နိုင်ငံဟာ သာမန်အခြေအနေမှာ ရှိမနေကြောင်း ကာလုံအစည်းအဝေးမှာ ပြောဆို

RFA Burmese
2023.01.31
Share on WhatsApp
Share on WhatsApp
နိုင်ငံဟာ သာမန်အခြေအနေမှာ ရှိမနေကြောင်း ကာလုံအစည်းအဝေးမှာ ပြောဆို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ဒီနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့် သွားပြီမို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က နေပြည်တော်မှာ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နှစ်အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

"ဖြစ်ချင်တာက သူက သမ္မတရာထူးကို ရချင်တယ်"

ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင် တက်ရောက်လာသူအားလုံးကလည်း CRPH၊ NUG နဲ့ PDF တွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတော်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကာလုံအစည်းအဝေးကနေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ လာမယ့်ရွေးကောက်ပွဲကို တာဝန်ယူ ကျင်းပပေးရမှာက ကာလုံအဖွဲ့ရဲ့ တာဝန်ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

“အဲဒီအပိုင်းကတော့ နစကက ကြေညာထားတဲ့ အပိုင်းပါပဲ။ သက်တမ်းပြည့်သွားတဲ့ အချိန်မှာ ကာလုံကို ပြန်ပြီးတော့ အာဏာပြန်လွှဲလိုက်မယ်၊ လာမယ့် ရွေးကောက်ပွဲ လုပ်ဖို့အတွက်ကတော့ ကာလုံက ဆက်လက်ပြီးတော့ စီစဉ်သွားမှာပေါ့။ အပြင်က တချို့သုံးသပ်ကြတဲ့အပိုင်းလည်း ရှိတာပေါ့၊ ကာလုံကိုယ်တိုင် ဦးစီးပြီး လုပ်မလား၊ ဒါမှမဟုတ် သီးသန့်ကော်မတီခွဲလေးတွေ ဖွဲ့ပြီးတော့ လုပ်မလား၊ အမြင်ကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ သေချာတာကတော့ ဒီရွေးကောက်ပွဲအထိ တာဝန်ယူသွားဖို့ ကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့တာဝန်ပဲဖြစ်ပါလိမ့်မယ်”

တစ်နိုင်ငံလုံး အနေနဲ့ ပြန်သုံးသပ်မယ်ဆိုရင် စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသတချို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် စုစု‌ပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ သမ္မတ ဦးဝင်းမြင့် အဖမ်းခံထားရပြီး NLD ပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။ NLD ပါတီကပဲ ခန့်အပ်ထားတဲ့ စစ်တပ်အရာရှိဟောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကျန်းမာရေး အကြောင်းပြချက်နဲ့ အရင်က အစည်းအဝေးတွေကို မတက်ရောက်ခဲ့သလို ဒီနေ့ အစည်းအဝေးကိုလည်း တက်ရောက်တာ မတွေ့ရပါဘူး။

လက်ရှိ ကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦး အပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ မဟာတန်းတက်ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုကြည်စင်ကတော့ နာဂစ်ကာလမှာတောင် စစ်အစိုးရက ၂၀၀၈ အခြေခံဥပဒေကို မရ၊ ရအောင် အတည်ပြုခဲ့တာကိုကြည့်ရင် ဘာကိုမှဂရုမစိုက်ဘဲ ၂၀၂၃ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်သွားလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“နာဂစ်ဖြစ်နေစဉ် ကာလမှာတုန်းကလည်း အခြေခံဥပဒေ အတည်ပြုရေးကို သူတို့ အတင်းအကျပ် လုပ်ယူခဲ့ဖူးတဲ့ သာဓကလည်း ရှိခဲ့ဖူးတဲ့အခါကျတော့ ပြည်တွင်းမှာ မတည်ငြိမ်မှုတွေက၊ တိုက်ပွဲတွေ အရှိန်ပြင်းထန်နေတာတွေက စကစရဲ့ ရွေးကောက်ပွဲ လုပ်ချင်တဲ့စိတ်ကို ရပ်တန့်နိုင်လိမ့်မယ်လို့ ကျနော် မမြင်ဘူးပေါ့။ သူတို့က တရားဝင်မှု၊ မဝင်မှုထက် ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြီးလို့ ပြီးစီးသွားရင် နိုင်ငံတကာက အသိအမှတ်ပြုမှု ရလာဖို့ရယ်၊ တချို့နိုင်ငံရေးအင်အားစုတွေနဲ့ တရားဝင် နိုင်ငံရေးအရ ဆက်ဆံမှုတွေ လုပ်လာနိုင်ဖို့ရယ်အတွက် အဓိက ရည်ရွယ်တဲ့အတွက်ကြောင့်မိုလို့ ရွေးကောက်ပွဲက တစ်နိုင်ငံလုံးအနှံ့ ကျင်းပနိုင်ခြင်း၊ မကျင်းပနိုင်ခြင်း၊ ဘယ်လောက် ရာခိုင်နှုန်းကပဲ မဲလာပေးမယ်၊ လာမပေးဘူး ဆိုတာတွေကို ဂရုစိုက်နေလိမ့်မယ်လို့ ကျနော် မထင်ဘူး”

