စစ်ကိုင်း PDF တွေရဲ့ ရေသောက်မြစ် လိုင်ဇာကို အမြစ်ဖြတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ
2023.10.02
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လိုင်လွမ်အောင်ဂျာ တပ်စခန်းအနီးမှာ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အဲဒီစခန်းဟာ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းဖြစ်ပြီး KIA တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် စစ်ကောင်စီ တပ်သား ၅၀ ကနေ ၁၀၀ အကြား နှစ်လကျော်ကြာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ လာရောက်ကယ်တင်တဲ့ စစ်ကောင်စီတပ်တွေလည်း လမ်းခုလတ်မှာတင် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံနေရတာကြောင့် စစ်တပ်ဘက်ကနေ လေကြောင်းသုံးပြီး တိုက်ခိုက်လာတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အခုနှစ် အစောပိုင်းက စစ်ကိုင်းတိုင်း အထက်ပိုင်း မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA/ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် အဲဒီတိုက်ပွဲတွေဟာ ဇူလိုင်လကစလို့ KIO ဌာနချုပ် လိုင်ဇာဘက်ကို ဦးတည်လာတယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KIO သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အဲဒီအရင်းအမြစ်တွေ ငြိမ်သက်အောင် မလုပ်နိုင်ရင်၊ ဒီဘက်က ဖြစ်နေတဲ့ဟာတွေက ထိန်းလို့မရဘူး”
၂၀၂၃ ဇူလိုင်လကတည်းက လိုင်ဇာမြို့အနီးက ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က အင်းအား တစ်ထောင်ကျော်နဲ့ ထိုးစစ်ဆင်လာတာကြောင့် KIA နဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တချို့ ပူးပေါင်းပြီး ခုခံကာကွယ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ ကချင်ပြည်နယ်ထဲက အဓိက မြို့ကြီးတွေကို ထိန်းချုပ်ချင်တာကြောင့် မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်မှာ သုံးလဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KIO သ တင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“မြစ်ကြီးနား - ဗန်းမော် လမ်းတစ်ကြောလုံးမှာ တိုက်ပွဲဖြစ်ပါတယ်။ ဇူလိုင်လ၊ ဩဂုတ်လ အခု စက်တင်ဘာလ သုံးလ ဆက်တိုက်ဖြစ်တာ ရှိပါတယ်။ တိုက်ပွဲ အခြေအနေ၊ စစ်ရေး အခြေအနေ ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတော့ ဒီစကစဘက်ကတော့ လေကြောင်းနဲ့ ပစ်ခတ်တဲ့အထိ ရှိပါတယ်။ သူတို့က စစ်ကြောင်းတွေကတော့ မြစ်ကြီးနားဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းတွေလည်း ရှိတယ်။ အဲ့ဘက်မှာလည်း ခုခံတိုက်ပွဲက အမြဲတမ်းလိုလို အဲဘက်မှာ တိုက်ပွဲတွေရှိတယ်။ သူတို့ရဲ့ မြှားဦးတွေကတော့ ကချင်ပြည်နယ်ဘက်ကို နည်းနည်းလှည့်လာပြီ။ အဓိကတော့ ကချင်ပြည်နယ် ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော် တစ်ကြောကို သူတို့ထိန်းချုပ်ချင်လို့ စစ်အင်အား တိုးလာတဲ့အတွက် စစ်ကိုင်းဘက်မှာ စစ်အင်အားတွေ၊ တိုက်ပွဲတွေ ပါးလာတာ ဖြစ်မယ်လို့ သုံးသပ်တာပါ”
စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာအပြည့် တင်လာပြီး မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာတဲ့ စစ်သင်္ဘော ကိုးစီးဟာလည်း ဩဂုတ်လ ၁၉ ရက်နေ့က ဗန်းမော်မြို့ကို ရောက်လာပြီး ဗန်းမော်ကတစ်ဆင့် လိုင်ဇာနဲ့နီးတဲ့ မြစ်ကြီးနား - ဗန်းမော် လမ်းတစ်လျှောက် တပ်စခန်းတွေမှာ အင်အားဖြည့်တင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်အားလာဖြည့်တဲ့ စစ်ကြောင်းတွေကို KIA က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကားတွေ မီးလောင်ပျက်စီးပြီး ရှေ့မတိုးနိုင်တဲ့အခါ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး လမ်းပွင့်အောင် လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် မိုးမောက်နဲ့ ဗန်းမော်မြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ ခရစ်ယန် ဘုရားကျောင်းတွေမှာ လာရောက်ခိုလှုံနေရတယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဇူလိုင်လ နောက်ပိုင်းကနေ အဲဒီ ဗန်းမော်ကလည်း အရင်တုန်းကထက် ပိုပြီးတော့ ကျပ်တည်းလာတာပေါ့။ မြစ်ကြောင်းတစ်လျှောက် ရွာဘေးတွေကလည်း ကြောက်လာတော့ မြို့ပေါ်မှာ စစ်ရှောင်တွေ ပိုများလာတယ်။ အခု ဒီဒေါ့ဖုန်းယန်ဘက် တိုက်ပွဲပြန်ဖြစ်လာတဲ့အခါကျတော့ စစ်ရှောင်တွေက ဒီဗန်းမော်တစ်ဝိုက်ပေါ့နော်။ မိုးမောက်တို့ ဒီဗန်းမော်မှာရှိတဲ့ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ ထပ်တိုးလာတာ ရှိတာပေါ့နော်။ ကုန်စျေးနှုန်းကလည်း တက်လာတယ်။ အကျပ်အတည်းကတော့ လွန်ခဲ့တဲ့ နှစ်လကျော်ကထက် ပိုပြီးတင်းကြပ် လာတဲ့ အခြေအနေတွေကတော့ အားလုံး စိုးရိမ်တဲ့ အခြေအနေပါ”
ဗန်းမော်၊ ဖားကန့်၊ တနိုင်း၊ ရွှေကူ၊ မိုးမောက်၊ ဝိုင်းမော်နဲ့ ဌာနချုပ် လိုင်ဇာအနီးမှာ ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ တစ်လကျော်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၈၀ ကျော်ဖြစ်ခဲ့ပြီး၊ စစ်တပ်ဘက်က လေကြောင်းကနေ အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ၅၁ ဦး သေဆုံးပြီး၊ ၁၀၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။ KIA ဘက်က သေဆုံးထိခိုက်စာရင်းကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အတိအကျ ထုတ်မပြောပါဘူး။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တိုက်ပွဲသတင်းတွေကို သူအတိအကျ မသိဘူးလို့သာ ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဘာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းတဲ့အခါ သစ်ပင်တစ်ပင်ကို လှဲတဲ့အခါ အမြစ်ကနေလှဲဖို့ လိုအပ်တာကြောင့် ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ဦးတည်တိုက်ခိုက်ရတာလို့ RFA ကို ပြောပါတယ်။
“တိုက်ပွဲတစ်ပွဲဆိုရင် အဲ့တိုက်ပွဲကို ဘယ်သူဖော်ဆောင်သလဲ၊ အဲ့တိုက်ပွဲဖြစ်အောင် ဘယ်သူက နောက်ကနေ ပံ့ပိုးသလဲ၊ အဓိကတော့ ဒီစစ်ရဲ့ သဘောတရားမှာတော့ ဒီတိုင်းပါပဲ၊ သူ့အရင်းအမြစ်က အမြဲတမ်း ပို့နေသ၍ အဲဒီအရင်းအမြစ်ကို မထိန်းချုပ်နိုင်ရင်၊ အဲအရင်းအမြစ်ကို မရှင်းလင်းနိုင်ရင်၊ အဲဒီအရင်းအမြစ်တွေ ငြိမ်သက်အောင် မလုပ်နိုင်ရင်၊ ဒီဘက်က ဖြစ်နေတဲ့ဟာတွေက ထိန်းလို့မရဘူး။ ဆိုလိုတာက အရင်းအမြစ်ကို မရှင်းဘဲနဲ့ ကိုင်းဖြားကိုင်းနားတွေပဲ လိုက်ရှင်းနေရင်တော့ အပင်တစ်ပင်ကို သတ်ဖြတ်ဖို့ မလုံလောက်ဘူး။ အပင်လှဲဖို့ အမြစ်ကနေလှဲဖို့လိုတယ်။ ဆိုတော့ အဓိက ပံ့ပိုးနေတာ လိုင်ဇာဖြစ်တဲ့အတွက် အနည်းဆုံးတော့ အဲဒီကထွက်နေတဲ့ လက်နက်လမ်းကြောင်း၊ လူအသွားအလားတွေပေါ့၊ ဒါတွေ အကုန်လုံးကို အပြတ်ရှင်းဖို့အတွက် အဓိက ရည်ရွယ်ချက်ပဲ”
