ပြည်ပထွက်ခွင့် ပိုတင်းကျပ်လာတာကြောင့် လူငယ်တွေ ပြည်ပအလုပ်အကိုင်ရဖို့ ခက်ခဲနေ

RFA Burmese
2024.08.09
ပြည်ပထွက်ခွင့် ပိုတင်းကျပ်လာတာကြောင့် လူငယ်တွေ ပြည်ပအလုပ်အကိုင်ရဖို့ ခက်ခဲနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
Photo: RFA

လူငယ်တွေ ပြည်ပထွက်ခွာတာကို စစ်ကောင်စီက တစ်စစ ပိုပြီးတင်းကျပ်လာတာကြောင့် ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်ခဲနေပါတယ်။

ဘယ်လို ပတ်စ်ပို့ အမျိုးအစားနဲ့မဆို အသက် ၂၃ နှစ်က ၃၅ နှစ်ကြားရှိသူတွေကို တင်းတင်းကျပ်ကျပ်စိစစ်ပြီး ပြန်လွှတ်နေတာလို့ ရန်ကုန်လေဆိပ်က အခြေအနေကို သိထားတဲ့မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘယ်လိုမျိုးတွေကို ပြန်လွှတ်တာလဲဆိုတော့ အတိအကျမရှိဘူး။ သူတို့ (SB)က ဒါပြန်လွှတ်တယ်ဆိုတဲ့ အခြေအနေမှာ PV က သွားတဲ့သူလည်း ရှိတယ်။ PJ နဲ့ သွားတဲ့သူလည်း ရှိတယ်ပေါ့နော်။ PJ နဲ့သွားပြီးတော့ စာရွက်စာတမ်း အစုံအလင်လည်း ရှိတယ်ပေါ့နော်။ အစုံအလင်ရှိရဲ့သားနဲ့ ပြန်လွှတ်တဲ့ အကြောင်းအရင်းလည်းရှိတယ်။ ပြန်လွှတ်တယ်ဆိုတဲ့သူတွေက အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်းပေါ့နော်”

လေဆိပ်အာဏာပိုင်တွေက သြဂုတ် ၁ ရက်နေ့ကစပြီး ပြည်ပကို ထွက်ခွာမဲ့လူငယ်တွေကို အထောက်အထား မပြည့်စုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်နေတာ ဖြစ်ပါတယ်။ ပြည်ပထွက်ခွင့်မရတဲ့ လူငယ်အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

“ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသူများနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးနဲ့ တင်းကျပ်နေတာပါ”

မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်အမျိုးအစား ၉ မျိုးရှိပြီး အသုံးများတာကတော့ ပြည်ပထွက် အလုပ်လုပ်ခွင့်ရှိတဲ့ နိုင်ငံကူးလက်မှတ် (PJ)၊ အလည်အပတ်အတွက် နိုင်ငံကူးလက်မှတ် (PV) နဲ့ သင်္ဘောသား နိုင်ငံကူးလက်မှတ် (PS) တို့ ဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (Photo: RFA)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (Photo: RFA)

အရင်က နိုင်ငံကူးလက်မှတ် အမျိုးအစားနဲ့ ဗီဇာအမျိုးအစား ကိုက်ညီမှု ရှိမရှိ စစ်ဆေးလေ့မရှိပေမဲ့ အခုတော့ ကိုက်ညီမှုမရှိရင် ပြည်ပထွက်ခွင့်မပေးတော့ဘဲ လေဆိပ်ကနေ ပြန်လွှတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“PV နဲ့ အလုပ်ဗီဇာနဲ့သွားလို့ အဲဒါကြောင့် ပြန်လွှတ်တယ်လို့ပြောတာပဲ။ သူက စာအုပ်အမျိုးအစားနဲ့ ဟိုပြန်ပြီးတော့ ဗီဇာအမျိုးအစားနဲ့ စာအုပ်အမျိုးအစားနဲ့ ချိန်ကိုက်ပြီးတော့ စာအုပ်အမျိုးအစားနဲ့ ဗီဇာအမျိုးအစားနဲ့ မတူဘူးဆိုရင် ပေးမထွက်တဲ့သဘောကို သက်ရောက်တာပေါ့။ အဲဒီလိုမျိုး ဖြစ်နေတယ်။ PV နဲ့ဆိုပြီးတော့ ထွက်ချင်တဲ့ဗီဇာနဲ့ ထွက်လို့မရတဲ့ပုံစံ ဖြစ်နေတယ်။ သဘောကတော့ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ဆိုရင် အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ စတာတွေအတွက် သွားခွင့်မရှိတော့ပါဘူး"


ဆက်နွှယ်သောသတင်းများ

ပြည်ပထွက်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ပိုတင်းကျပ်လာ

ငွေလွှဲစာရင်းမပြတဲ့ အေဂျင်စီတွေ ပိတ်သိမ်းမယ်လို့ စစ်ကောင်စီပြော

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်လိုသူများလာကြောင်း အလုပ်သမားအေဂျင်စီအချို့ ပြော


ပြီးခဲ့တဲ့ဇွန်လမှာလည်း နိုင်ငံကူးလက်မှတ် အမျိုးအစား ပြောင်းလဲခွင့်ကို စစ်ကောင်စီက ပိတ်လိုက်ပါတယ်။ ဒါ့အပြင် ပြည်ပထွက် အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူတွေဟာ Oversea Worker Identification Card (OWIC) လို့ခေါ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြားရှိမှပဲ စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့်ပြုပါတော့တယ်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေ၊ စီးပွားရေးကျဆင်းမှုနဲ့ စစ်မှုမထမ်းမနေရ ဥပဒေတွေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသူများနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးနဲ့ တင်းကျပ်နေတာပါ။

“နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် အရင်လို မလွယ်ကူတော့တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်ခဲနေပါတယ်”

စစ်ကောင်စီဟာ အမျိုးသားတွေကို ပြည်ပခရီးသွားခွင့်ပိတ်ပင်တာ၊ အသက်အရွယ် ကန့်သတ်ချက်နဲ့စိစစ်ပြီး ခွင့်ပြုတာတွေကို အဆင့်ဆင့်ကန့်သတ်လာတာပါ။

ပြည်ပမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်အမျိုးသမီးတစ်ဦးကတော့ နိုင်ငံကူးလက်မှတ်တွေကို အမျိုးအစားမခွဲခြားဘဲ ပြည်ပထွက်ခွာခွင့်ပြုစေချင်တယ်လို့ ပြောပါတယ်။

“သူတို့က ဒီအတိုင်း PV ဖြစ်ဖြစ်၊ PJ ဖြစ်ဖြစ်၊ အလုပ်သွားခွင့်ပြုသင့်တယ်ပေါ့နော်။ သွားခွင့်ပြုပြီးတော့ရင် ဟိုဘက်မှာ PJ နဲ့ လခရယ်၊ သူတို့ ၂၅ ရာခိုင်နှုန်းကို သူတို့သတ်မှတ်ထားတဲ့ဆီကနေ ပြန်လွှဲ၊ ပြီးတော့ သူတို့အစိုးရအတွက် ရာခိုင်နှုန်းကို ဖြတ်သလိုမျိုး PV ကိုလည်း အဲဒီလိုမျိုး ဖြတ်ပြီးတော့ သွားခိုင်းတယ်ဆိုရင် ပို အဆင်ပြေမယ်။ အခု သူတို့က PV နဲ့ အလုပ်သွားလုပ်တော့ သူတို့အတွက် အခွန်က မရတာကြောင့် ထင်တယ်”

စစ်ကောင်စီဟာ ပြည်ပထွက်ခွာတာတွေကို စိစစ်တင်းကျပ်နေရုံတင်မကဘဲ ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ဖိအားပေး တောင်းယူနေတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (အလုပ်သမား သံအရာရှိရုံး ဓာတ်ပုံ)
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (အလုပ်သမား သံအရာရှိရုံး ဓာတ်ပုံ)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးကတော့ ပြည်ပထွက်ခွာတာတွေအပေါ် စစ်ကောင်စီက အခုလိုတင်းကျပ်နေတာဟာ တရားမဝင် နည်းလမ်းတွေနဲ့ ပြည်ပထွက်ဖို့ အားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“ဒီပြည်တွင်းထဲမှာ သူတို့မှာ အလုပ်လုပ်လို့မရလို့ ထွက်သွားတဲ့အပေါ်မှာ ဒီဖိအားကြောင့် အခုဆိုရင် အထိဆုံးကတော့ အေဂျင်စီတွေပေါ့။ နိုင်ငံခြား အေဂျင်စီတွေ အထိဆုံးပေါ့။ အဲဒီအခါကျတော့ ဘယ်သူတွေက ခေါင်းထောင်လာမလဲဆိုရင် ဒီတရားမဝင်အေဂျင်စီတွေ ခေါင်းထောင်လာမယ်။ ပွဲစားတွေ ခေါင်းထောင်လာမယ်။ ဒီတရားမဝင် လမ်းကြောင်းနဲ့ သွားနေတယ်။ ဒီဟာကိုသာ တရားမဝင် လမ်းကြောင်းမှသာလျှင် အဆင်ပြေဆုံးနည်းကိုရွေးဖို့ပဲ ကျွန်မတို့က ပြောရမလို ဖြစ်သွားပြီ အခုအနေအထားက”

ပြည်ပထွက်ဖို့ ခက်ခဲနေသူတွေထဲမှာ သင်္ဘောသားတွေလည်း ပါဝင်ပါတယ်။ အကြောင်းအရင်းကတော့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် အရင်လို မလွယ်ကူတော့တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သင်္ဘောသား လူငယ်တစ်ဦးက ပြောပါတယ်။

“သင်္ဘောသားတွေအတွက် လောလောလတ်လတ် အခက်အခဲဖြစ်တာတော့ ပတ်စ်ပို့သက်တမ်း ကုန်တာနဲ့ပတ်သက်လို့ အရမ်းတန်းစီစောင့်နေရတာပေါ့။ ကျွန်တော်ဆိုလို့ရှိရင် ခြောက်လလောက် ကျန်သေးတယ်။ ဒါပေမဲ့ ခြောက်လလက်ကျန်သက်တမ်းနဲ့ သင်္ဘောကိုလိုက်လို့မရဘူး။ အနည်းဆုံး တစ်နှစ်ခွဲ ရှိမှရမှာ။ အဲဒီတော့ ကျွန်တော်တို့က သက်တမ်း တိုးလိုက်တဲ့အခါကျလို့ရှိရင် အရင်ဆုံး ကျွန်တော်တို့ QR ကုတ် စောင့်ဖို့ဆိုပြီးတော့ ဖောင်တင်ရတယ်လေ။ အဲဒီလိုမျိုး မထင်မှတ်ဘဲနဲ့ ကြန့်ကြာတဲ့ဟာတွေ အဲဒါတော်တော် ခက်ခဲတယ်”

အခုလို လူငယ်တွေကို ပြည်ပထွက်ခွင့် ပိုတင်းကျပ်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ကတော့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံကနေ လစဥ် လူလေးသောင်းနီးပါး ပြည်ပကို ထွက်ခွာနေတယ်လို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ ကြိုးပမ်းတဲ့ လူငယ်တွေ များပြားလာသလို အိမ်နီးချင်းနိုင်ငံတွေမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။