နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိလာ

RFA Burmese
2024.11.04
နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိလာ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်နီးပါးမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိခဲ့တာကို RFA က လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေနဲ့၊ ကရင်၊ ရခိုင်၊ ချင်း၊ ကချင်နဲ့ ကယားပြည်နယ်က တက္ကသိုလ်၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄၆ ကျောင်းအထိ ပျက်စီးခဲ့ရပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ အကြိမ်ရေ ၇၀ ကျော်အထိခံခဲ့ရပြီး အဆိုးဆုံးအခြေအနေ ကြုံခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းနဲ့ပစ်ခတ်မှုတွေ ပါဝင်ခဲ့ပါတယ်။

"ဒီကလေးတွေ စိတ်ထဲမှာဆို လေယာဉ်သံကြားရရင်ကို သူတို့ကို သတ်တော့မယ်၊ ဖြတ်တော့မယ်၊ ဗုံးကြဲတော့မဲ့ အရာတစ်ခုခုလာနေပြီပေါ့နော်"

အောက်တိုဘာတစ်လအတွင်းမှာပဲ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) အောက်မှာရှိတဲ့ စာသင်ကျောင်း သုံးကျောင်းထက်မနည်းကို စစ်ကောင်စီက ဒရုန်းနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ တာဝန်ရှိသူ စောသောသီက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ KRCD ကျောင်းပေါ့နော်။ ကော်သူးလေကျောင်းကို သုံးကျောင်းအထက် ကျောင်းဆိုတဲ့နေရာမှာ အဆောက်အအုံ တစ်လုံးချင်းစီကို ပြောချင်တာ မဟုတ်ဘဲနဲ့ ကျောင်းဝင်းကိုပဲ တိုက်ခိုက်ခဲ့တာကို တွေ့ရတယ်။ တိုက်ခိုက်တဲ့အခါမှာလည်း လုံးဝသုံးစားလို့မရအောင် (completed) ကို အကုန်လုံးပျက်စီးအောင် လုပ်လိုက်တာပေါ့နော်။ တချို့ကျောင်းတွေဆိုရင် သူတို့က ပထမဆုံး တစ်ချက်ပစ်တယ်။ ပြီးတဲ့အခါမှာ စကောက်ဒရုန်းနဲ့ လာကြည့်တယ်။ ကျောင်းကိုမထိသေးလို့ ရည်ရွယ်ချက်ရှိရှိကို နောက်တစ်ခေါက်ထပ်ပစ်တယ်"


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ကြောင်း IEC ထုတ်ပြန်

စိတ်ဒဏ်ရာနဲ့ ကလေးတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ

ပညာသင်ခွင့်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရေး ပဋိညာဉ်ကို လက်မှတ်ထိုးဖို့ ယူကေ တိုက်တွန်း


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်း စာသင်ကျောင်းကို လေကြာင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေး ခြောက်ယောက် သေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကိုကြုံခဲ့ရတဲ့ ဆယ်နှစ်အရွယ် ကလေးငယ် တစ်ယောက်ကတော့ ကျောင်းဆက်မတက်ရဲတော့ဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒီပဲယင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးက အခုဆို ဆိုင်ကယ်အသံကြားရင်တောင်မှ အသားတွေ တုန်လာတဲ့အထိလန့်တယ်။ ကျောင်းတက်ရင် အပစ်ခံရမယ်လို့ မှတ်သွားပုံရတယ်။ လုံးဝကို ကျောင်းလွှတ်လို့ မရတော့ဘူး။ အဲဒီနေ့ကဆို အပစ်ခံရပြီး သူ့ကိုတွေ့တော့ မေးကြည့်တာ ဘာမှမေးလို့မရဘူး။ အရမ်းကြောက်သွားတာ ထင်တယ်"

လက်ယက်ကုန်းက ကလေးတွေလိုပဲ ကန့်ဘလူမြို့နယ်မှာလည်း ကလေးတွေ ကြောက်စိတ်နဲ့ပဲ စာသင်နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ CDM ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

