ရှမ်းပြည်မြောက်ပိုင်း လေးနေရာမှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်
2023.09.02
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း နဲ့ ကွတ်ခိုင်မြို့နယ် ဆိုင်ခေါင်ရွာ၊ ခိုမုန်းရွာ နဲ့ လွယ်နောတောင် စတဲ့နေရာလေးခုမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စက်တင်ဘာလ ၁ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မနက် ၄ နာရီခွဲဝန်းကျင်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအနီးမှာ စစ်ကောင်စီ တပ်မ ၉၉၊ ခမရ ၄၂၀ နဲ့ TNLA တပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တပ်မ ၉၉၊ ခမရ ၄၂၀၊ ခလရ ၂၆၁ ပူးပေါင်းတပ်တွေက TNLA တပ်မဟာ ၁ တပ်ရင်း ၁၁၂ ရှိတဲ့နေရာကို ထိုးစစ်ဆင်ခဲ့တဲ့အတွက် ဆိုင်ခေါင်ရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။
"ကိုယ့်အနားမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတို့ တူးထားပြီးတော့ တစ်ခုခုဖြစ်လာရင် ရှောင်ပြေးနိုင်အောင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်"
နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း လွယ်နောတောင်မှာ အမှတ် (၁၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁၇ ၊ ခမရ ၅၇၇ ၊ ခလရ ၄၅ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေ ၅ နာရီဝန်းကျင်မှာ စကခ ၁၇ ၊ ခမရ ၅၇၇ နဲ့ TNLAအကြား ခိုမုန်းကျေးရွာ တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။
တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိင်သလို ဒေသခံတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို သတိရှိဖို့ TNLA ပြာရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
"တိုက်ပွဲများနိုင်လား မများနိုင်လားဆိုတာကတော့ ကျွန်တော်တို့ဘက်ကစပြီး တိုက်ခိုက်တာတော့ မဟုတ်ဘူး။ ခုခံကာကွယ်စစ်ပုံစံပဲ ရှိနေသေးတယ်။ ထိုးစစ် များလာရင်တော့ တိုက်ပွဲက များလာမယ်။ ထိုးစစ်ဆင်နည်းလာရင်တော့ တိုက်ပွဲက နည်းပါးမယ်ပေါ့။ ပြည်သူလူထုအနေနဲ့ကတော့ စကစရဲ့ လုပ်ရိုးလုပ်စဉ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ ပရမ်းပတာ ပစ်တာတွေ ခုခံဖို့ ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် စစ်ရေးအမြင်၊ စစ်ရေးအသိပေါ့။ ကိုယ့်ပတ်ဝန်း၊ ကိုယ့်အနားမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတို့ တူးထားပြီးတော့ တစ်ခုခုဖြစ်လာရင် ရှောင်ပြေးနိုင်အောင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်"
ကွတ်ခိုင်မြို့နယ်၊ ဇီးဒဘန်ရွာကို မနေ့က နေ့လယ် ၂ နာရီမှာ လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် အသက် ၃၉ နှစ်အရွယ် ဦးဇော်ဒွဲနဲ့ အသက် ၆၂ နှစ်အရွယ် ဦးဘောင်ရာတို့ သေဆုံးခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ဒေါ်ခေါန်နန်နဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်ခါးပန်တို့ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဇီးဒဘန်ရွာက နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံးခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"နမ့်ဖက်ကာတပ်ရင်းကနေ လက်နက်ကြီးတွေ တစ်မနက်လုံးပစ်တာ။ အလုံး ၂၀ လောက်ရှိတယ်။ နောက်ဆုံးကျတော့ တစ်လုံးက စစ်တပ်နဲ့ မျက်နှာချင်းဆိုင်ဘက် အခြမ်းက နေအိမ်အရှေ့ကို ကျတာ။ အမျိုးသမီးနှစ်ဦးရဲ့ အမျိုးသားနှစ်ဦး အိမ်ရှေ့မှာ ရပ်နေတဲ့အချိန် ပြည်ထောင်စုလမ်းမကြီးပေါ်ကို ကျတာ။ တစ်ယောက် ပွဲချင်းပြီး သေသွားတာ။ တစ်ယောက်ကတော့ ဆေးရုံအရောက်မှာ သေသွားတာ။ အမျိုးသမီး နှစ်ယောက်ကတော့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးကတော့ နည်းနည်းပဲ ဒဏ်ရာရတော့ အိမ်မှာပဲ ဆေးကုပေးနေတယ်။ နောက်တစ်ယောက် ၂၉ နှစ်အရွယ် ကတော့ ဒဏ်ရာပြင်းထန်တော့ ဒူးရိုးကျိုးသွားတော့ ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပို့လိုက်ပြီ"
အဲဒီပစ်ခတ်မှုကို နမ့်ဖက်ကာ အခြေစိုက် ခလရ-၁၂၃ တပ်ရင်းက လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီကတော့ အရပ်သားတွေဟာ TNLA အဖွဲ့ရဲ့ လက်နက်ကြီးကျည်တွေကြောင့် ထိခိုက်သေဆုံးခဲ့တာလို့ စက်တင်ဘာလ ၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ TNLA ပြောခွင့်ရသူကတော့ စစ်ကောင်စီတပ်က အရပ်သား ထိခိုက်သေဆုံးမှုကို တာဝန်မယူ ချင်တဲ့အတွက် လိမ်လည်ထုတ်ပြန်တာလို့ ဝေဖန်ပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တာဝန်ရှိသူတစ်ဦးကတော့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ နေရာက အရပ်သားတွေရဲ့ဘဝက လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။
"လူ့အခွင့်အရေး ရူထောင့်ကနေပြောမယ်ဆိုရင် အဓိကကတော့ အရပ်သားတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာက တစ်ခု၊ နောက်တစ်ခုက အရပ်သားတွေ နေထိုင်တဲ့ နေအိမ်တွေထဲကို ဝင်နေထိုင်တာကလည်း ဂျီနီဗာကွန်ဗန်းရှင်းအရ ငြိစွန်းတယ်လို့ မြင်တယ်။ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူထုတွေရဲ့ဘဝ ကတော့ မလုံခြုံတာ အမှန်ပါပဲ"
စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်စလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးအရအရေးပါတဲ့ နမ့်ဖက်ကာ တစ်ဝိုက်ကို နယ်မြေ စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်နဲ့ TNLA တို့ အပြိုင်ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"နမ့်ဖက်ကာကို စိုးမိုးထားနိုင်တဲ့ အခြေအနေကိုရောက်မှ မူဆယ်နဲ့ နန့်ခမ်းကို တော်လှန်ရေး အင်အားစုတွေက လွှမ်းမိုးနိုင်မယ့် အခြေအနေဖြစ်တယ်။ အဲဒီ ဒေသတွေမှာ ပိုမိုပြင်းထန်တဲ့ စစ်ရေးအေခြအနေတွေ ပေါ်ပေါက်လာနိုင်တဲ့ အတွက် ပြည်သူလူထုတွေအနေနဲ့ အခြေအနေကို လေ့လာပြီးတော့ ရှောင်ရှားကြဖို့ အကြံပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျည်ဆန်က ဘယ်ကလာတဲ့ ကျဉ်ဆန်၊ ဘယ်သူပစ်တဲ့ ကျဉ်ဆန်လဲဆိုတာ ထုံးတို့ပြီး မှတ်ထားလို့ မရတဲ့အတွက် အဲ့ဒါကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်နစ်နာမှု ရှိနိုင်တဲ့အတွက် စစ်ရေးပဋိပက္ခဖြစ်တဲ့နေရာတွေကနေ ရက်အချို့ ရှောင်တိမ်းနေရာယူတာက ပိုကောင်းလိမ့်မယ်လို့ အကြံပေးချင်တယ်"
လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်စတဲ့ ဒေသတွေဟာ စစ်ကောင်စီတပ်အတွက်ရော လက်နက်ကိုင်တွေအတွက် ပါစစ်ရေးအရ အရေးပါနေတယ်လို့ သူက ပြောပါတယ်။
မူဆယ်မြို့နယ် စယ်လန့်၊ မန်ကန်နဲ့ ခိုမုန်းရွာတွေအနီးမှာလည်း သြဂုတ် ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။