ဗန်းမော်နဲ့မံစီဒေသခံ တစ်သိန်းကျော် တိုက်ပွဲကြားပိတ်မိနေ
2024.12.04
အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) ရှိတဲ့ ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၄ ရက် ဒီနေ့မနက်ကစပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့က စကခ (၂၁) လက်အောက်ခံ ခလရ (၄၇)၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ့်ဖား၊ ဗန်းမော်တက္ကသိုလ်ဝင်းနဲ့ မံစီမြို့က ခမရ (၃၁၉) နဲ့ ခမရ (၆၀၁) တပ်တွေကို တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
"မံစီအထွက်ပေါ့နော် ဗန်းမော်ဘက်သွားတဲ့လမ်းတွေလည်း ပစ်ခတ်သံလည်း ကြားနေရတုန်းပဲဗျ”
KIA နဲ့ PDF ပူးပေါင်းတပ်တွေ သြဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းလိုက်တဲ့ မိုးမောက်မြို့က ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို စစ်ကောင်စီတပ်ကပြန်ရဖို့ တိုက်ခိုက်နေချိန်မှာပဲ KIA ကလည်း ဒီနေ့မနက်ကစပြီး အခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဒီနေ့မနက် ငါးနာရီဝန်းကျင်ကစပြီး ဗန်းမော်မြို့ပတ်ပတ်လည်နဲ့ မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာလို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်မျက်နှာပြင် ခုနစ်ခုဖွင့်ပြီး ဗန်းမော်ကိုသိမ်းဖို့ ဝင်လာတာပေါ့။ ဒီနေ့မနက် ဝင်ပြီးတိုက်နေတာက ဗန်းမော် ပတ်ပတ်လည် နေရာစုံပဲ။ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ကလည်းဝင်တယ်။ မိုးမောက်-ဗန်းမော်လမ်းက ဝင်လာတယ်။ မံစီဘက်လည်းဝင်တယ် ဖန်းခါးကုန်း ခလရ (၄၇) ဘက်လည်းဝင်တယ်။ ပြီးတော့ မြစ်ဘေးက ညောင်ပင်သာဘက်လည်းဝင်တယ်။ တချို့နေရာတွေကိုတော့ ဒီမနက်သိမ်းရပြီ။ ဖန်းခါးကုန်းတောင် ရောက်ပြီဆိုတော့ မြို့နဲ့ကတော်တော်နီးနေပြီ“
ဒီနေ့မှာပဲ ဗန်းမော်-မံစီအကြားက စစ်ဆေးရေးဂိတ်၊ ခလရ (၄၇) ရဲ့ ကာကင်းစခန်းနှစ်ခုနဲ့ ဗန်းမော်တက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က သိမ်းယူခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ဗန်းမော်နဲ့ မံစီမြို့ကို KIA တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေ
တရုတ်နဲ့ စစ်ကောင်စီတပ် ပိတ်ဆို့မှုကြောင့် ကချင်နဲ့ ရှမ်းမြောက်ဒေသခံတွေ ပိုခက်ခဲလာ
ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို KIO ပယ်ဖျက်
ဒီနေ့ညနေသုံးနာရီခန့်မှာ ဗန်းမော်လေယာဉ်ကွင်း (သုံးမိုင်) ထိပ်အနားက ဟိန်းအောင်ဆီဆိုင်နားအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ခရီးသည်လေယာဉ်တွေ ပျံသန်းတာမတွေ့တော့ပေမဲ့ စစ်ကောင်စီတပ်ကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေလည်း မြို့ပေါ်ကိုထွက်ပြေးလာကြရသလို မြို့ပေါ်ကတစ်ဆင့် စက်လှေတွေနဲ့ ဧရာဝတီမြစ်တစ်ဘက်ကမ်းကို ထွက်ပြေးခဲ့ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ နေ့လယ်လောက်ကစပြီး မြစ်ကြောင်းထွက်ပေါက်ကို ပိတ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ပေါ်မှာ စာသင်ကျောင်းတွေ ပိတ်ထားရသလို ဒေသခံ တစ်သိန်းကျော်ပိတ်မိနေပြီး အများစုကတော့ ဘာသာရေးအဆောက်အအုံတွေမှာ စုနေကြတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးတော့ တိုက်ပွဲဆက်ဖြစ်နေသံတွေ ကြားနေရတယ်လို့ RFA ကို ပြောပါတယ်။
