တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့မှာ စစ်ရေးတင်းမာလာ
2024.11.19
တရုတ်အစိုးရရဲ့ စီမံကိန်းတွေရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီက စစ်အင်အား တိုးချထားသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ ကျောက်ဖြူမြို့နဲ့ ခြောက်မိုင်ခန့်အကွာကနေ ကုန်းလမ်းထွက်ပေါက်တွေကို ပိတ်ဆို့ထားတာကြောင့် စစ်ရေးတင်းမာနေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ စစ်ကူရောက်လာတဲ့ တပ်သားသစ်တွေနဲ့ လုံခြုံရေး အင်အားဖြည့်ထားတယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ကျောက်ဖြူမှာတော့ လက်ရှိအခြေအနေက စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတာတွေရှိတယ်။ ပြင်ဖြူမော်ဘက် ချောင်းနားတွေမှာ အုပ်တံတိုင်းတွေကာပြီး ခံတပ်လုပ်ထားတာတွေရှိတယ်။ ကျောက်တစ်လုံးဘုရားနားမှာ တပ်ချထားတာတွေလည်း ရှိတယ်။ အခုရောက်နေတဲ့ တပ်ရင်းတွေက ကျောက်ဖြူမြို့မှာရှိတဲ့ တပ်ရင်းတွေက မဟုတ်ဘဲနဲ့ တခြားတပ်တွေကနေ စစ်ကူပို့ထားတာ"
မြို့ပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ် (KBZ)၊ သမဝါယမဘဏ် (CB)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၊ ဧရာဝတီဘဏ် (AYA)၊ ကမ္ဘာ့ရတနာနဲ့ မြန်မာ့ရှေ့ဆောင် အပါအဝင် ပုဂ္ဂလိကဘဏ် အားလုံးကိုလည်း စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက ပိတ်လိုက်ပါတယ်။
အခုပိတ်လိုက်တဲ့ဘဏ်တွေဟာ ဧပြီလလောက်ကတည်းက လုပ်ငန်းမလည်ပတ်တော့တာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ငွေလွှဲ၊ ငွေထုတ်ဖို့အတွက် Kpay နဲ့ Wave Money လို အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေသာ အသုံးပြုနေရတာလို့ ဆိုပါတယ်။
လက်ရှိ ကျောက်ဖြူမြို့အနီးက ရမ်းဗြဲ၊ စနဲနဲ့ မအီမြို့တွေကို AA က သိမ်းပိုက်ထားသလို တောင်ကုတ်နဲ့ အမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA က လက်ရှိ ကျောက်ဖြူမြို့နဲ့ ခြောက်မိုင်ခန့်အကွာ ကျောက်ဖြူ-ဇင်ချောင်းဂိတ်မှာ နေရာယူထားတာကြောင့် စစ်ကောင်စီတပ်ဟာ ကုန်လမ်းကသွားလို့မရတော့ဘဲ ရေလမ်းနဲ့ လေကြောင်းကသာ သွားလို့ရတယ်လို့ ဆိုပါတယ်။
မြို့ခံအများအစုကတော့ ပြီးခဲ့တဲ့လတွေကတည်းက ရန်ကုန်အပါအဝင် အခြားနေရာတွေကို တိမ်းရှောင်နေကြပြီလို့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြို့မှာတော့ ပိုက်ဆံရှိတဲ့လူတွေကတော့ မရှိတော့ဘူး။ အလယ်အလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေလောက်ပဲ ကျန်တော့တယ်။ ဒေသခံတွေကတော့ မြို့ထဲမှာ လူတော်တော်များများ ရှိသေးတယ်။ ကျောက်ဖြူမှာက တရုတ်စီမံကိန်းတွေလည်းရှိတယ်ဆိုတော့ AA အနေနဲ့ ဘယ်လိုများဆက်ပြီးလုပ်မလဲဆိုတာကတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး"
"မြို့မှာတော့ ပိုက်ဆံရှိတဲ့လူတွေကတော့ မရှိတော့ဘူး။ အလယ်အလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေလောက်ပဲ ကျန်တော့တယ်"
ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကတော့ တောင်ကုတ်၊ ဂွနဲ့ အမ်းမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ကျောက်ဖြူမြို့ကိုပါ AA ဆက်လက်တိုက်ခိုက်နိုင်တယ်လို့ RFA ကိုပြောပါတယ်။
"ကျောက်ဖြူကို ဝိုင်းပတ်ပိတ်ဆို့ထားတာကတော့ အတော်လေးကြာပြီ။ အခုက ဂွရယ်၊ တောင်ကုတ်ရယ်၊ အမ်းရယ် ဒီအခြေအနေတွေကလည်း ULA/AA လက်ထဲကိုရောက်ဖို့ နီးလာတဲ့ အခြေအနေပေါ့နော်။ အဲဒီအနေအထားမျိုးမှာတော့ သူရဲ့ရည်မှန်းချက်က ကျောက်ဖြူ၊ စစ်တွေ စသဖြင့် စစ်ဆင်ရေးလုပ်မဲ့ စစ်ရေးအစီအစဉ်တော့ ရှိလောက်တယ်လို့ သုံးသပ်ရတာပေါ့"
ဆက်နွှယ်သောသတင်းများ
ကျောက်ဖြူမြို့နယ်မှာ ရိက္ခာသယ်ယူတဲ့ ဒေသခံခုနစ်ဦး စစ်ကောင်စီ ဖမ်းဆီး
ကျောက်ဖြူမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရေလုပ်သား ငါးဦး ဒဏ်ရာရ
ကျောက်ဖြူမှာ စာမေးပွဲဖြေပြီးပြန်လာသူ ရှစ်ဦးအပါအဝင် ၁၁ ဦး အဖမ်းခံရ
ကျောက်ဖြူမှာ တိုက်ပွဲဖြစ်လာရင် တရုတ်စီမံကိန်းတွေ ထိခိုက်လာနိုင်တာကြောင့် တရုတ်ရဲ့ ကြားဝင်မှုနဲ့ နိုင်ငံရေးဆွေးနွေးတာတွေ၊ အပေးအယူတွေဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ပွဲတစ်နှစ်ခန့်အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။