စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လေ့လာသူတွေ ဝေဖန်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.02.10
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ်  လေ့လာသူတွေ ဝေဖန် ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား တွေ့ရစဉ်။
AFP

Updated 05 : 05 AM Feb 11, 2024

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ ကြေညာလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအကျပ်ဆိုက်နေတဲ့ စစ်ကောင်စီဟာ တပ်အင်အားလျော့နည်းလာတာကြောင့် ၁၄ နှစ်အကြာမှာ ဒီစစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းတာလို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက သုံးသပ်ပါတယ်။

"ဒီနွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့နဲ့ စစ်ကောင်စီနဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အားပြုန်းတီးမှု အကျအဆုံးက အင်မတန်မှ ဆုံးရှုံးမှုတွေ ရှိနေတယ်၊ ဒီတော့ အရပ်သားပြည်သူတွေကို စစ်မှုထမ်းဖို့ စုဆောင်းရေးလုပ်တယ်၊ မရတဲ့အဆုံး ပျူစောထီးစသဖြင့် သူတို့ရဲ့ အိမ်ထောင်ရှင်မိန်းမတွေအစ သူက တိုက်ပွဲမှာ အသုံးပြုတယ်၊ ဒါပေမဲ့ မရဘူး၊ နောက်ဆုံးတော့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားတဲ့ ၁၄ နှစ်အကြာမှာ ပြန်ပြီးအသက်သွင်းတာဖြစ်ပါတယ်"

အဲဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။

အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။

ကျွမ်းကျင်သူဆိုတာကိုတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူလို့ ဖော်ပြထားပါတယ်။

ပြည်ပရန်မရှိဘဲ တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်ဖို့ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာဟာ ပြည်သူတွေကို လူသားတံတိုင်းအဖြစ်လုပ်တာဖြစ်ပြီး ဆင်းရဲကျပ်တည်းနေတဲ့ ပြည်သူတွေကို အခက်တွေ့အောင်လုပ်တာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

"ဘယ်နိုင်ငံနဲ့ စစ်ဖြစ်နေလို့ အဲလိုလုပ်လိုက်ရတာလဲ၊ ဒါတွေက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်မှ သုံးတဲ့ဥပဒေမျိုးလေ၊ ကျွန်တော်တို့က အဲဒီလိုဟာမျိုး သုံးရမှာကို ဒီလိုလုပ်လိုက်တဲ့အခါကျတော့ အလိုလိုမှ စားဝတ်နေရေးနဲ့ ပညာရေးနဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးနဲ့ ချို့တဲ့ပြီး အဘက်ဘက်က စုတ်ပြတ်သတ်ပြီးတော့ ငတ်နေတဲ့ တိုင်းပြည်ကို စစ်မှုမထမ်းမနေရဆိုတော့ အဲယောက်ျားလုပ်တဲ့သူက ထွက်သွားပါပြီတဲ့ ကျန်တဲ့မိသားစုက ဘာနဲ့စားမလဲ၊ အဲဒါကို ငြင်းပယ်ရင် အမြင့်ဆုံး ထောင်ငါးနှစ် ချနိုင်တယ်ဆိုတော့ ဒီအချိန်မှာ ဒီလိုဟာမျိုး ရက်မသတ်မှတ်သင့်ဘူးပေါ့ဗျာ" လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။

ကလေးမြို့နယ် လည်ကြီးရွာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ (Photo : Citizen Journalist)
ကလေးမြို့နယ် လည်ကြီးရွာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ (Photo : Citizen Journalist)

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း ကလည်း စစ်ကောင်စီဟာ ပြည်သူချင်း ရန်တိုက်ပေးတာလို့ ထောက်ပြပါတယ်။

