ကျောက်မဲဆရာတော်တရား ပြည်သူအများစုထောက်ခံ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.08.04
ကျောက်မဲဆရာတော်တရား ပြည်သူအများစုထောက်ခံ နေပြည်တော်တွင် တည်ထားသော မာရဝိဇယ ရုပ်ပွားတော်ကြီး အနေကဇာတင်ပွဲကို တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့မြင်ရစဉ်။
Myanmar Military

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာ တည်ဆောက်ခဲ့တဲ့ မာရဝိဇယ ရုပ်ပွားတော် အနေကဇာတင်အခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ မိန့်ကြားခဲ့တဲ့ တရားတော်ဟာ ပြည်တွင်းပြည်ပ ကျယ်ကျယ်ပျံ့ပျံ့ ထောက်ခံကြည်ညိုမှု ရရှိခဲ့ပါတယ်။

ဆရာတော်က ပွင့်တော်မူခဲ့သော ဘုရားရှင်အဆူဆူက သူတစ်ပါးထိခိုက်စိတ်ဆင်းရဲစေတဲ့ အမှုကို မပြုလုပ်ဘဲ စိတ်ကောင်းရှိကြဖို့ လူသတ္တဝါတွေကို ဆုံးမခဲ့ကြောင်း မိန့်ကြားခဲ့တာပါ။

ဒီဟောကြားချက်ဟာ ဒီမိုကရေစီလိုလားသူတွေအကြား တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဘာကြောင့် အခုလို မကြုံစဖူး ထူးထူးခြားခြား ဗုဒ္ဓဘာသာဝင်တွေသာမက ဘာသာပေါင်းစုံကိုးကွယ်သူတွေကပါ အားရဝမ်းသာ ဖြစ်ခဲ့ကြ၊ တစ်ဆင့်ကူးယူဖော်ပြပြောဆိုနေကြပါသလဲ ဘုရားလို့ စစ်ကောင်စီဆန့်ကျင်တဲ့ အရှင် မင်းသုည ဆရာတော်ကို RFA က လျှောက်ထားခဲ့ပါတယ်။

“ရဟန်းကျင့်ဝတ်ခြောက်ပါးဆိုတာရှိတယ်။ မကောင်းတာကို တားမြစ်ရမယ်။ ကောင်းတဲ့လမ်းပေါ်ရောက်အောင် ညွှန်ရမယ်။ ဒါဟာ ရဟန်းရဲ့ကျင့်ဝတ်ပဲ။ အခု ကျောက်မဲဆရာတော်ဟာ ရဟန်းရဲ့ ကျင့်ဝတ်၊ ရဟန်းရဲ့စာရိတ္တ သီလနဲ့အညီ ဆိုဆုံးမသွားတာဖြစ်တယ်။ ဘုရားအဆုံးအမမှာ ဘာရှိလဲဆိုတော့ သူတော်ကောင်းတရား၊ သူတော်ကောင်းစကားကိုတဲ့၊ သူတော်ကောင်းနှလုံးသားရှိသူတွေကတော့ ပျားသကာလို ချိုမြတယ်တဲ့၊ သူတော်ကောင်းတရား သူတော်ကောင်းစကားကို လူမိုက်တွေ လူယုတ်မာတွေကြတော့ နားထဲကို သံရည်ပူနဲ့ လောင်းသလို ခံစားရတယ်တဲ့။”

ကျောက်မဲဆရာတော်က မြတ်စွာဘုရားရဲ့တရားကို အနှစ်ချုပ်ပြီး အင်္ဂလိပ်လိုပါထည့်သွင်း မိန့်တော်မူခဲ့ပါသေးတယ်။ ဆရာတော်ရဲ့ ဆိုဆုံးမစကားကို ကြည်ညိုသူတစ်ဦးကတော့ 96 Soldier ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မဖူး ဖြစ်ပါတယ်။ သူကတော့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရက်စက်မှုတွေကို ပြည်တွင်းတစ်နေရာမှာ ကိုယ်တိုင်ကြုံတွေ့နေသူပါ။