ရွေးကောက်ပွဲ တစ်ကယ်ဖြစ်လာနိုင်မလား ဆိုတာကတော့ စစ်တပ်ရဲ့ပြင်ဆင်မှု အနေအထားပေါ်မှာပဲ မူတည်ပြီး စစ်တပ်က မရရအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ရွေးကောက်ပွဲက ဖြစ်သွားနိုင်တယ်လို့ ကိုကြည်စင်က ခန့်မှန်းပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အရပ်ဘက် အဖွဲ့တွေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အဖွဲ့တွေကတော့ လာမယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ ပြောထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ လူဦးရေစာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း စာရင်းကောက်တဲ့ အဖွဲ့တွေနဲ့ ရုံးဌာနတွေ (၂၉) ကြိမ်တိတိ တိုက်ခိုက်ခံရပြီး ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

ဘယ်လို အနှောင့်အယှက်၊ အခက်အခဲတွေရှိနေပါစေ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဆက်လုပ်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“အားလုံးမြင်တဲ့အတိုင်းပဲ ပြည်တွင်း၊ ပြည်ပ တချို့သော အဖွဲ့အစည်းတွေက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေတာတွေရှိတယ်။ ကျနော်တို့ အနေနဲ့ကတော့ ရွေးကောက်ပွဲဆိုတာသည် တစ်နိုင်ငံလုံးမှာ အကြားအလပ်မရှိ ပျံ့ပျံ့နှံ့နှံ့လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲပေါ့၊ အဲဒီလို ဖြစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်”

စစ်တက္ကသိုလ် အပတ်စဉ် (၁၉) ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အငြိမ်းစား ယူရမယ့် အသက် ၆၅ နှစ်ပြည့်တဲ့ ၂၀၂၁ ခုနှစ်မှာ အငြိမ်းစားမယူဘဲ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့အပြင် လက်ရှိမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး အာဏာဆက်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်အလွန် လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာကို ပြောဖို့စောနေသေးပြီး ၂၀၂၃ ရွေးကောက်ပွဲပြီးမှသာ သူ့ရဲ့နိုင်ငံရေး အလားအလာကို သုံးသပ်နိုင်မယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်ရှိ တိုင်းပြည်ရဲ့အချုပ်အချာ အာဏာအားလုံးကို စစ်ကောင်စီဥက္ကဋ္ဌကသာ အပြည့်အဝ ဆုပ်ကိုင်ထားတာမို့ အရာအားလုံးကို သူ့စိတ်ကြိုက်သာ ဖန်းတီးယူလိမ့်မယ်လို့ သုံးသပ်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောနေပေမယ့် သူ့ရဲ့ အန္တိမရည်မှန်းချက်က သမ္မတရာထူးရရှိရေးသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သူက အဲဒါကတော့ အန္တိမရည်မှန်းချက်ပဲလေ၊ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် ဒီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်မယ်ဆိုတာက တစ်ကယ်ကတော့ အဖုံးအကာ ပြောနေတာပါ။ ဖြစ်ချင်တာက သူက သမ္မတရာထူးကို ရချင်တယ်၊ သူ့အစိုးရအဖွဲ့ကို နိုင်ငံတကာကနေ အသိအမှတ်ပြုဖို့အတွက် လွှတ်တော်ကြီး ပြန်ထူထောင်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ဆက်လက်လွှမ်းမိုး နေတဲ့ အနေအထားမှာ သူက ရချင်တာ၊ ဒါပေမဲ့ ရွေးကောက်ပွဲဟာ တစ်ကမ္ဘာလုံး ကတော့ လက်ခံမယ့်သဘော မရှိပါဘူး။ ရုရှားတို့ တရုတ်တို့ကလွဲလို့ ရှိရင်ပေါ့ဗျာ”