"ဒီကလေးတွေ စိတ်ထဲမှာဆို လေယာဉ်သံကြားရရင်ကို သူတို့ကို သတ်တော့မယ်၊ ဖြတ်တော့မယ်၊ ဗုံးကြဲတော့မဲ့ အရာတစ်ခုခုလာနေပြီပေါ့နော်။ အဲဒီလိုမျိုးကြီးကို တွေးမိတဲ့ အနေအထားအထိပေါ့နော်။ ဒါကိုလုံးဝကို အသိဉာဏ်ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ မရင့်ကျက်သေးတဲ့ ကလေးငယ်တွေမှာတောင် အဲဒီလိုမျိုး ခံစားနေရတဲ့ အနေအထားထိ ရောက်သွားတာ ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်"

စစ်ကောင်စီကတော့ စာသင်ကျောင်းတွေမှာ PDF တွေ ခိုအောင်းနေတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ အရပ်သားတွေကတော့ ဒီလိုပြောဆိုတာကို လက်မခံကြပါဘူး။

စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“တိုက်ခိုက်ခံရတဲ့ ကျောင်းတွေကို ကြည့်လိုက်တော့ အရင်အစိုးရအဆက်ဆက်က ရှိနေပြီးသားကျောင်းတွေကို တိုက်ခိုက်တာက ပိုများတာကို တွေ့ရတယ်။ ဆိုလိုတာက ပစ်မှတ်ဖြစ်ထားပြီးသား ကျောင်းတွေကို ဦးစားပေးပြီး တိုက်ခိုက်တာကို တွေ့ရပါတယ်”

ရခိုင်ပြည်နယ်မှာလည်း အောက်တိုဘာ ၂၅ ရက်နေ့က သံတွဲမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပစ်ခတ်ခံခဲ့ရပါတယ်။

ဒါဟာပြည်သူတွေကို အကြောက်တရားသွင်းနေတာလို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

"အထူးသဖြင့်တော့ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို အဓိက ဦးတည်ပြီးတော့ တိုက်ခိုက်တယ်။ အဓိကကတော့ အကြောက်တရား လွှမ်းမိုးအောင်ပေါ့နော်။ ပြည်သူတွေကို ဦးတည်တိုက်ခိုက်လာလို့ရှိရင် ပြည်သူတွေက စစ်ဒဏ်မခံနိုင်တော့လို့ရှိရင် အခုတိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို တစ်စုံတစ်ရာ ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး သူတို့မှာ ရှိနေပုံရတယ်"

အခုလို ဝေဖန်ပြောဆိုတာတွေကို တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ ဆံဖလားရွာစာသင်ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် တွေ့ရစဉ်။ (KIC Photo)
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ ဆံဖလားရွာစာသင်ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် တွေ့ရစဉ်။ (KIC Photo)

ဒီလိုစာသင်ကျောင်းတွေကို တိုက်ခိုက်တာက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေကို ချိုးဖောက်နေတာလို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်လိုက်ပါတယ်။

“ဂျီနီဗာကွန်ဗန်းရှင်းအရရော၊ လူ့အခွင့်အရေးဥပဒေအရရော ဒီဥပဒေတွေအရ နိုင်ငံတကာဥပဒေတွေရှိတယ်။ ဒီဟာကို ကျုးလွန်လို့ မရဘူး။ ဒါအရပ်သား ပစ်မှတ်တွေလည်းဖြစ်တယ်၊ စာသင်ကျောင်းတွေလည်းဖြစ်တယ်။ ကလေးသူငယ်တွေ၊ အရပ်သားတွေကို တမင်တိုက်ခိုက်တဲ့ပစ်မှတ် ဒီပစ်မှတ်ကို သိရဲ့ နဲ့ တိုက်ခိုက်တာက ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုတစ်ခုပဲ”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်နဲ့ စာသင်ကျောင်းတွေဟာ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် (Myanmar Witness) အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က RFA ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။ သုံးနှစ်ကျော်အတွင်းမှာ စာသင်ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးတဲ့သူ ၆၄ ယောက်နဲ့ ဒဏ်ရာရတဲ့သူ ၁၀၆ ယောက်ရှိခဲ့တယ်လို့လည်း ဇူလိုင် ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။