လူထုကိုဖိအားပေးပြီး ရွေးကောက်ပွဲ ပြုလုပ်နိုင်ကြောင်း လေ့လာသူတချို့သုံးသပ်

RFA Burmese
2024.02.13
လူထုကိုဖိအားပေးပြီး ရွေးကောက်ပွဲ ပြုလုပ်နိုင်ကြောင်း လေ့လာသူတချို့သုံးသပ် ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Myanmar Military

မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံဟာ စစ်မီးတောက်လောင်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပလို့ရမှာမဟုတ်သလို လူထုလည်း စိတ်မဝင်စားတဲ့အတွက် စစ်ကောင်စီက ပြည်သူကို အတင်းအကျပ်ဖိအားပေးပြီး ပြုလုပ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ရွေးကောက်ပွဲတစ်ခုဆိုတာ မဲဆန္ဒရှင်တွေက လုံလုံခြုံခြုံ၊ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်"

စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဖိအားပေးလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ယောက်က သုံးသပ်ပါတယ်။

"ရပ်ကွက်တွေမှာ အခုဘာတွေ လုပ်နေလဲဆိုတော့ လူဦးရေစာရင်းတွေကောက်၊ ဟိုစာရင်းတွေ လိုက်ယူနဲ့ သူဘယ်လိုပုံစံနဲ့ပဲလုပ်လုပ် ပြည်သူက မဲပေးပါ့မလား။ ဒါကို သူက မသိဘူး။ သူလုပ်ချင်တာပဲ သူသိတယ်။ သူ ၂၀၀၈ အခြေခံဖွဲ့စည်းပုံကို အသက်ဝင်ဖို့ လုပ်နေတာ။ ပြည်သူလူထုကို ဖိအားတွေ ပေးမယ်။ ရနိုင်တဲ့ ပြည်နယ်တွေကို ရွေးကောက်ပွဲလုပ်မယ်။ ဒီအပေါ်မှာ အောင်မြင်တယ်ဆိုပြီး သူ လုပ်မယ်။ ပြီးရင် ကျန်တဲ့မတည်ငြိမ်တဲ့ မြို့နယ်တွေကို ကြားကာလဆိုပြီး ဆက်လုပ်လိမ့်မယ်"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေတယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး အစည်းအဝေးမှာ ထပ်ပြီးပြောဆိုထားပါတယ်။

"ရွေးကောက်ပွဲ ရာနှုန်းပြည့် ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း ပြည်သူတို့ရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စွမ်းအားရှိသမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး စည်းစနစ်ကျနမှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း"

လာမယ့် အောက်တိုဘာမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီး၊ အဲဒီကရလာတဲ့ စာရင်းတွေအရ ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေထပ်ရလာရင် ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပနိုင်အောင် ကြိုးပမ်းမယ်လို့ သူက ဇန်နဝါရီလထဲမှာပဲ လေးကြိမ်တိုင်တိုင် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲဆိုတဲ့ တိကျတဲ့အချိန်ဇယားတော့ အခုထိ မပြောသေးပါဘူး။

ဒါပေမဲ့လည်း စစ်တပ်အရာရှိဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက RFA ကို ပြောပါတယ်။

"ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာကိုတော့ ပြင်ထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကတော့ မလွဲမသွေ လုပ်မှာပေါ့။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကိုတော့ ခန့်မှန်းပြီး ပြောဖို့က နည်းနည်းတော့ ခက်ပါတယ်"

စစ်ကောင်စီအောက်က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး ပါတီထောင်ခွင့်ရထားတာ ၄၅ ဖွဲ့ ရှိနေပါတယ်။

ပါတီမှတ်ပုံပြန်မတင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကတော့ နောက်နှစ်ထဲမှာတောင် ရွေးကောက်ပွဲကျင်းပဖို့ မသေချာဘူးလို့ ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

"ဒီ ၂၀၂၄ ထဲမှာတော့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်း မရှိဘူး။ သက်တမ်းတိုးထားတာက ခြောက်လ နောက်အဲဒီ အပြင်ကို ယာယီသမ္မတ ဦးမြင့်ဆွေ ပြောသွားတဲ့ နိဂုံးချုပ်စကားမှာလည်း ပါပါတယ်။ လက်ရှိအခြေအနအရ စစ်ကောင်စီရဲ့ လုပ်ဆောင်မှု ကောင်းတဲ့ရလဒ်တွေပေါ် မူတည်ပြီး နောက်ထပ် ခြောက်လထပ်တိုးဖို့တောင် အလားအလာရှိနေပါတယ်ဆိုပြီး ပြောသွားတယ်။ သူ့ရဲ့အာဏာ ဆက်ထိန်းထားမှာက အနည်းဆုံး တစ်နှစ်၊ အကယ်၍များ ကာလုံကို ပြန်အပ်ပြီးတော့မှ ကြိုတင်ပြင်ဆင်မယ်ဆိုရင်တောင်မှ နောက်ထပ်ခြောက်လဆိုတော့ အနည်းဆုံးနောက်ထပ်တစ်နှစ်နဲ့ ခြောက်လအတွင်းမှာ ရွေးကောက်ပွဲ ဖြစ်စရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်"

ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: Myanmar Military)
ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: Myanmar Military)

ပါတီမှတ်ပုံပြန်မတင်တဲ့ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးသာထွန်းလှကလည်း လက်ရှိအခြေအနေက ရွေးကောက်ပွဲကျင်းပလို့ ရမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"ပြည်သူတွေကလည်း လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ်နေထိုင်လို့ရတဲ့ အခြေအနေမျိုးမှာ ရှိမနေသေးဘူးလို့ မြင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲတစ်ခုဆိုတာ မဲဆန္ဒရှင်တွေက လုံလုံခြုံခြုံ၊ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီခြောက်လအတွင်းမှာလည်း ဘယ်လိုမှ ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ မြင်ပါတယ်"

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ အင်အားသုံးပြီး ရွေးကောက်ပွဲကို အတင်းအကျပ်လုပ်လာနိုင်တယ်လို့ ရှုမြင်ပါတယ်။

"သူ့မှာလည်း နိုင်ငံရေးထွက်ပေါက်က တခြားမရှိတော့ သူကတော့ ကြံဖန်ပြီး အကောင်အထည်ဖော်မှာပဲ။ ဆိုလိုတာက စစ်ကောင်စီရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ မြို့နယ် ၁၀၀ နီးပါးလောက်တော့ ရှိတာပေါ့ဗျာ။ အဲဒီဒေသတွေမှာ စစ်ကောင်စီက သူ့ရဲ့စစ်အင်အားသုံးစွဲပြီးတော့ ရွေးကောက်ပွဲတွေ အတင်းလုပ်တာ ဘာညာ ဆိုလိုတာက တစ်ပြည်လုံး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတော့ မဖြစ်လာနိုင်ပါဘူး"

တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုမှာမဟုတ်သလို လူထုအနေနဲ့လည်း မပါဝင်မပူးပေါင်းဖို့ နှိုးဆော်တာတွေလည်း ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲမှာ အင်အားကြီးမားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း စစ်ကောင်စီ အာဏာတည်မြဲဖို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ မပါဝင်ဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။