မင်းကင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ခြောက်ဆယ်ကျော် ဆေးဝါးအကူအညီလိုနေ
2024.06.15
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေအတွက် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဇွန်လ ၃ ရက်နေ့က မတောရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၆၄ ဦး ဒဏ်ရာရခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာလည်း ပျဉ်းကိုင်းရွာက ဒေသခံသုံးဦး ဒဏ်ရာရခဲ့တာပါ။
"တကယ်ထိရောက်တဲ့ ဆေးဝါးပစ္စည်းတွေဆို တော်တော်များများက ဝယ်လို့မရဘူးလေ။ မြေပြင်မှာ ဖြစ်သလိုပဲ ကုကြရတာပေါ့"
ဒဏ်ရာရသူတွေထဲမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးကြီးမားမား ထိခိုက်သွားသူ နှစ်ဆယ်ကျော် ပါဝင်နေပေမဲ့ ဆေးဝါးမလုံလောက်ဘူးလို့ ဆိုပါတယ်။
လိုအပ်တဲ့ဆေးဝါးတွေမရှိတာကြောင့် ရှိတာနဲ့ ဖြစ်သလိုကုသပေးနေရတယ်လို့ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးဝါးအပိုင်းကတော့ အဓိကလိုအပ်တယ်။ နယ်မြေအနေအထားအရ ဆေးဝါးတွေက တစ်ရင်းနဲ့ တစ်ရင်း ချိတ်ဆက်ဝယ်ရတာဆိုတော့လေ။ ကားတွေ ဘာတွေ အမြန်ယာဉ်တွေနဲ့ ရေကြောင်း၊ ကုန်းကြောင်းကနေ မှာလို့မရဘူးလေ။ တကယ်ထိရောက်တဲ့ ဆေးဝါးပစ္စည်းတွေဆို တော်တော်များများက ဝယ်လို့မရဘူးလေ။ မြေပြင်မှာ ဖြစ်သလိုပဲ ကုကြရတာပေါ့"
ဆေးဝါးမလုံလောက်တာကြောင့် ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတချို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
မတောရွာခံ အမျိုးသမီးတစ်ဦးကတော့ ဒီနေ့အထိ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
"အခုလိုဖြစ်ပြီး မနေရဲကြတာရော နောက်ထပ် လေယာဉ်လာပြီးပစ်မှာရော ကိုယ့်ရှေ့တင် လောလောလတ်လတ်ကြီး ဖြစ်သွားတာရောဆိုတော့ အဲဒါတွေ ကြောက်တာရောကြောင့် မနေကြတာ “
စစ်ကောင်စီတပ်ဟာ ဒီနေ့အထိ မတောရွာကို လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာမှာပဲ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း ငါးဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၆၇၀ သေဆုံးခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ထားပါတယ်။