MNDAA အပစ်ရပ်ရေးကမ်းလှမ်းချက် စစ်ကောင်စီ လိုက်လျောနိုင်မလား
2024.12.04
တရုတ် - မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရောက်တဲ့နေရာကနေ ထိုးစစ်တွေရပ်ထားမယ်လို့ ဒီဇင်ဘာလ ၃ ရက် မနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအောက်ကနေ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းဖို့မျှော်လင့်ပြီး စစ်ကောင်စီဘက်ကလည်း တစ်နိုင်ငံလုံးမှာ ဖော်ဆောင်နေတဲ့ ထိုးစစ်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်တန့်ရမယ်လို့ MNDAA က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
"တစ်ဖွဲ့က ရပ်ပြီး တစ်ဖွဲ့က မရပ်ရင်တော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က သင်္ကြန်အမြောက်လိုပဲဖြစ်မှာပဲ”
ဆွေးနွေးမှုအတွက် ကိုယ်စားလှယ်တွေ စေလွှတ်မှာဖြစ်ပြီး ပဋိပက္ခနဲ့ အမြင်ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်တယ်လို့လည်း MNDAA က ဆိုပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် ပေါ်ထွက်လာတဲ့ MNDAA ရဲ့ တောင်းဆိုချက်တွေဟာ မျှတတယ်လို့ တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောပါတယ်။
“တရုတ်က အပစ်အခတ်ရပ်ပြီး စေ့စပ်ဆွေးနွေးပါလို့ ပြောလာလို့ သူက ပြောရတာလေ။ သူတို့ရဲ့အခြေခံဒေသ ရဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ တအာင်းတုန်းကလည်း ပါတာပဲလေ။ အဲဒါတွေရဖို့ နည်းလမ်းပေါင်းစုံ သုံးမှာပေါ့ဗျာ။ ပါးစပ်နဲ့ပြော ရရင်ရ၊ မရရင် လက်နက်ကိုင်မယ်။ လက်နက်ကိုင်ရင် ပြည်သူလူထု ဒုက္ခရောက်လာရင် စားပွဲဝိုင်းပေါ်ပြန်ရောက် ဒီလိုဖြစ်မှာပဲ။ နောက်လည်း ဒီလိုပဲဖြစ်လိမ့်ဦးမယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း MNDAA ဘက်က NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းနိုင်ကြောင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှာ မဟုတ်ကြောင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီနဲ့ ဆွေးနွေမဲ့အကြောင်းတော့ မပါခဲ့ပါဘူး။
ဆက်နွှယ်သောသတင်းများ
MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး
တရုတ်တိုက်တွန်းမှုနဲ့ ကိုးကန့်တပ်မတော် အပစ်ရပ်ကြောင်း ကြေညာ
တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ MNDAA ဘက်က စစ်ကောင်စီနဲ့ ဆွေးနွေးမဲ့အကြောင်း ထုတ်ဖော်ပြော ဆိုလာတာပါ။
ကိုးကန့်တပ်ဖွဲ့ ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ကိုယ်ပိုင်ခုခံကာကွယ်ခွင့်ကို ဆက်ပြီး ကိုင်စွဲထားတယ်လို့ ပါရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ MNDAA က သူတို့သိမ်းပိုက်ထားတဲ့ နေရာတွေကနေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ ရှမ်းပြည်နိုင်ငံရေး လေ့လာသူ ဦးဖိုး၀က ပြောပါတယ်။
“သူတို့ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ထိုးစစ်တွေ အားလုံးပေါ့၊ သိမ်းပိုက် နယ်မြေတွေအားလုံးကို ရောက်နေတဲ့နေရာမှာ ထိုးစစ်တွေ ရပ်ထားမယ်။ အဲဒီအတွက် အပြန်အလှန် တောင်းဆိုထားတာက တစ်နိုင်ငံလုံးမှာ ဝေဟင်ကနေ ဗုံးကြဲနေတာကို ရပ်ဖို့တောင်းဆိုထားတယ်။ ပြန်ပြီး ကိုးကန့်ဘက်ကို ထိုးစစ်ဆင်တာတွေရပ်ဖို့ တောင်းဆိုထားတယ်။ တစ်ဖက်နဲ့ တစ်ဖက်မှာ တစ်ဖွဲ့က ရပ်ပြီး တစ်ဖွဲ့က မရပ်ရင်တော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က သင်္ကြန်အမြောက်လိုပဲဖြစ်မှာပဲ”
