အရေးပေါ်အ‌ခြေအနေအတွက် ပြင်ဆင်ထားဖို့ အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီသတိပေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.11.16
အရေးပေါ်အ‌ခြေအနေအတွက် ပြင်ဆင်ထားဖို့ အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီသတိပေး နေပြည်တော်တွင် စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးအခမ်းအနားတွင် အစိုးရဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီဟာ အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို အရေးပေါ် အခြေအနေအတွက် အသင့်ပြင်ထားကြဖို့ အမိန့်ကြေညာချက် ထုတ်ပြန်ထားပြီး၊ ဒီလို ညွှန်ကြားချက်ထုတ်ထားတာ မှန်ကန်တဲ့အကြောင်း စစ်ကောင်စီ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

နေပြည်တော် အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းအားလုံး အရေးပေါ်အခြေအနေမှာ တုံ့ပြန်ဆောင်ရွက်ဖို့၊ တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ အမိန့်ထုတ်ပြန်ထားတာ မှန်ကန်ကြောင်းနဲ့ လုံခြုံရေးနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အခြေအနေတွေဖြစ်လာခဲ့ရင် ဒီတပ်ဖွဲ့ကနေ တုံ့ပြန်ဆောင်ရွက်ဖို့ အမိန့်ထုတ်ထားတာလို့ သတင်းမှာ ဖော်ပြပါတယ်။

အခုလို အမိန့်ထုတ်ပြန်ထားပေမဲ့လည်း အစိုးရဝန်ထမ်း အများစုရှိနေတဲ့ နေပြည်တော်မှာတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း သူက ရိုက်တာကို ပြောပါတယ်။

ပြီးခဲ့တဲ့လက မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြင်းထန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေက မြို့အချို့ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်မှာ အခုလို ထုတ်ပြန်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ လုံခြုံရေးအရအမည်မဖော်လိုသူ နေပြည်တော်က အစိုးရဝန်ထမ်းဟောင်းတစ်ဦးကတော့ ဒီအမိန့်ကြေညာချက်ဟာ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ မြို့နယ်တွေက ဝန်ထမ်းတွေအတွက် ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းတွေဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဖောင်ကြီးနဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက ပို့ချတဲ့သင်တန်းတွေကို တက်ရောက်ကြရပြီး ဒီသင်တန်းတွေမှာ စစ်ပညာကိုပါ မဖြစ်မနေ သင်ယူကြရတဲ့အကြောင်း၊ ဒါဟာ သက်ဆိုင်ရာ ဒေသတွေမှာ အရေးပေါ် လိုအပ်ချက်ရှိလာရင် အစိုးရဝန်ထမ်းတွေကို ခုခံကာကွယ်တဲ့ တာဝန်ထမ်းဆောင်ခိုင်းဖို့ ရည်ရွယ်တာဖြစ်နိုင်ကြောင်းသူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီအနေနဲ့ အစိုးရဝန်ထမ်းတွေကို စစ်ရေးတာဝန် ထမ်းဆောင်ခိုင်းမယ်ဆိုရင်တောင် လိုအပ်တဲ့လက်နက်တွေ အလုံအလောက် ထုတ်ပေးနိုင်မလား မသေချာဘူးလို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ စစ်ရေးပြနေပုံအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo : MRTV)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ စစ်ရေးပြနေပုံအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo : MRTV)

အခုလို အစိုးရဝန်ထမ်းတွေကို အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ အရေးပေါ်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေထဲမှာ စစ်ရေးနဲ့ တိုက်ခိုက်ရေးတာဝန်တွေ စေခိုင်းမှာလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

အစိုးရဝန်ထမ်းတွေကို အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြားချက် ထုတ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေကြားပါဘူး။

ကိုယ်တိုင် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်နဲ့ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ အစိုးရဝန်ထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေကို အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခိုင်းထားတဲ့ ညွှန်ကြားချက်နဲ့ စစ်ရေးတာဝန်တွေ ထမ်းဆောင်ခိုင်းမယ့် အလားအလာနဲ့ ပတ်သက်ပြီး အခုလို ဖြေကြားပါတယ်။

