ဒုတိယအကြိမ် ကူမင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာ

RFA Burmese
2025.01.17
ဒုတိယအကြိမ် ကူမင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Kokang Info

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) နှစ်ဖက်ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ သိရှိထားတဲ့ သတင်းရင်းမြစ်အချို့က RFA ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ လေ့လာစောင့်ကြည့်နေသူတွေကတော့ အရင်ကလိုပဲ တိကျတဲ့ သဘောတူညီချက်တွေ ရနိုင်ခြေနည်းတယ်လို့ ပြောဆိုကြပါတယ်။

“ဘာမှ မထူးဘူးလို့ ပြောတယ်။ နှစ်ဖက်စလုံးက သူတို့ တောင်းဆိုချက် အသီးသီးနဲ့ လာကြတာ"

တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ၁၆ ရက်နေ့က ဆွေးနွေးပွဲမှာ ရလဒ်မထွက်ခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

“ဘာမှ မထူးဘူးလို့ ပြောတယ်။ နှစ်ဖက်စလုံးက သူတို့ တောင်းဆိုချက် အသီးသီးနဲ့ လာကြတာ။ တရုတ်ကသာ ဖိအားပေးလို့ တွေ့ကြတာ။ နှစ်ဖက်စလုံးက လိုက်လျောဖို့ အစီစဉ် မရှိဘူးထင်တယ်။ အဲဒါကြောင့်မို့ ဘာမှမဖြစ်ဘူး။ ဒီအတိုင်းပဲ ပြီးသွားတယ် ပြောတယ်။ ဒါပေမဲ့ ထပ်ချိန်းထားတယ်လို့ ပြောတယ်။ အချိန်ကတော့ ညှိကြရဦးမှာပေါ့"

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ကိုယ်စားလှယ်တွေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကူမင်းမြို့မှာ ပထမအကြိမ်တွေ့ဆုံပြီး လားရှိုးမြို့ကနေ MNDAA တပ်တွေ ဖယ်ပေးဖို့၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ရေး စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

အခု ဒုတိယအကြိမ်မှာလည်း ပထမအကြိမ် ဆွေးနွေးပွဲက အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေး နိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ နန့်တိန်မင်း တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ထားစဉ်။ (Screenshot from The Kokang Video)
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ နန့်တိန်မင်း တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ထားစဉ်။ (Screenshot from The Kokang Video)

MNDAA ဘက်က နယ်မြေပိုင်းခြားရေးကိုပါ လိုလားနေတာကြောင့် ဆွေးနွေးပွဲက ပြေလည်နိုင်ခြေ နည်းတယ်လို့ စစ်တပ်အရာရှိ ဟောင်းတစ်ယောက်က RFA ကို ပြောပါတယ်။

“ဆွေးနွေးပွဲရလဒ်က အခြေအနေ မကောင်းပါဘူး။ တကယ်တော့ ဘာမှရစရာရှိမှာလည်း မဟုတ်ပါဘူး။ တရုတ်ကြီးကနေပြီးတော့ လုပ်ကြပါ၊ လုပ်ကြပါ ပြောလို့သာ ပြောနေကြတာ။ သို့သော် တကယ့်တကယ်ကျတော့ လက်ရှိတပ်မတော် အစိုးရသည်၊ နစက အစိုးရသည် သဘောတူညီချက်တွေ လုပ်ဖို့အတွက် သူ့ကို ဥပဒေကြောင်းအရ ဘာအာဏာမှ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ ဒီလိုလည်း ပေးလို့မရဘူး။ အဲလို ပေးလိုက်ပြန်ရင်လည်း အမျိုးသားရေးသမားတွေမှာလည်း အကုန်လုံး ဆန့်ကျင်ဘက်တွေ ကြုံတွေ့ရမှာဆိုတော့ သူလည်း လုပ်ရဲမှာ မဟုတ်ဘူး။ အဲတော့ နယ်မြေ ပိုင်းခြားမှုတွေလည်း မလုပ်နိုင်ဘူး။ နယ်မြေ ပိုင်းခြားမှုနဲ့ ပတ်သက်လို့ လုံးဝမျှော်လင့်မရဘူးလို့ ပြောချင်တယ်"


ဆက်နွှယ်သော သတင်းများ

စစ်ကောင်စီနဲ့ MNDAA တရုတ်မှာ ဒုတိယအကြိမ် ဆွေးနွေးနေ

စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တရုတ်မှာ ဆွေးနွေးပွဲစတင်

ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်သေးကြောင်း တိုင်းရင်းသားအဖွဲ့တွေ ပြော


မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့နဲ့အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့ကိုပါ အာရက္ခတပ်တော် (AA) သိမ်းယူထားပါတယ်။

MNDAA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့စလုံးက နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့ အသင့်ရှိနေကြောင်းလည်း အသီးသီးကြေညာချက် ထုတ်ပြန်ထားကြပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ပန်ဆန်းမြို့ရှိ ဈေးတန်းတစ်ခုတွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (The Kokang Photo)
ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ပန်ဆန်းမြို့ရှိ ဈေးတန်းတစ်ခုတွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (The Kokang Photo)

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးပမ်းနေတာကြောင့် ဆွေးနွေးမှုတွေက အဖြေရဖို့ခက်ခဲနိုင်တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“အကျိုးစီးပွားတွေ စိတ်ဝင်စားမှုတွေက မတူကြဘူးပေါ့ ပါတဲ့ အဖွဲ့စည်းတွေလေ။ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံကတော့ ဒီဆွေးနွေးပွဲဖြစ်အောင် ကမကထ လုပ်တယ်။ သူ တွေ့ပေးတယ်။ သူ လိုချင်တာကတော့ နယ်စပ်တည်ငြိမ်ရေးကိစ္စ သူ လိုချင်တယ်။ နောက်တစ်ခုက တရုတ်က ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖောက်ချင်တယ်။ ကိုးကန့်ဘက်ကလည်း ဒီဒေသတွေကို သိမ်းထားတဲ့အခါကျတော့ အနည်းဆုံးတော့ လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်ဖို့၊ သူ့ ဒေသမှာ သူတည်ဆောက်ရေး လုပ်မယ်ပေါ့။ အုပ်ချုပ်ရေးချမယ် ဒါမျိုးတွေ လိုချင်တာပေါ့။ စစ်ကောင်စီဘက်ကလည်း ကြည့်ရင် သူက ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင်ထဲက ပြောတာပေါ့နော်။ ပြဿနာက ကိုးကန့်ဆိုတာလည်း ၂၀၀၈ ထဲမှာ ဘာမှမရှိဘူးလေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး လုပ်ပိုင်ခွင့်လည်း သိပ်ပေးထားတာ မရှိဘူး”

ကူမင်းမြို့က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်း အမြဲပြောဆိုနေပေမဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းယူထားတဲ့ဒေသတွေမှာ လေကြောင်းက ဆက်တိုက်တိုက်ခိုက်နေဆဲပဲလို့ စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။