စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးရေးကနေ ခုခံတွန်းလှန်ရေးဆီ ရောက်ရှိ
2021.09.09

လွတ်လပ်ရေးကြိုးပမ်းချိန်က ပြည်သူနဲ့ တသားတည်းရှိ၊ ပြည်သူကပဲပေါက်ဖွားလာတဲ့ စစ်တပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူနဲ့ ဆက်ဆံရေးအက်ကြောင်းပေါ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူက တခြမ်း၊ စစ်တပ်က တခြမ်း သိသိသာသာ နှစ်ခြမ်း ကွဲသွားပါတယ်။ တိုက်ခိုက်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် စတဲ့ စွမ်းရည် သုံးရပ်နဲ့ ပြည့်စုံတယ်လို့ ကြွေးကြော်ပေမယ့် ပြည်သူလူထုရဲ့ ခုခံစစ်ကို ရင်ဆိုင်ရကတည်းက စည်းရုံးရေးစွမ်းရည် မအောင်မြင်တာကို သက်သေထူပါတယ်။
ကိုဗစ်- ၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ရုံးပိတ်ရက်တွေ မသတ်မှတ်ခင်ကပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ CDM အနုနည်းနဲ့ အာဏာဖီဆန်ကြတဲ့အတွက် အုပ်ချုပ်ရေးယန္တရား ပုံမှန်မလည်ပတ်နိုင်တာမို့ အုပ်ချုပ်ရေးစွမ်းရည်ကိုလည်း မပြသနိုင်ဘဲဖြစ်ရပါတယ်။
စစ်တပ်တတပ်အတွက် အဓိက အကျဆုံးတိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ပြန်တဲ့အခါ လက်နက်မဲ့ အရပ်သားပြည်သူတွေ စစ်ပြေးဘဝရောက်အောင် တိုက်ခိုက်နိုင်ပေမယ့် တပ်တစ်တပ်လုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ငြိမ်းချမ်းရေးယူထားတာ အနှစ် ၂၀ လောက်ရှိနေတာမို့ အရေအတွက်ပဲရှိပြီး တိုက်ရည်ခိုက်ရည်ညံ့ရုံမက ပြည်သူလူထုရဲ့ မုန်းတီးမှုရှိနေတယ်လို့ စစ်ရေးနိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ရှုမြင်ပါတယ်။
မြန်မာ့သမိုင်းမှာ မကြုံစဖူးတဲ့ self defense အရ ခုခံတွန်းလှန်ရေးလမ်းကြောင်းပေါ်တွန်းတင်သလို ရောက်သွားချိန်မှာ မြန်မာ့အရေးကို စိုးရိမ်မကင်းဖြစ်ရတယ်လို့ပြောကြားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ အနောက်နိုင်ငံတွေက တိုက်တွန်းတာလည်းရှိပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းကလည်း အာဆီယံက မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ ကြိုးစားသလို တရုတ်ကလည်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းတာပါ။
နိုင်ငံရေးအရ ဖြေရှင်းချင်သူက ဖြေရှင်းပြီး လက်နက်ကိုင်လမ်းရွေးသူက ရွေးချယ်လိုက်တာပဲလို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်ချိန်က ရဟန်းရှင်လူ၊ လှေနေလှည်းအောင်း မြင်းဇောင်းမကျန် ပါဝင်ဆင်နွှဲသလို ခု ခုခံတွန်းလှန်ရေးမှာ ရဟန်းတွေပါ တနည်းတဖုံပါဝင်တဲ့အတွက် ရဟန်းနဲ့တွန်းလှန်စစ် သင့်လျော်ပါသလား။ ဒါနဲ့ ပတ်သက်ပြီး တချိန်တုန်းက ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး ခုဆို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အတူတကွတိုက်ပွဲဝင်နေတဲ့ အရှင်သောပါကတော့ စစ်နဲ့သံဃာ မသက်ဆိုင်ဘူးဆိုပေမယ့် ပြည်သူကို ကာကွယ်ရမယ့် တာဝန်ရှိလာတဲ့အတွက် ပြည်သူတွေဘက်က ရပ်တည်စိတ် အပြည့်ရှိတယ်လို့ မိန့်ပါတယ်။
စစ်ကိုင်းတိုင်းတစ်နေရာမှာ တာဝန်ကျနေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တောင်တွေတက်၊ ယာခင်းတွေဖြတ် လှည့်လည်သွားလာရင်း ရွာတွေဝင် တွေ့တာယူစား၊ ကြက်သတ်စား၊ ဝက်သတ်စားနေကြတယ်လို့ ပြောပါတယ်။
တွန်းလှန်ကာကွယ်ရေးဟာ ခုရေတွင်းတူး ခုရေကြည်သောက်မဖြစ်နိုင်ဘဲ ကာလရှည်ကြာနိုင်ပေမယ့် စိတ်ဓာတ်မကျကြဘူးလို့ အရှင်သောပါက က မိန့်ပါတယ်။ ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲဝင်ချိန်မှာ ပြည်ပအထောက်အပံ့ကလည်းရတယ်လို့ မိန့်တာပါ။ ပြည်တွင်းပြည်ပမှာ ဒီလိုလှုပ်ရှားနေချိန်မှာ စစ်ကောင်စီကလည်း ရှိပြီးသားအပြင် လက်နက်အင်အား ထပ်ဖြည့်ဆည်းနေပါတယ်။

ဝယ်ယူထားတဲ့ လက်နက်တွေကို စာချုပ်မှာပါတဲ့အတိုင်း ရုရှားက တင်ပို့မယ်လို့ ရိုက်တာစ်သတင်းက သြဂုတ် ၂၅ ရက်က ဖော်ပြပါတယ်။ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်တယ်လို့ ပြောပါတယ်။