“ မရှိပါဘူး။ ဘာမှလဲ ပြင်ဆင်ထားတာမရှိပါဘူး။ ကျွန်တော်ဆိုရင် ဌာန သုံးခုတိတိ ကိုင်ခဲ့တာ။ ကျွန်တော့် တပည့်တွေ အများကြီးပါ။ ဘာမှ ပြောသံလည်း မကြားဘူး။ အခု စစ်မှုထမ်းဟောင်းတွေတောင် အများကြီးပဲ။ စိတ်ဓာတ်တက်ကြွနေလို့ မနည်းတားထားရတယ်။ စစ်ဆေး တက္ကသိုလ်က ဆင်းလာတဲ့ ဆရာဝန်တွေ၊ ဆေးမှူး တွေတောင်မှ အများကြီးပဲရှိတာ။ သူတို့ကိုတော့ ရှေ့တန်းကို လွှတ်ရမှာပေါ့။ ဒါက သူတို့ သဘောနဲ့ပဲလေ။ ”

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ စစ်ရေးပြနေပုံအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo : MRTV)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ စစ်ရေးပြနေပုံအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo : MRTV)

မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးဌာန USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကလည်း အခုအချိန်မှာ မြန်မာစစ်တပ်မှာ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေပြီး၊ တပ်သားတွေ ဘက်ပြောင်းခိုလှုံမှုနဲ့ လက်နက်ချ အဖမ်းခံမှုတွေ အများအပြားရှိနေတဲ့အကြောင်း၊ မြန်မာစစ်တပ်ဟာ စစ်အင်အား ပြုန်းတီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်တဲ့အတွက် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတဲ့အကြောင်း သုံးသပ်ပြောကြားထားပါတယ်။

မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတွေဟာ မန္တလေးတိုင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် နဲ့ ရန်ကုန်တိုင်း ဖောင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွေကို မဖြစ်မနေ တက်ရောက်ကြရပြီး အရင် စစ်အစိုးရတွေ လက်ထက်က အစိုးရဝန်ထမ်းတွေအတွက် လိုအပ်တဲ့ စီမံအုပ်ချုပ်ရေး သင်တန်းတွေအပြင် စစ်သင်တန်းတွေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့် အယူအဆတွေပါဝင်တဲ့ နိုင်ငံရေးသိပ္ပံသင်တန်း အမည်ခံသင်တန်းတွေကိုပါ တက်ရောက်ကြရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းများသပိတ်ကို တွေ့ရစဉ်။ Photo : RFA
ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းများသပိတ်ကို တွေ့ရစဉ်။ Photo : RFA

၂၀၁၆ ခုနှစ် NLD အစိုးရတက်လာပြီးတဲ့နောက် ဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်သင်တန်းတွေ ထည့်သွင်းသင်ကြားမှုကို ဖျက်သိမ်းခဲ့ပေမဲ့ အခု ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ ဒီဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်သင်တန်းတွေ သင်ကြားမှု ပြန်လည်စတင်နေတဲ့အကြောင်း နိုင်ငံပိုင်သတင်း မီဒီယာတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ ခုနှစ်က ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတို့ မပါဝင်ဘဲ အစိုးရဝန်ထမ်း စုစုပေါင်း ၁၀ သိန်းကျော် ရှိပြီး၊ ဒီအထဲက အများစုဖြစ်တဲ့ ၆၂ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အစပိုင်းမှာ အကြမ်းမဖက်ဘဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့သူ ဝန်ထမ်းလေးသိန်းကျော်ရှိပြီး နောက်ပိုင်းမှာ စစ်ကောင်စီက နာမည်ပျက်စာရင်းသွင်းပြီး ဖိအားပေးခြိမ်းခြောက်မှုနဲ့ စားဝတ်နေရေးပြဿနာတွေကြောင့် မူလဌာနတွေမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ ကြပါတယ်။

အခုနှစ် ဧပြီလကတော့ CDM ဝန်ထမ်းအရေအတွက် သုံးသိန်းကျော်လောက် ကျန်သေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ က RFA ကို ပြောထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။