"ဥပဒေပြဋ္ဌာန်းချက်ကတော့ စစ်ကောင်စီဟာ စစ်ရေးနိုင်ငံရေး နယ်ပယ်ပေါင်းစုံမှာ အရှုံးကြီးရှုံးလာတဲ့အခါမှာ ပြည်သူလူထုကို ဓားစာခံလုပ်ဖို့၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လူသားတံတိုင်းအနေနဲ့ အသုံးချဖို့၊ ဒါလုပ်တဲ့ ဥပဒေဖြစ်ပါတယ်၊ ပြီးတော့ ပြည်သူလူထုအချင်းချင်းကြားကို ရန်တိုက်ခိုင်းတဲ့ ဒီလုပ်ရပ်ကို တစ်တိုင်းပြည်လုံးက ရှုတ်ချကြဖို့လိုပါတယ်၊ ကန့်ကွက်ကြဖို့လိုပါတယ်"

စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်သလို ဥပဒေပြဋ္ဌာန်းပိုင်ခွင့်မရှိတာကြောင့် ဒီလိုကြေညာတာဟာ တရားမဝင်ဘူးလို့လည်း ဆိုပါတယ်။

ဒီဥပဒေအရ စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီက စက်မှုလက်မှုပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး အောင်မျိုးထက် ကတော့ ဒီဥပဒေဟာ အခြေခံလူတန်းစားပြည်သူတွေအပေါ် မှာ သက်ရောက်မှုကြီးမားတဲ့ ဥပဒေဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီးတဲ့အတွက် သန်းခေါင်စာရင်းထဲမှာပါတဲ့ သတ်မှတ်ထားတဲ့အသက်အရွယ် ကိုက်ညီသူတွေ အကုန်လုံးကို သူတို့အနေနဲ့ သက်ဆိုင်ရာ စစ်ဌာနချုပ်တွေ၊ တိုင်းတွေကနေ ဆင့်ခေါ်စာတွေနဲ့ ခေါ်ကြမှာပေါ့၊ ခေါ်ပြီးသွားလို့ လာပြီးတော့ တာဝန်မထမ်းဆောင်ဘူးဆိုရင် အကြောင်းပြချက် ကောင်းကောင်းပေးရမှာပေါ့၊ အဲလိုမျိုးမပေးနိုင်ဘူးဆိုရင်တော့ သူတို့တွေအနေနဲ့ ပြည်သူတွေကို ငွေအားဖြင့်သော်လည်းကောင်း ဒါမှမဟုတ် ကျန်တဲ့ အပြစ်ပေးအရေးယူတာဖြင့်လည်းကောင်း ဒါမျိုးတွေလုပ်ချင်တဲ့သဘောကြောင့် ပြည်သူတွေကို ကျစ်တယ်၊ ရစ်တယ်လို့ မြင်မိတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ စစ်ရေးရှုံးနိမ့်နေပြီး အင်အားတွေမရှိတော့တာကြောင့် ထောင်သားတွေ၊ စစ်မှုထမ်းဟောင်းတွေကို အသုံးချခဲ့ပြီး အခုနောက်ဆုံး ပြည်သူတွေကိုပါ စစ်မှုထမ်းခိုင်းနေတာလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

"ဘယ်ပြည်သူတစ်ယောက်ကမှ သူတို့အတွက် ကြည်ကြည်ဖြူဖြူနဲ့ စစ်မှုထမ်းချင်တဲ့ဆန္ဒ ရှိမှာမဟုတ်ဘူး၊ ပြည်သူလူထုကလည်း သူတို့ကို ကြုံရင်ကြုံသလို ဆန့်ကျင်နေကြတဲ့လူတွေချည်းပဲ၊ အဲဒီလူတွေသာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခွင့်ရမယ်ဆိုရင် ဒါက သူတို့အတွက် ဓားဖြစ်ပြီးတော့ အမြန်ဆုံး စစ်အာဏာရှင် ပြုတ်ကြသွားပါလိမ့်မယ်"

