မုန်တိုင်းကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေ ပျက်စီး

RFA Burmese
2023.05.16
မုန်တိုင်းကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေ ပျက်စီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Pyae Aung Naing Kani

မိုခါဆိုင်ကလုန်းမုန်တိုင်း အရှိန်နဲ့ ယောချောင်းရေကြီးပြီး မကွေးတိုင်းက မြို့နယ်တွေမှာ စိုက်ပျိုးမြေတွေအပြင် ဆောမြို့နယ်က စစ်ဘေးဒုက္ခသည်တွေရဲ့ ယာယီတဲတွေ ရေစီးနဲ့ မျောပါသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်ပြလိုတဲ့ ဆောမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။

"အိုးအိမ်တွေ ပျက်စီးသွားတယ်။ စာသင်ကျောင်းတွေ အမိုးလန်သွားတယ်။ စစ်ဘေးရှောင်စခန်းတစ်ခုရှိပါတယ်။ အဲဒါ ပျက်စီးသွားပါတယ်ရှင့်။ ဆောမြို့နယ်မှာဆိုရင် ပေ ၅၀၀ ကြိုးတံတားတစ်ခု ပါသွားတယ်။ ပေ ၁၂ဝ ကြိုးတံတား ပါသွားတယ်။ လက်ပံမှာက တစ်ရွာလုံးကို မီးရှို့ပေါ့။ အဲဒါလည်း မီးရှို့ခံထားရတဲ့ကျေးရွာဖြစ်တဲ့အတွက် သူတို့ ၁၅ ပေပတ်လည် ပေ၂၀ ပတ်လည် နောက်တဲလေးတွေ အလုံး ၁ဝ လုံးလောက် ပါသွားပါတယ်"

စစ်ကောင်စီ စစ်ကြောင်းလာရင် ထွက်ပြေးဖို့ ဆောက်ထားတဲ့ ကြိုးတံတားလည်း ပျက်စီးသွားတယ်လို့ ပြောပါတယ်။ မုန်တိုင်းကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ရွာသားတွေ ရွာမပြန်ဘဲ ရေဘေးဒဏ်ခံရတာလို့လည်း ပြောပါတယ်။

"မုန်တိုင်းဝင်နေတာကို အခွင့်ကောင်းယူပြီးတော့ စစ်ကြောင်းတအားထိုးပြီးတော့ ပြည်သူတွေဒုက္ခရောက်နေတာတော့ ဟိုဘက်ကိုသွားရင် စစ်ကြောင်းဒဏ်ကို ခံရမယ်။ ဒီဘက်ကိုသွားရင် မုန်တိုင်းဒဏ်ခံရမယ်ဆိုတော့ သူတို့မှာ ဘယ်မှ ရွေးချယ်စရာ လုံးဝကို လမ်းမရှိတော့ ရွာထဲကို လုံးဝမဝင်တော့ဘူး။ တောထဲမှာ ပေကုပ်ကပ်ပြီးမှ မုန်တိုင်းဒဏ်ကို ကုပ်ကုပ်ကလေးနဲ့ ရေဘေးခံရပါတယ်"

ကန့်ဘလူမြို့နယ်မှာလည်း မုန်တိုင်းဒဏ်သင့်တဲ့ ရက်တွေမှာ စစ်ကြောင်းထိုးလို့ ကန့်ဘလူမြို့နယ်က ရွာ ၁၅ ရွာလောက်ကလူတွေ ပြေးလွှားနေရတယ်လို့ ကန့်ဘလူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

"စစ်ဘေးရှောင်တွေကတော့ လေတိုက်ရင်လည်း လေတိုက်လို့ မိုးရွာရင်လည်း မိုးရွာလို့ တော်တော်ဒုက္ခရောက်မယ့် အနေအထားမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုတည်းကမှ ဘာမှမပြည့်စုံတာကိုး။ သဘာဝဘေးအန္တရာယ်က နည်းနည်းလေးပဲ ဖြစ်လိုက်တယ်ဆိုရင်တောင်မှ တော်တော်ကြီးကို ဒုက္ခရောက်ကြတဲ့ အနေအထားမှာ ရှိတာပေါ့။ ပြီးခဲ့တဲ့ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ပေါ့။ ဒီကာလအတွင်းမှာကို ရွာပေါင်း ၁၅ ရွာလောက်က ပြေးလွှားနေရတာပေါ့။ ကန့်ဘလူ နယ်ထဲမှာဆိုရင် ရွာပေါင်း ၂၄ ရွာလောက်က လူပြန်ဝင်တာမျိုး မဖြစ်တော့ဘဲနဲ့ ရွာပျက်တဲ့သဘောမျိုးတွေလည်း ဖြစ်နေတယ် ကျွန်တော်တို့ ခန့်မှန်းတာကတော့ စစ်ဘေးရှောင် ငါးသောင်းကျော်လောက်တော့ ရှိသွားပြီပေါ့နော်"

မုန်တိုင်းတိုက်ချိန်မှာ ထိုးစစ်ကြောင့် ထွက်ပြေးနေရသူတွေ ပြေးနေရပြီး မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်က ကျေးရွာငါးရွာလောက် ပျက်စီးရုံမက ကောက်ပဲသီးနှံတွေလည်း ဆုံးရှုံးရတယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဆားလင်းကြီးသပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မချောစုဟန်က ပြောပါတယ်။

"ဆားလင်းကြီးမြို့နယ်ထဲမှာ ရှိတဲ့ကျေးရွာတစ်ချို့ပေါ့နော် ရေလွှမ်းမိုးမှု ခံနေရတာပေါ့ ၅ ရွာလောက်တော့ ရှိတာပေါ့ ရေဘေးကြောင့်မိုလို့ ရှောင်တိမ်းပုန်းခိုနေရတဲ့ လောလောဆယ် ရွှံ့တွေနဲ့ပေါ့နော်။ ခြေသလုံးလောက်အထိ ရှိတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။ တစ်ချို့ကျတော့လည်း ရေတွေကျန်သေးတာပေါ့ ချောင်းရေကျတဲ့ ဟာမျိုးဆိုရင် တစ်ရွာနဲ့ တစ်ရွာကူးဖို့ဆိုတာ ခါးလောက်အထိ ရေတွေ ရှိတယ်ပေါ့နော် စိုက်ပျိုးသီးနှံတွေကတော့ ပျက်စီးတာပဲလေ ကွမ်းခြံတော်တော်များများလည်း ပျက်စီးဆုံးရှုံးဖြစ်ကြတယ်။ ခရမ်းပင်တွေ ပဲပင်တွေ ပြောင်းပင်တွေပေါ့နော် ဒါတွေကို ရေဝင်တော့ကျတော့ လုံးဝရေသောက်မြစ် နွမ်းသွားစေတယ်။ အပင်နာပြီးတော့စိုက်ပျိုးတာတွေကတော့ တော်တော်ပျက်စီးပါတယ်"

မကွေးတိုင်းမှာ ယောချောင်းရေကြီးတဲ့အတွက် ပေါက်၊ ကမ္မနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ သီးနှံခင်းတွေ ပျက်စီး၊ စိုက်ပျိုးမြေတွေ သဲဖုံးရုံမက ဆိတ်နဲ့ နွားကောင်ရေ ရာနဲ့ချီ ရေနဲ့ မျောပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် ယောချောင်း အနောက်ဘက် တုတ်စုကျေးရွာက စစ်ဘေးရှောင်တဲ အလုံး ၂၀ ကျော် ရေနဲ့ မျောပါသွားတယ်လို့လည်း ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။