“နှစ်မိုင် အဲဒီဘက်ခြမ်းမှာလည်း လက်နက်ကြီးတွေ ကျတယ်ပေါ့နော်။ နှစ်မိုင်၊ သုံးမိုင်က ပြည်သူတွေအားလုံးကလည်း အခု ဗန်းမော်မြို့ထဲကို လာပြီးတိမ်းရှောင်နေတယ်။ မြို့ထဲမှာတော့ ဘာမှမဖြစ်သေးဘူး။ မြို့ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေလည်းဆက်ပြီး ဖြစ်နေတဲ့အသံတွေ ကြားနေရတယ်။ မံစီအထွက်ပေါ့နော် ဗန်းမော်ဘက်သွားတဲ့လမ်းတွေလည်း ပစ်ခတ်သံလည်း ကြားနေရတုန်းပဲဗျ”
ဗန်းမော်မြို့ဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်နဲ့ ဆက်စပ်နေပြီး မန္တလေးနဲ့ စစ်ကိုင်းဘက်ကပါ ကုန်းလမ်းရော၊ ရေလမ်းနဲ့ပါ လာလို့ရသလို ဗန်းမော် - မံစီကနေတစ်ဆင့် ရှမ်းမြောက် မဘိမ်း၊ မိုးမိတ်ဘက်ကို ဆက်သွားလို့ရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ တိုက်ပွဲဖြစ်နေတာမှန်ပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ဗန်းမော်ဘက် တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ (၄၇) သိမ်းတာကတော့ အတည်ပြုပေးလို့ မရသေးဘူး။ ဘယ်သူ့မှ ကျွန်တော်တို့ကို အတည်ပြုပေးတာ မရှိသေးဘူး။ လူမှုကွန်ရက်မှာပဲ တွေ့ရတယ်။ တိုက်ပွဲကတော့ အားလုံးမှာဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ အတိအကျကတော့ ကျွန်တော်တို့ မကြားရဘူး။ မံစီတို့၊ မိုးမောက်တို့ အားလုံးတပြိုင်တည်း ဖြစ်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ဖြစ်နေတယ်ဆိုတာ အတိအကျတော့ ကျွန်တော်တို့ မကြားရသေးပါဘူး”
တိုက်ပွဲအခြေအနေအပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
မံစီမြို့ကိုတော့ ပြီးခဲ့တဲ့ မေလကစလို့ KIA က ထိန်းချုပ်ထားပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို အခု ဆက်တိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ စကစ (၂၁) လက်အောက်မှာ ခလရ (၄၇)၊ ခလရ (၂၃၆)၊ အမှတ် (၃၆၆) အမြောက်တပ်၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်နဲ့ မံစီမြို့မှာထိုင်တဲ့ ခမရ (၃၁၉) နဲ့ ခမရ (၆၀၁) တို့ ရှိနေတာဖြစ်ပါတယ်။
စကခ (၂၁) လက်အောင်ခံ မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ နွမ်လန်း စတဲ့နေရာမှာရှိတဲ့ ခမရ (၃၂၀)၊ (၃၈၇)၊ (၄၃၈) နဲ့ ခလရ (၂၃၇) တပ်ရင်းတွေကို KIA က အခုနှစ်ဆန်းပိုင်းကတည်းက သိမ်းထားတာပါ။
ကချင်ပြည်နယ်အခြေစိုက် ဒေသခံ သတင်းသမားတစ်ဦးကတော့ နှစ်ခုစလုံးအတွက်အရေးပါတဲ့ ဗန်းမော်မြို့မှာ ဒီနေ့မနက် တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ဗန်းမော်က ဒီ KIA ဌာနချုပ် လိုင်ဇာဘက်လည်းပေါက်တယ်။ ပြီးတော့ အောက်ပိုင်းနဲ့လည်း ကုန်လမ်းရေလမ်း ဆက်သွယ်နိုင်တယ်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်နဲ့လည်း ဆက်သွယ်ထားတဲ့၊ လမ်းကြောတွေရှိတဲ့ အဓိကမြို့ဆိုတော့ ဗန်းမော်က စစ်တပ်အနေနဲ့လည်း လက်မလွှတ်နိုင်စရာမြို့ဖြစ်တယ်။ ပြီးတော့ဗန်းမော်က မံစီနဲ့ ရွှေကူကို ထောက်ပံ့ပေးနေတဲ့ စခန်းကြီးတစ်ခုလည်းဖြစ်တယ်”
ဧရာဝတီမြစ်အရှေ့ပိုင်း အများစုကို KIA က ထိန်းချုပ်ထားပြီး ဗန်းမော်မြို့ကိုပါ စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရရင် ဝိုင်းမော်၊ မံစီနဲ့ ရွှေကူမြို့တွေပါ ထပ်မံလက်လွှတ်ရနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
အဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီအတွက် စီးပွားရေးအရရော၊ စစ်ရေးအရပါ အရေးပါပြီး အမေရိကန်ဒေါ်လာ ဘီလီလျံနဲ့ချီတန်ဖိုးရှိတဲ့ မြေရှား၊ ကျောက်စိမ်းနယ်မြေတွေ အပါအဝင် ကချင်ပြည်နယ်ထဲက ဧရိယာ ၇၀ ရာခိုင်နှုန်းခန့်ကို KIA သိမ်းယူထားတယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။