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေကို အားဖြည့်နေရတဲ့အတွက် ၂၀၂၃ ဇွန်လတုန်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်၊ ထီးချိုင့်၊ ကသာ၊ ဗန်းမောက် စတဲ့မြို့နယ်တွေမှာတော့ အခုနောက်ပိုင်း တိုက်ပွဲအနည်းငယ် ငြိမ်သက်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အခုနောက်ပိုင်း အင်းတော်မြို့နယ်မှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာနဲ့ နေအိမ်မီးရှို့ခံရတာတွေ လျော့နည်းသွားတယ်လို့ အင်းတော်မြို့နယ် တော်လှန်ရေးအဖွဲ့ - IR ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ကျွန်တော်တို့ အင်းတော်မှာက စစ်ကြောင်းထိုးတာတွေ နည်းသွားတယ်၊ အိမ်မီးရှို့ခံရတာတွေ နည်းသွားတယ်ပေါ့။ မရှိတော့ဘူး။ မနေ့တုန်းကတောင် ကျွန်တော်တို့ အင်းတော်ကနေ ဝန်းသို (၁၁၁) တပ်ပေါ့ အင်းတော်ကို ဖြတ်ပြီး အခုအထက်ပိုင်း ဖားကန့်ဘက်ကို ပို့မယ်ထင်တယ်၊ အင်အား ၈၀ လောက်ပေါ့၊ သိသိသာသာတော့ တိုက်ပွဲဖြစ်မှုနှုန်းတွေ လျော့ကျသွားတယ်။ ဗန်းမောက်တို့ ထီးချိုင့်တို့လည်း တိုက်ပွဲသတင်းက အင်းတော်လိုပဲ ရံဖန်ရံခါမှပဲ ကြားရတော့တာ။ ဗန်းမောက်လည်း အဲလောက်ထိ တိုက်ပွဲဖြစ်တာ မကြားရတော့ဘူး။ အခု လောလောဆယ်တော့ ကချင်ပြည်နယ်ဘက်ကိုပဲ စစ်ကူတွေ ပို့တယ်ပေါ့”
အရင်က စစ်ကောင်စီတပ် ခမရ (၄၁၆)၊ ခမရ (၃၀၉)၊ ခမရ (၃၀၁)၊ ခမရ (၄၁၆) တပ်တွေ ဟာ အင်းတော်မြို့နယ်မှာ အထိုင်ချပြီး ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ တပ်မ (၇၇) အထိုင်တပ်ပဲ ရှိတော့တယ်လို့ သူက ဆိုပါတယ်။
အင်းတော်မြို့နယ်မှာ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၈၀ ကျော်ဖြစ်ခဲ့ပြီး အရပ်သား ၂၀ ကျော် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ အင်းတော်မြို့နယ် တော်လှန်ရေးအဖွဲ့ - IR ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အလားတူ ကသာမြို့နယ်မှာလည်း KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး အရပ်သား ပြည်သူ ၈၀ ကျော် အသတ်ခံခဲ့ရတယ်၊ နေအိမ် အလုံး ၉၀၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီပြောဆိုချက်တွေ၊ သေဆုံးထိခိုက် ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်း အထက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လိုင်ဇာကို အမြစ်ဖြတ်ဖို့ လိုတာကြောင့် စစ်ကောင်စီက ကချင်ပြည်နယ် လိုင်ဇာဘက်ကို ဦးတည်တိုက်ခိုက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
“နယ်မြေစိုးမိုးမှုပိုင်းလည်း စကစက ပိုပြီးနစ်နာလာတဲ့ အခြေအနေတွေ ဖြစ်လာတဲ့ အခါကျတော့၊ တစ်မျိုးပြောမယ်ဆိုရင် စစ်ကိုင်းမှာ ဖြစ်ထွန်းနေတဲ့ တော်လှန်ရေး အင်အားစု အရင်းအမြစ်ကို ဒီဘက် ကချင်ပြည်နယ်ဘက်မှာ ငြှိုးပြီးတော့ မဟာဗျူဟာအရ ထောက်ပံ့တဲ့ရင်းမြစ်ကို ဖြတ်တောက်မယ်၊ ထိန်းချုပ်မယ်ဆိုတဲ့ ယူဆချက်နဲ့ တိုက်နေတာလို့မြင်တယ်”
စစ်ကောင်စီဘက်က အရင်ကထက် အဆပေါင်းများစွာ သာလွန်တဲ့ အင်အားအလုံးအရင်းနဲ့ လိုင်ဇာဌာနချုပ်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေသလို KIA ဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ ရည်မှန်းချက် အထမမြောက်အောင် အင်နဲ့အားနဲ့ ခုခံနေတဲ့အတွက် တိုက်ပွဲက ဆက်ပြီး ပြင်းထန်နေလိမ့်မယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်းလေးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။