နှစ်သစ်ကူးအကြို ဒီးမော့ဆိုမှာ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

2022.01.01
နှစ်သစ်ကူးအကြို ဒီးမော့ဆိုမှာ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: KNDF

၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင် စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်တွေကြား တစ်နေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) သုံးဖွဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ငွေတောင်ဆည်အနီးတဝိုက်နဲ့ ဒီးမော့ဆိုမြို့မရဲစခန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNDF ပူးပေါင်းအဖွဲ့တွေ မနေ့က မနက် ၈ နာရီလောက်မှာ စတင်တိုက်ခိုက်ကြတာဖြစ်ပါတယ်။

"အဓိကကတော့ တိုက်ပွဲပြင်း ထန်တော့ စစ်ဘေးကြောင့် တချို့ရွာသားတွေ၊ ကလေးတွေ ရွေ့နေရပါတယ်”

အဲဒီနောက် နေ့လယ် ၃ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီးမောဆိုမြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“အဲဒီမှာတော့ တစ်နေကုန် ပစ်ကြတာလေ။ ပစ်တော့ သူတို့က၊ ကျွန်တော်တော့ တိတိကျကျ မပြောနိုင် ဘူးပေါ့။ သူတို့ကျရှုံး ဘယ်လောက်ရှိတယ် မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ သူတို့ထုံးစံအတိုင်း မြေပြင်ကနေ အဆင်မပြေတော့ ဝေဟင်နဲ့ပေါ့။ အဲဒီတော့ အထိနာတာများမယ်လို့ ယူဆမိတယ်လေ။ သူတို့ လေကြောင်း နဲ့ လာရပြီဆိုကတည်းက သူတို့အထိနာတာ များမယ်လို့ ကျွန်တော်ကတော့ ထင်တာပဲ။ ဗုံးဆိုတာက လေယာဉ်လက်နက်ဆို ကျွန်တော်တို့လည်း အတွေ့အကြုံတော့ မရှိဘူးပေါ့နော်။ သူတို့ ကြဲတဲ့လက်နက်က တအားအကြီးကြီးတော့ မဟုတ်သေးဘူးလို့ ခန့်မှန်းရတာပေါ့။ ဒါပေမဲ့ လက်နက်ကြီးတော့ လက်နက်ကြီးနဲ့ ပဲပေါ့“

တိုက်ပွဲမဖြစ်ခင်ကတည်းက ဒီးမော့ဆို ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်သွားကြတာမို့ မြို့ပေါ်မှာ ဘယ်သူမှမရှိသလောက်ပဲလို့လည်း သူက ဆိုပါတယ်။

ငွေတောင်အခြေစိုက် ခမရ ၄၂၇ ခြေမြန်တပ်ရင်းနဲ့ ဒီးမော့ဆိုမြို့မ ရဲစခန်းကို ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့ တွေက အရင်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ (KNDF) ရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

“အခုက ဒီးမော့ဆို မြို့ထဲမှာဖြစ်တာ။ ဗုံးကြဲတဲ့ အဆင့်မျိုးပေါ့။ ကြဲတာကတော့ ဆယ်ကြိမ်လောက် ရှိမယ်ထင်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ ကျွန်တော်တို့လူ ဆယ်ယောက်လောက်ရှိမယ်။ စစ် ကောင်စီဘက်ကတော့ အတည်ပြုလို့ မရဘူး။ သူတို့လူ သူတို့ ပြန်ဆွဲတယ်။ အများအပြားတော့ ဒဏ်ရာရတာပေါ့နော်။ တင့်ကားလာတယ်။ တင့်ကားတစ်စီးပေါ့”

မနေ့က တစ်နေ့လုံး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ အပြင် ဒီနေ့မနက်ထိပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဒီးမော့ဆို မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံ တွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဦးဗညားက ပြောပါ တယ်။

“မနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိပေါ့နော်။ တိုက်ပွဲတစ်နေကုန် ဖြစ်တာပေါ့နော်။ ဒါပေမဲ့ လက်နက်ကြီး ထုတာကတော့ ဒီမနက်အထိ လက်နက်ကြီး ဆက်ထုတာပေါ့။ မနေ့က ညကတော့ တချို့တွေ ရွေ့သွားတာ ရှိတယ်။ ဒီမနက်လည်း ရွေ့သွားတာ ရှိတယ်။ အဓိကကတော့ တိုက်ပွဲပြင်း ထန်တော့ စစ်ဘေးကြောင့် တချို့ရွာသားတွေ၊ ကလေးတွေ ရွေ့နေရပါတယ်”

စစ်ဘေးတိမ်းရှောင်နေရသူ အရေအတွက်နဲ့ ထိခိုက်၊ သေဆုံးမှုတွေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

kayah-kndf.jpg
(ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်) Photo: KNDF

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင် စီဘက်က အယောက် ၃၀ လောက် သေဆုံးပြီး KNDF က တပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရ ခဲ့ပြီး တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဘက်ကတော့ ဒီတိုက်ပွဲအခြေအနေ ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို လတ်တလော ဒီးမော့ဆိုဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။

ဒီးမော့ဆိုမြို့နယ်၊ ထီးပွင့်ကန်အနီးနဲ့ ဖရူဆိုမြို့နယ်ထဲက ထီသော်တနီးနဲ့ လောတောတနောရွာနားမှာလည်း မနေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF ကပြောပါတယ်။ ဖရူဆို တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က စစ်သား သုံးယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီဟာ လေကြောင်းသုံး တိုက်ခိုက်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန် တိုက်ပွဲမှာ ဂျက်လေယာဉ် ၂ စီး၊ စစ်ရဟတ်ယာဉ် ၁ စီးတို့နဲ့ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ခဲ့တာကြောင့် KNDF ဘက်က ထိခိုက်၊ သေဆုံးသူတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။