NUCC ရဲ့ တော်လှန်သင်္ကြန်နဲ့ တိတ်ဆိတ်နေတဲ့ သင်္ကြန်အကြိုရက်
စစ်ကောင်စီရဲ့ နှစ်ကူးသင်္ကြန်ကို သပိတ်မှောက်ပြီး တော်လှန်သင်္ကြန်ကို ပြည်သူနဲ့အတူ ဆင်နွှဲဖို့ အနုပညာရှင် တွေ၊ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းထားပါတယ်။ စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ နိုင်ငံတစ်ဝန်းမှာ ဝင်ရောက် စီးနင်းတာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေသလို သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲ တွေကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ NUCC ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သင်္ကြန်ကာလကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားတာကို ရှုတ်ချ တယ်လို့ NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။
"မြေပြင်သပိတ်အင်အားစုတွေရော၊ PDF တွေလည်း အပါအဝင်ပေါ့၊ အများအပြားက စစ်ကောင်စီကနေပြီးတော့ ကျင်းပတဲ့ သကြန်ပွဲမှာ ပြည်သူတွေပါဝင်ပြီး မဆင်နွှဲကြဖို့ တိုက်တွန်းနေတာ ရှိတယ်လေ။ ကျနော်တို့ အနေနဲ့လည်း ဒါဟာ စစ်ကောင်စီက နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ဟာကို ကျနော်တို့က ရှုတ်ချတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ကလည်း မြေပြင်သပိတ်အင်အားစုကိုရော၊ ပြည်သူတွေကိုရော ဝန်းရံ အားဖြည့်တဲ့အနေနဲ့ ကျနော်တို့ သဘောထား ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်"
NUCC ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က အနုပညာရှင်တချို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်း မပြန်ပါဘူး။ အဆိုတော် မေခလာကတော့ ဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှာမှ သီချင်းဆိုဖြစ်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေ အပါအဝင် နိုင်ငံတစ်ဝန်း လုံခြုံမှုရှိမယ့်နေရာတွေမှာ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပသွားမယ်လို့ RFA ကို မနေ့က ပြောထားပါတယ်။
သင်္ကြန်ပျော်တာဟာ အစိုးရကို ထောက်ခံတာမဟုတ်ဘဲ ရိုးရာသင်္ကြန်မှာ ပျော်ဖို့ တားမြစ်တာကမှ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"အတာသင်္ကြန်ပွဲတော်ကျင်းပတယ်၊ ရေလောင်းတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်း ကျင်းပတာပဲ၊ အဲဒါ အစိုးရ ထောက်ခံတာနဲ့ မထောက်ခံတာနဲ့ ဘာမှမဆိုင်ဘူး၊ အတာသင်္ကြန်ပွဲကျင်းပလို့လည်း အစိုးရ ထောက်ခံတယ် လို့လည်း စိတ်ထဲမှာ ဘယ်သူမှမရှိဘူး၊ မကျင်းပလို့လည်း မထောက်ခံဘူးလို့လည်း မရှိဘူး၊ မြန်မာလူမျိုးရဲ့ ထုံးစံအရ လူကြီးသူမတွေကို သူတို့သည် ပျော်ကြတယ် ရွှင်ကြတယ်၊ ဒါတွေသည် မြန်မာ့ရိုးရာ အစဉ်အလာ ပဲလေ၊ အဲ့ဒီလိုမျိုး လုပ်တဲ့ဟာက အစိုးရထောက်ခံတာ၊ မထောက်ခံတာနဲ့ မဆိုင်ပါဘူး၊ အဲ့ဒီလို ဟန့်တားတာတို့၊ ကန့်ကွက်တာတို့၊ ခြိမ်းခြောက်တာတို့ကပဲ အကြမ်းဖက်မှုတွေ ဖြစ်ပါတယ်"
မိုင်းထောင် မိုင်းဆွဲ တိုက်ခိုက်တာ၊ လက်နက်ပုန်းနဲ့ တိုက်ခိုက်တာတွေဟာ အခု သင်္ကြန်ရက်နီးလာချိန်မှာ ပိုဖြစ်လာတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရန်ကုန်မှာတော့ ဒီကနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ အရင်က ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ် အနီးတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်ပြီး ရဲနဲ့ စစ်သားအများအပြား လုံခြုံရေးယူထားပါတယ်။ စစ်ကောင်စီက အရေးကြီးတဲ့ ဒီမဏ္ဍပ်ကို လူတိုင်းကို ဝင်ခွင့်မပေးဘဲ တရားဝင် ဝင်ခွင့်ကတ် ထုတ်ပေးထားသူတွေကိုသာ လာရောက် ခွင့်ပြုပါတယ်။ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို သာမန် ပြည်သူတွေ လာရောက်တာ မတွေ့ရဘဲ တူညီဝတ်စုံဝတ်ထားတဲ့ လူတချို့ကို ထရပ်ကားတွေနဲ့ အဲဒီ မဏ္ဍပ်ဆီ ထူးထူးခြားခြား ခေါ်လာတာကို တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြ ပါတယ်။