“ဘုန်းဘုန်းက ပညာသားပါပါ ပြောသွားတယ်၊ မကောင်းတဲ့အလုပ်ကို မလုပ်နဲ့ စိတ်ကိုဖြူစင်အောင်ထားဆိုပြီးတော့။ မင်းအောင်လှိုင်ဟာ ဘယ်လိုပဲ ကုသိုလ်တွေလုပ်လုပ်ပေါ့နော်။ သူရက်စက်ခဲ့တဲ့ ပြည်သူတွေအပေါ်သတ်ဖြတ်ခဲ့တယ်၊ မီးတွေရှို့ခဲ့တယ်၊ အိုးအိမ်တွေပျက်စီးအောင် လုပ်ခဲ့တာတွေက သူဘယ်လိုပဲ ကုသိုလ်လုပ်လုပ် ဖုံးလို့ရမှာ မဟုတ်ဘူး။ သူပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ အပြုအမူတွေကြောင့်ပေ့ါနော် ပြည်သူတွေက အဆိုးပဲမြင်ကြတယ်။ ပြည်သူတွေရင်ထဲမှာ ဘယ်လောက် သူ့ကို မုန်းတီးနေသလဲဆိုတာ မြင်ရပါတယ်။”

အဲဒီ အနေကဇာတင်ပွဲကို စစ်ကောင်စီထောက်ခံတဲ့ အနုပညာရှင်တချို့လည်း သွားရောက်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ပြည်သူတွေနဲ့ အတူရပ်တည်နေတဲ့ လွတ်မြောက်နယ်မြေတစ်နေရာက ရုပ်ရှင်သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ ဒါဟာ တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲလို့ သုံးသပ်ပါတယ်။

" အချိန်ကြာလာတာနဲ့ အမျှ အရောင်ပြောင်းသွားတဲ့သူတွေရှိတယ်၊ သူတို့ခံယူချက်နဲ့ သူတို့ပဲလို့ပဲ မြနှင်း နားလည်တယ်။ တွေးမယ်ဆိုရင်တော့ ခံစားရတာပေါ့နော်။ ရှေးတုန်းကတော့ အတူတူ ဆန္ဒပြခဲ့တာပဲလို့။ ဒါပေမဲ့ မြနှင်းကို ဘယ်သူကမှ ဓားထောက်ပြီးတော့ တော်လှန်ရေးမှာ နင်ပါရမယ်လို့ ပြောခဲ့တာမဟုတ်တဲ့အတွက် အရမ်းတော့ မခံစားတော့ပါဘူး။ ကိုယ်ရပ်တည်ချင်တဲ့ဘက်က ကိုယ်ရပ်တည်နေတာမို့ သူတို့လည်း သူတို့ရပ်တည်ချင်တဲ့ဘက်မှာရပ်ပေါ့။ မြနှင်းလည်း ရပ်တည်တယ်ပေါ့နော်။ "

နေပြည်တော်တွင် တည်ထားသော မာရဝိဇယ ရုပ်ပွားတော်ကြီး အနေကဇာတင်ပွဲမှာ တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့မြင်ရစဉ်။ ( Photo : Myanmar Military)
နေပြည်တော်တွင် တည်ထားသော မာရဝိဇယ ရုပ်ပွားတော်ကြီး အနေကဇာတင်ပွဲမှာ တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့မြင်ရစဉ်။ ( Photo : Myanmar Military)

သူကတော့ ဒီမိုကရေစီအောင်ပွဲ ပြည်လည်ရရှိသည်အထိ ပြည်သူတွေနဲ့အတူရှိနေမယ်လို့လည်း မြနှင်းရည်လွင် က RFA ကိုပြောပါတယ်။

"မဲဆောက်မှာ နေခဲ့တာလည်းရှိတယ်။ ခရီးတွေလည်း ထွက်တယ်။ ရဲဘော် ရဲမေတွေနဲ့ အတူနေရတယ်ပေါ့နော်။ အဲဒီလိုသူတို့နဲ့အတူနေရတဲ့အခါကျတော့ ကိုယ်က စစ်မတိုက်နိုင်ပေမဲ့ သူတို့ကို စွန့်လွှတ်မသွားနိုင်ဘူး။ သူတို့နဲ့အတူ အဆုံးထိနေသွားမယ်။"

ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေအကြားမှာတော့ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ကျောက်မဲဆရာတော်တရားကို ကြည်ညိုပြီး စစ်ကောင်စီအားပေးထောက်ခံသူတွေကိုဆန့်ကျင်ရှုတ်ချတဲ့ ပြောဆိုဝေဖန်သံတွေက ကျယ်ကျယ်လောင်လောင် ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပါတယ်။ ကျောက်မဲဆရာတော်ကို သူဟောကြားခဲ့တဲ့တရားနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အရေးယူလိမ့်မယ်ဆိုတဲ့ ကောလဟလတွေပေါ်ထွက်နေပေမယ့် စစ်ကောင်စီက တစုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်းတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။