ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် လူတစ်ထောင်ထက်မနည်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေး
2024.05.30
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး အဲဒီတိုက်ပွဲတွေကြောင့် အခုမေလအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို လူပေါင်းတစ်ထောင်ထက်မနည်း ထပ်မံထွက်ပြေးလာကြတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေစလို့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်တွေမှာလည်း အခုမေလလယ်ပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။
မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်အနီးမှာ ခိုလှုံနေကြတာလို့ ဆိုပါတယ်။
“အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်”
အိန္ဒိယအခြေစိုက် The print သတင်းဌာနကလည်း မြန်မာဘက်က ဒုက္ခသည် ၁၃၂၂ ဦး နယ်စပ်ကိုဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်လာတယ်လို့ အိန္ဒိယ ပြည်ထဲရေးဌာန အရာရှိတွေကို ကိုးကားပြီး မေလ ၂၂ ရက် နေ့က ဖော်ပြပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲက ဇိုခေါ်ထာရ်ဘက်ကို မေ ၁၇ ရက်ကနေစလို့ အသစ်ရောက်လာတဲ့ ဒုက္ခသည် တစ်ထောင်ကျော်ရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက RFA ကို ပြောပါတယ်။
“အိန္ဒိယဘက်မှာ ထွက်ပြေးတိမ်းရှောင်လာတဲ့လူကတော့ တော်တော်လေး တိုးလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်ဒီ ဇိုခေါ်ထာရ်တစ်ခုထဲမှာ အခုနောက်ပိုင်းမှာပဲ စစ်ဘေးဒုက္ခသည်က တစ်ထောင်းနီးပါး အထက်မှာ တိုးလာတယ်ဆိုတဲ့ဟာလည်း ကျွန်တော်တို့ ဒေတာကောက်ချက်အရ တွေ့ရပါတယ်”
ကျန်ဖိုင်ခရိုင် နယ်စပ်ကျေးရွာတွေမှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေရဲ့ နေရာအလွတ်တွေမှာ မိုးကာတဲ ဆောက်ပြီး နေနေရတဲ့သူတွေရှိသလို အိမ်ငှားပြီးနေတဲ့သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
လက်ရှိ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒါအပြင် စစ်ဘေးဒုက္ခသည်တွေ ပိုတိုးလာတာကြောင့် မီဇိုရမ်ဘက်မှာ အိမ်ငှားနေထိုင်ဖို့ အိမ် မလောက်ငတာတွေ၊ မိုးကာတဲ ဆောက်ပြီး နေဖို့အတွက်လည်း မြေပိုင်ရှင်တွေက ခွင့်မပြုတော့တာမျိုးတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ဘေးဒုက္ခသည် ပိုများလာတဲ့အပေါ်မှာကျတော့ ကျွန်တော်တို့ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲဆိုတော့ အိမ်ငှားဖို့တွက်တွေ ပြီးလို့ရှိရင်း ဒီဒုက္ခသည်စခန်း တည်ဆောက်မယ်ဆိုရင်တောင်မှ မြေရှင်တွေက နေရာမပေးတဲ့ကိစ္စတွေပေါ့။ အဲဒီလိုဟာတွေအများကြီး ကျွန်တော်တို့ ဒုက္ခတွေ တွေ့ရတာတွေရှိတယ်။ အိမ်ငှားချင်တဲ့လူကများပြီး အိမ်အဆောက်အအုံက မလောက်ဘူးဖြစ်နေတယ်။ အဲဒီလို ဒုက္ခတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်”
အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့လူငယ်တွေလည်း အများအပြားရှိတယ်လို့ စစ်မှုထမ်းရမှာစိုးလို့ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံ အခြေအနေတွေကြောင့်ပေါ့နော်။ အဓိက စစ်မှုထမ်းရမယ့်ဟာရော စစ်ဘေးရောကြောင့် နေရတာပေါ့နော်။ ကျွန်တော်တို့ နေရာလွတ်လေးတွေမှာ တဲလေးတွေ ဆောက်ပြီးနေတဲ့သူတွေလည်း ရှိတယ်။ တချို့ နည်းနည်းအဆင်ပြေတဲ့သူတွေကျတော့ မြို့ထဲတွေမှာ အိမ်ငှားပြီးတော့ နေတဲ့သူတွေလည်းရှိတယ်”
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကို RFA အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ငါးထောင်ကျော်ရှိနေပြီး မီဇိုရမ်ပြည်နယ်မှာတော့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိအထိ ရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က RFA ကို ပြောပါတယ်။