ဒီဥပဒေကို အသက်သွင်းလိုက်တာဟာ စစ်တပ်ထောက်ခံသူတွေကို တရားဝင်လက်နက်တပ်ဆင်ပေးဖို့ ကြိုးပမ်းမှုဖြစ်သလို အတင်းအကျပ် အင်အားစုဆောင်းခြင်းတစ်မျိုးပဲလို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက သုံးသပ်ပါတယ်။

“သူ့ဘက်က ထောက်ခံတယ် ထောက်ခံတယ်ဆိုပြီး အော်နေရုံနဲ့ မရတော့ဘူး ကိုယ်တိုင်လက်နက်လာကိုင်ပါဆိုပြီး တစ်ဖက်လှည့်နဲ့ သူ့ရဲ့ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးတဲ့သဘောပါပဲ၊ အတင်းအဓမ္မ တစ်ဖက်လှည့်နဲ့ အင်အားစုဆောင်းခြင်းတစ်မျိုးပေါ့၊ ဒါပေမဲ့ စစ်တပ်ကို မထောက်ခံတဲ့ပြည်သူတွေ ရောပါသွားမှာကို ကျွန်တော်တို့ အတတ်နိုင်ဆုံးကာကွယ်သွားရမှာပဲ။”

ဒီဥပဒေနဲ့ တပ်အင်အားဖြည့်ဖို့ ကြိုးစားပေမဲ့လည်း စစ်ကောင်စီ ကျဆုံးမှုကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"ပြည်သူတစ်ရပ်လုံးကိုခြုံပြီးတော့ သူဆွဲချင်တဲ့သူ ဆွဲလို့ရအောင် တရားဝင်လုပ်လိုက်တာပါ၊ အဲလိုဆွဲခန့်တွေနဲ့ စစ်တိုက်လို့မရပါဘူး၊ အဲလိုလုပ်တဲ့အတွက်လည်း သူရဲ့ တပ်အကျအဆုံးလည်းနည်းမသွားပါဘူး၊ ထွက်ပြေးတာလည်း လျော့မသွားပါဘူး၊ တစ်ပြည်လုံးမှာရှိတဲ့သူတွေကို ခေါ်ချင်တဲ့လူခေါ်လို့ရအောင် ဒီဟာကိုထုတ်ပြန်လိုက်တယ်လို့ မြင်ပါတယ်၊ ဒီလိုလုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ ကျဆုံးမှုကို တားဆီးမပေးနိုင်တဲ့အပြင် ပိုပြီးတော့ ပိုပြီးမြန်ဆန်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်၊ ဒါကြောင့် လုပ်ရဲရင်လုပ်ကြည့်လို့ မှတ်ချက်ချချင်ပါတယ်"

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ ကိုးကန့်တပ်မတော်ထံ လက်နက်ချအဖမ်းခံခဲ့တာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : Three Brotherhood Alliance)
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ ကိုးကန့်တပ်မတော်ထံ လက်နက်ချအဖမ်းခံခဲ့တာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : Three Brotherhood Alliance)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိနိုင်ငံရဲ့ အခြေအနေအရ ပြည်သူအားလုံးပါတဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာတာကြောင့် ဆောင်ရွက်ရတာလို့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောဆိုထားပါတယ်။

ဒီဥပဒေမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်နေသူတွေ၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။

သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ကနေကင်းလွတ်ခွင့်ပြုသူတွေကတော့ တာဝန်ထမ်းဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ကြေညာလိုက်တဲ့နောက် ပြည်သူတွေကြားမှာ စိုးရိမ်စရာဖြစ်လာပြီး စစ်မှုထမ်းရမယ့်အရေးကို ရှောင်ဖို့ ငွေကြေးတတ်နိုင်သူတွေက လာဘ်ပေးတာတွေ ရှိလာနိုင်ပေမဲ့ ငွေကြေးမပြည့်စုံသူတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာကြပါတယ်။

(မှတ်ချက် : စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုထားတာကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။