စစ်ခေါင်းဆောင်က ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားမှာဖြစ်ပြီး ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အဆုံးမှာ စစ်အုပ်ချုပ်ရေး ကြေညာတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

dsc-meeting.jpg
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။ (Photo: Myanmar Military)

ဒီနေ့ ကာလုံအစည်းအဝေး တက်ရောက်သူအားလုံးက တိုင်းပြည်ဟာ သာမန်အခြေအနေ မှာ ရှိမနေဘူးလို့ ပြောထားတဲ့အတွက် ၂၀၀၈ ပြဌာန်းချက်ကို ချွင်းချက်နဲ့ကျော်လွန်ပြီး စစ်တပ်ကပဲ အရေးပေါ်ကာလသက်တမ်းကို နောက်‌ခြောက်လ ဒါမှမဟုတ် တစ်နှစ် ထပ်တိုးတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းပါတယ်။

တိုင်းပြည်ဟာ ဒီမိုကရေစီ ရှေ့မဆက်နိုင်ဘဲ အခုလို အခြေအနေတွေ ပေါ်ပေါက်လာရ တာဟာ စစ်ခေါင်းဆောင်ရဲ့ အာဏာရူးတဲ့စိတ်ကြောင့်ဖြစ်ရတာလို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

“အာဏာသိမ်းလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူလူထုရဲ့ လိုလားချက်နဲ့ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံကို စစ်တပ်က ထာဝရ ချုပ်ကိုင်ထားနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဥပဒေအရ အနားယူရမယ့်အချိန်မှာ အနားမယူဘဲ လောဘဇောတိုက် အာဏာရှုးတာကြောင့်ပဲလို့ မြင်ပါတယ်။ ဘက်ပေါင်းစုံ ချွတ်ခြုံကျသွားတာကို ကုစားနိုင်ဖို့ကတော့ စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် တည်ဆောက်နေတာကို ဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ကတော့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မြင်ပါတယ်”

ဒီနေ့ ကာလုံအစည်းအဝေးမှာ ဆွေးနွေးချက်၊ တင်ပြချက်တွေကိုသာ စစ်ကောင်စီ သတင်းမီဒီယာတွေက ထုတ်ပြန်ထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ အရေးပေါ်ကာလ သက်တမ်းကို ထပ်တိုး၊ မတိုးဆိုတာနဲ့ ရှေ့ဘာဆက်လုပ်မလဲ ဆိုတာတွေကို အတိအကျ ရှင်းပြမထားပါဘူး။

နိုင်ငံရေးသုံးသပ်သူတွေနဲ့ ပြည်သူအများစုကတော့ အာဏာသိမ်းစစ်တပ် ဘာဆက်လုပ်မလဲဆိုတာကို စစ်ကောင်စီ ဒါမှမဟုတ် ကာလုံအဖွဲ့ကနေ လာမယ့် သီတင်းပတ်တွေအတွင်း တစ်စုံတစ်ရာ ထူးထူးခြားခြား ထုတ်ပြန်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Sawayekyat
2023-02-02 01:49

ပြောခြင်တာပြောနေတာ
မြန်မာ နိုင်ငံသူတစ်ယောက်ထဲမ ပိုင်ဘူး
နိုင်ငံသူ နိုင်ငံသား များနဲဆိုင်သည်