တောင်သာမြို့နယ် ခြုံကြီးရွာ စီးနင်းခံရမှု ခုနစ်ဦးသေဆုံး

RFA Burmese
2024.09.17
တောင်သာမြို့နယ် ခြုံကြီးရွာ စီးနင်းခံရမှု ခုနစ်ဦးသေဆုံး ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းတွင် တောင်သာဒေသခံများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြခဲ့ကြစဥ်။
People's Spring

Updated 5:10 PM, Sep 17, 2024

မန္တလေးတိုင်း တောင်သာမြို့နယ်က ခြုံကြီး (သာယာကြီး) ရွာနဲ့ ရွာအနီးက PDF ကင်းစခန်းကို စက်တင်ဘာ ၁၆ ရက် မနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး၊ ရွာခံအရပ်သား အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

ခြုံကြီးရွာကိုမဝင်ရောက်မီ အင်အား သုံးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် ရှေ့ပြေးစစ်ကြောင်းက မနက်ခြောက်နာရီခန့်မှာ ရွာနဲ့ မိုင်ဝက်ခန့် အကွာမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို ဝင်စီးခဲတာလို့ ဆိုပါတယ်။

“လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာခံတစ်သောင်းကျော် ထွက်ပြေးနေရပါတယ်”

ကင်းစခန်း ဝင်ရောက်စီးနင်းခံရချိန်မှာတော့ ကာကွယ်ရေးအဖွဲ့ဝင်ငါးဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ တောင်သာမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ့်လူပုံစံမျိုးနဲ့ ဝင်လာပြီးတော့ နေရာယူထားတာ ဘန်ကာကောင်းတဲ့နေရာကို။ ကင်းမှာပစ်ပြီးမှ ဒီဘက်ကို ဝင်လာတာ။ မင်းတို့ အလောင်းလာကောက်ရင် ကောက်လှည့် ဆိုပြီးတော့ သွားတာတဲ့။ အဲဒီမှာ လမ်းပေါ်မှာ ဖမ်းစစ်လိုက်တာ။ သုံးယောက် ဖမ်းမိတာပေါ့။ ကင်းမှာကျတော့ နှစ်ယောက်ပစ်ခဲ့တာ။ ကင်းကိုဝင်စီးတာမဟုတ်ဘူး။ ကင်းသမားကိုကျော်လာပြီးမှ ကင်းသမားကလည်း ကိုယ့်လူတွေ ထင်နေတာ။ လက်ရှိ ကျတာကတော့ ကျွန်တော်တို့အဖွဲ့ထဲက ငါးယောက်ပေါ့နော်”

ကာကွယ်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် နောက်ချန် အင်အားတွေပါ ပေါင်းလာတဲ့ အင်အား ရှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား အချိန်သုံးနာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား

အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ

NUG ရဲ့ ပဲခူးတိုင်းစစ်ရေးစီမံချက်နဲ့ ပြင်းထန်လာတဲ့တိုက်ပွဲများ


နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ခြုံကြီး (အရှေ့) ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာမှာ အမျိုးသမီးတွေ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခြုံကြီးရွာခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ကျွန်တော်တို့ အနောက်ရွာကို ထိုးလာတာ။ ထိုးလာတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့နော်။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းမှာ PDF တွေကို ဖမ်းထားတာပေါ့ စစ်တပ်ကနေ။ ဖမ်းထားတော့ PDF ကနေ ပြန်ဝိုင်းတာ။ ဝိုင်းတဲ့အချိန်မှာ သူတို့စစ်တပ်ဘက်က အင်အားမမျှတာနဲ့ လေယာဥ် ပစ်ကူတောင်းတာပေါ့။ သံမဏိစက်ရုံကနေ လက်နက်ကြီး ပစ်ကူတောင်းတယ်။ ပြီးတော့ မြင်းခြံမှာရှိတဲ့ သီတာယုမွန် ပျူစောထီးအဖွဲ့ကိုလည်း စစ်ကူ တောင်းတာပေါ့။ အဲဒီလိုတွေဖြစ်ပြီးတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်သွားတာ။ အရှေ့ရွာမှာ တစ်ယောက် သေတာပေါ့။ ကိုယ်ဝန်ဆောင်ကို လက်နက်ကြီးအစ သွားမှန်လိုက်တာ”

အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ခြုံကြီးရွာဟာ အရှေ့ရွာ၊ အနောက်ရွာ ပိုင်းခြားသတ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ခြုံကြီးရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရွာကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ရွာသူရွာသားအားလုံး ချက်ချင်းတိမ်းရှောင်ခဲ့ရတာလို့ လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရသူ ခြုံကြီးရွာခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့က ဆယ်နာရီခွဲလောက်ပေါ့နော်။ ရွာမှာ အဲဒီလိုမျိုး လေယာဥ်တွေနဲ့ အပေါ်ကနေ ဂန်းနဲ့ကြဲတယ်။ ရွာသူရွာသားတွေ အကုန်လုံးက ရွာထဲကနေ အားလုံး ထွက်ပြေးကြရတာပေါ့။ အကုန်ဒုက္ခရောက်ကြပါတယ် တစ်ရွာလုံးလည်း။ ဘာမှ ပစ္စည်းသယ်ဖို့ အချိန်မရှိကြပါဘူး။ ဒီတိုင်း တစ်ကိုယ်ရေတစ်ကာယ ကိုယ့်အသက်ပဲ လုပြီးပြေးနေကြရတာပေါ့။ ရွာနားမှာဖြစ်တာလို့လည်း ပြောလို့ရတယ်။ ရွာထဲမှာ ဖြစ်တာလို့လည်း ပြောလို့ရတယ်။ ရွာနီးပတ်လည်ပေါ့။ အဓိကက သူတို့ပစ်မှတ်ကတော့ ရွာပေါ်ကိုပဲ ပစ်တာများပါတယ်။ သူတို့တိုက်တာကတော့ အပေါ်က လေယာဥ်နဲ့ချတာကတော့ ရွာပေါ်ချည်းပဲ ချတာ”

ရုတ်တရက် ထွက်ပြေးလာကြရတာကြောင့် ရွာခံတွေ ဖမ်းဆီးခံရတာ ရှိ မရှိ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ခြုံကြီးရွာအပြင် အနီးမှာရှိတဲ့ ကျွန်းရွာ၊ ထန်းတောရွာနဲ့ ဘုရားလှရွာတွေက ဒေသခံအချို့လည်း ဒီကနေ့အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ခြုံကြီး (သာယာကြီး) ရွာက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ချိန်မှာ အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ အရေအတွက်ကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ခြုံကြီးရွာတိုက်ပွဲအတွင်း PDF အလောင်း ၁၁ လောင်းအထိ ရရှိခဲ့တယ်လို့ ရေးသားထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး”အဖြစ် သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက်။ ။ ဤသတင်းတွင် ဒေသခံနှစ်ဦး၏ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။