်စုကို အမြန်ဆုံးနိဂုံးချုပ်ပေးနိုင်မှ ပြည်သူတွေ အသက်ဝဝပြန်ရှူနိုင်ကြမယ်လို့လည်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးမှာပြောပါတယ်။

ကိုယ့်လက်ထက်မှာ စစ်အာဏာရှင်ကို အပြတ်ဖြတ်နိုင်မှ ကိုယ့်မျိုးဆက်ကလေးတွေ လူသားပီပီနေနိုင်လိမ့်မယ်လို့ ရန်ကုန်မြို့မှာနေတဲ့ သုံးနှစ်ကျော်ကလေးငယ်ရဲ့မိခင်က မျှော်လင့်ထားပါတယ်။

“စစ်ကောင်စီကို ကျွန်မတို့လက်ထက်မှာအပြတ်ဖြုတ်မှ ကျွန်မတို့ ကလေးငယ်လေး လက်ထက်မှာ အေးချမ်းပြီးတော့ လူသားပီသစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့လက်ထက်မှာပဲ စစ်ဘေးဒုက္ခတွေ၊ စစ်ဘေးသောကတွေ အပြီးသတ် ချုပ်ငြိမ်းသွားဖို့အတွက် ကျွန်မကဆန္ဒပြုပါတယ်၊ စစ်ရေးအရှိန်မြှင့်တင်မယ်၊ မြန်မာပြည်အနှံ့အပြားမှာ စစ်ပွဲတွေဆင်နွှဲမယ်ဆိုရင်လည်း ကျွန်မကတော့ စစ်ကောင်စီကို အပြတ်ဖြုတ်နိုင်ရင်ကိုပဲ ကျေနပ်ပါပြီ"

ရန်ကုန်မှာ စစ်ဖြစ်ရင် ရှောင်တိမ်းရခက်နိုင်ပေမဲ့ ရင်ဆိုင်သွားမယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အမျိုးသားတစ်ယောက်ကလည်း ပြောပါတယ်။

“ရန်ကုန်မြို့က လူဦးရေထူထပ်တယ်။ တိုက်ခန်းတွေနဲ့ နေကြတယ်။ အဲဒီအတွက် တကယ့်တကယ်တမ်း ဖြစ်လာပြီ ဆိုရင်တော့ ပြေးရ ပြုရခက်တာမျိုးတွေကတော့ ရှိတယ်ပေါ့နော်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်ရမှာပဲလေနော်။ ရန်ကုန်မြို့မှာမှ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတယ်။ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်လာပြီဆိုရင်လည်း ဒီပွဲက ပြီးပြီထင်ပါတယ်"

အခုလို ပြည်သူတွေက လက်ရှိအခြေအနေကိုရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ စစ်ကောင်စီက လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အပူတပြင်းကြိုးစားနေပါတယ်။


ဆက်နွှယ်သောသတင်းများ

ပြင်ဦးလွင်မြို့သိမ်းတိုက်ပွဲ ဖြစ်လာဖို့ နီးကပ်နေပြီလား

မန္တလေးမြို့မှာ စစ်ကောင်စီတပ် အခိုင်အမာ ခံစစ်ပြင်နေ

TNLA သိမ်းထားတဲ့ ကျောက်မဲမြို့ လေကြောင်းရန် စိုးရိမ်နေရ


စစ်အာဏာရှင်လုပ်မယ့် တရားမဝင်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်လို့ နိုင်ငံရေးလေ့လာသူ ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။

“သူတို့ရွေးကောက်ပွဲနဲ့ ထွက်လိမ့်မယ်။ အဲလိုလုပ်လာလို့ရှိရင် တရုတ်၊ ရုရှား၊ အိန္ဒိယ အဲဒါတွေကလည်း အသိအမှတ်ပြုလာလိမ့်မယ်။ ဒါကြောင့်မို့လို့ တရားမဝင်တဲ့ စစ်အာဏာရှင်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်၊ သူတို့လုပ်မရအောင် စစ်ရေးအရှိန်မြှင့်ရမယ်"

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောဆိုသံတွေလည်း ထွက်လာပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP - Myanmar) က တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို နိုင်ငံရဲ့သုံးပုံ နှစ်ပုံကျော်မှာ စစ်ပွဲတွေရှိနေပေမဲ့ စစ်ကောင်စီကလည်း ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ လူဦးရေနဲ့ အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်မယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။