"ခြောက်ကပ်နေတာပဲ၊ ပျော်ပွဲရွှင်ပွဲကို မလုပ်ကြဘူး"
စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို စည်ကားအောင် ကြိုးစားနေပေမဲ့ ပြည်သူတွေကြား မှာတော့ အခုနှစ် သင်္ကြန်အပေါ် စိတ်ဝင်စားမှုလျော့နည်းနေပါတယ်။ အာဏာသိမ်းပြီး တဲ့နောက် အသက်ပေးသွားသူတွေကို အားနာတာကြောင့် ဒီနှစ်သင်္ကြန် အပြင်မထွက်ဘူး လို့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ကတော့ မထွက်ဘူး။ တိုင်းပြည်အတွက်၊ အမှန်တရားအတွက် အသက် ပေးသွားရတဲ့ ကလေးသူငယ်တွေ၊ လူကြီး၊ လူငယ်၊ လူရွယ်တွေ အများကြီးပဲ။ သူတို့ တွေကို ကိုယ်ချင်းစာတယ်။ အားနာတယ်။ အဲဒီတော့ အိမ်မှာပဲ ကျနော် ဖြတ်သန်းမယ်။ အပြင်ထွက်ဖို့မရှိဘူး။ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ မထွက်ဘူး။ သူတို့ အသိပေးထားတယ် အဲဒီတော့ ထွက်တဲ့သူကတော့ သူတို့ထိုက်နဲ့ သူတို့ကံပဲ။ မထွက်နဲ့လို့ တားထားပြီးသွားပြီ။ အဲဒါကိုမှ ထွက်မယ်ဆိုတော့ သူတို့ထိုက်နဲ့ သူတို့ကံပဲ"
အာဏာရှင်လက်အောက် ကျင်းပတဲ့ သင်္ကြန်အပါအဝင် ဘယ်ပျော်ပွဲရွှင်ပွဲကိုမှ ဝင်ပျော်မှာ မဟုတ်ဘူးလို့ ရန်ကုန် ပုဇွန်တောင်မှာ နေထိုင်တဲ့ မရတီက ပြောပါတယ်။
စစ်ကောင်စီရဲ့ မဏ္ဍပ်တွေမှာ ပါဝင်ဆင်နွဲသူ မရှိပေမဲ့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကို လာရောက်သူတွေ ရှိပါတယ်။ ဘုရားဖူးလာသူတွေက ထူးခြားတဲ့ အတာသင်္ကြန်အခါ သမယမှာ ကုသိုလ်ပြုချင်သလို အချုပ်အနှောင်ကျနေသူတွေအတွက် လာရောက် ဆုတောင်းတာလို့ ပြောပါတယ်။
မန္တလေးမြို့မှာလည်း နှစ်စဉ် စည်ကားစွာ ကျင်းပလေ့ရှိတဲ့ ကျုံးပတ်လည်ကို စစ်ကောင်စီ က ဒီနှစ် သင်္ကြန်ကာလ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး အဝင်လမ်းတွေကို ပိတ်ဆို့ထား ပါတယ်။ နန်းမြို့ရိုးနဲ့ ကျုံးကြားမှာ ရတနာပုံ အပန်းဖြေဥယျာဉ် ဖွင့်ပွဲကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်း ကျင်းပခဲ့ပြီး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကိုတော့ ညနေပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
ပြည်သူတွေဟာ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်ထားတာကို နားလည်လိုက်နာ ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပါတယ်။
“တကယ်ဆိုရင် သင်္ကြန်ဒီလိုနေ့ရက်ဆိုတာ ကျနော်တို့အတွက် ပျော်ပွဲရွှင်ပွဲရက်ပါပဲ၊ တစ်နှစ်မှ တစ်ခါပဲ ပျော်ရ တာကို၊ ဒီလိုနေ့မှာမှ လူညီတယ်။ လမ်းပေါ်မှာ ဒီလိုပဲ သွား လာနေကြတာပဲရှိတယ်။ တချို့ဆိုရင် အားလပ်ရက်တောင်မှ ဘယ်မှကိုမထွက်ကြဘူး၊ ခြောက်ကပ်နေတာပဲ၊ ပျော်ပွဲရွှင်ပွဲကို မလုပ်ကြဘူး၊ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်ထားတဲ့အတိုင်းပဲ လိုက်နာကြတယ်။ နားလည်ကြတယ်"
စစ်ကောင်စီကတော့ အာဏာသိမ်းပြီးမှ ထူးထူးခြားခြား ကျင်းပတဲ့ ဒီနှစ်သင်္ကြန်ကာလမှာ လုံခြုံရေးထူထပ်စွာ ချထားပြီး သင်္ကြန်မဏ္ဍပ်တွေအနီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေ ကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေက ပြောကြ ပါတယ်။