MNDAA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်း ရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း သူ့ရဲ့မိန့်ခွန်းတွေမှာ မကြာခဏ ထည့်ပြောလေ့ရှိပါတယ်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ စစ်တပ်မှာလည်း သူ့ကို ထောက်ခံသူတွေရဲ့ ဖိအားရှိနေတာကြောင့် ကိုးကန့်တပ်ဖွဲ့ရဲ့ တောင်းဆိုချက်တွေကို စစ်တပ်က လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“တပ်ဘက်မှာလည်း ကျွန်တော်တို့က ပြဿနာရှိတာကိုး။ ဒီနယ်မြေ ဒီနေရာတွေကို ပေးလိုက်တယ် လက်လွှတ် လိုက်တယ်ဆိုရင်လည်း လက်လွှတ်လိုက်တဲ့ လက်ရှိတာဝန်ရှိတဲ့သူတွေ အကုန်လုံးက သမိုင်းမှာ တရားခံ အဖြစ်မခံနိုင်ဘူး။ ဖြစ်လို့လည်း မရဘူးဆိုတဲ့ အခြေအနေရှိတဲ့ အခါကျတော့ တပ်မတော်အနေနဲ့က စီမံခန့်ခွဲမှု လိုအပ်ချက်မရှိဘူး လုပ်တတ် ကိုင်တတ်တယ်ဆိုရင် ဒါတွေကို သူက ချက်ချင်းပြန်တိုက်မှာပဲ။ အနှေးနဲ့ အမြန်ပဲ။ သူတို့ကမ်းလှမ်းချက်တွေက အလုပ်မဖြစ်ဘူး။ အလုပ်ဖြစ်မှာလည်း မဟုတ်ဘူး။ ဒီဘက်က လက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်”
"၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်းမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ တရုတ်မြန်မာ နယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုးမြို့ တွေ အပါအဝင် မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း မန္တလေးတိုင်း မိုးကုတ်အပါအဝင် ရှမ်းမြောက် ဒေသက မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း တိုက်ပွဲတွေရပ်ဖို့နဲ့ လားရှိုးကနေ MNDAA တပ်တွေ ဆုတ်ခွာဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ စက်သုံးဆီအပါအဝင်၊ စားနပ် ရိက္ခာတွေကို ဖြတ်တောက်ထားပါတယ်။
စစ်ကောင်စီကလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေကို နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပြီး ဖိအားပေးထားပါတယ်။
ဒီအကျပ်အတည်းတွေကို ကျော်လွှားဖို့နဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ MNDAA ရဲ့ မဟာမိတ်ဖြစ်တဲ့ TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
MNDAA နဲ့ TNLA နှစ်ဖွဲ့လုံးရဲ့ ထုတ်ပြန်ချက်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆုပ်ကိုင်ထားပြီး တွေ့ဆုံဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့အပြင် စစ်ကောင်စီဘက်ကိုပါ ဆွေးနွေးရေးလမ်းကြောင်းကို ရောက်ဖို့ ဖိအားပေးထားပြီး ဒီအပေါ်မှာ စစ်ကောင်စီက လက်ခံမလားဆိုတာကိုသာ စောင့်ကြည့်ရမယ်လို့ မြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“တရုတ်ရဲ့ ဖိအားထပ်ပြီး ကြီးလာမလား။ အဲဒါက စစ်ကောင်စီအပေါ်မှာ သက်ရောက်မှုရှိလား ကြည့်ရမှာပေါ့။ စစ်ကောင်စီက အဲဒါလည်း ဂရုမစိုက်ဘူး၊ လေကြောင်းထိုးစစ်တွေ ဆက်လုပ်နေရင်တော့ ကိုယ့်ဘက်ကလည်း ခုခံစစ်တွေ ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်ခင်ဗျ”
TNLA ဘက်က အပစ်ရပ်ပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက်ပိုင်း နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းမှာပဲ TNLA ထိန်းချုပ်တဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ် တောင်ခမ်းရွာနဲ့ ဂန့်ကော်ရွာတွေမှာ စစ်ကောင်စီတပ် ထိုးစစ်တွေကြောင့် ဒီဇင်ဘာလ ၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးအပါအဝင် MNDAA ထိန်းချုပ်ထားတဲ့ မြို့တွေမှာတော့ အုပ်ချုပ်ရေးစနစ်တွေ ပုံမှန်အတိုင်း လည်ပတ်နေပြီး လေကြောင်းနဲ့ လာရောက်တိုက်ခိုက်မှုတွေလည်း လွန်ခဲ့တဲ့တစ်ပတ်လောက်ကစလို့ ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ လားရှိုးနဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ မိုင်းရယ်မြို့နယ် ဟိုယရွာနဲ့ နမ့်လန်မြို့တွေကိုတော့ စစ်ကောင်စီ ဘက်က စစ်အင်အားတွေ ဆက်တိုက်ပို့နေပြီး စစ်ရေးအခြေအနေကလည်း ဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။