မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အကူအညီမရတဲ့အပြင် ပိတ်ဆို့ခံနေရ

RFA Burmese
2023.05.26
Share on WhatsApp
Share on WhatsApp
မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အကူအညီမရတဲ့အပြင် ပိတ်ဆို့ခံနေရ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ချင်းပြည်နယ် ကန်ပက်လက်မြို့မှ အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့မြင်ရစဉ်။
ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ စပါးကျီနဲ့ အိမ် အပါအဝင် အဆောက်အအုံ ၃၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေအတွက် ဒီနေ့အချိန်အထိ လိုအပ်တဲ့အကူအညီတွေ မရသလို မြို့အဝင်အထွက်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ပြန်လည်ထူထောင်ရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကပြုစုထားတဲ့ စာရင်းအရ ချင်းပြည်နယ်မှာ တွန်းဇံမြို့နယ်ကလွဲရင် ကျန်တဲ့ ၈ မြို့နယ်မှာ မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ အိမ် ၂၇၇၄ နီးပါး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အအုံ ၁၂ လုံးနဲ့ စပါးကျီ ၂၅၉ လုံး စုစုပေါင်း အဆောက်အအုံ ၃၃၃၂ လုံးပျက်စီးခဲ့ပါတယ်။ အိမ်မွေးတရိစ္ဆာန် အကောင်ရေ ရ၀ နီးပါးလည်း သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတာများခဲ့တဲ့ မတူပီမြို့နယ်မှာ အကူအညီမရသေးလို့ ဒေသခံတွေ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ မတူပီမြို့ခံတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ မတူပီမြို့ပေါ်က တော်တော်လေးကို ဆိုးပါတယ်။ မုန်းချောင်းရဲ့ တစ်ဖက်ခြမ်း ရွာ လေးရွာက တော်တော်လေး ထိခိုက်တယ်၊ မုန်တိုင်းကြောင့်။ အခု ကျွန်တော်တို့ဟာနဲ့ ကျွန်တော်တို့ နီးစပ်ရာ စားသောက်နေထိုင်နေရတယ်။ အကူအညီတွေက လောလောဆယ် မလာသေးဘူးဗျ။ ”

မတူပီမြို့နယ်မှာ အိမ် ၁၂၁၁ လုံး၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၄၁ လုံးနဲ့ စပါးကျီ ၄၄ လုံး ပျက်စီးခဲ့ပါတယ်။

အလားတူ ကန်ပက်လက်မြို့မှာလည်း အခုချိန်အထိ အကူအညီတွေ ရောက်မလာ သေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ အခုလက်ရှိ ကျွန်တော်တို့ကို ထောက်ပံ့ ကူညီပေးတာတွေတော့ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က လုပ်နိုင်တဲ့ အတိုင်းအတာကတော့မရှိဘူး။ သူတို့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးတဲ့ မြို့နယ်တွေ ဆိုပြီးတော့ ကြေညာတဲ့ လေးမြို့နယ်မှာလည်း မပါလာဘူးပေါ့။ တချို့တွေက ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြီး ပြင်ဆင်နိုင်ပေမယ့် တော်တော်များများကတော့ မပြင်ဆင်နိုင်သေးဘူးပေါ့ ”

မုန်တိုင်းကြောင့် ကန်ပက်လက်မြို့နယ်မှာ အဆောက်အအုံ ၂၁၁ လုံးပျက်စီးခဲ့ပါတယ်။ ရိက္ခာသိုလှောင်ထားတဲ့ စပါးကျီတွေလည်း ပျက်စီးသွားလို့ စားနပ်ရိက္ခာ နဲ့အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့မှာလည်း စစ်ကောင်စီက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို မကူညီတဲ့အပြင် မြို့ကို ဝင်ထွက် သွားလာခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ချင်းပြည်နယ်တွင်းမှ အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။ (Photo: Chanthar Media)
မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ချင်းပြည်နယ်တွင်းမှ အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။ (Photo: Chanthar Media)

“ စကစက လာခွင့်မပြုဘူးပေါ့နော်။ အခုလောလောဆယ် ချင်းပြည်နယ်မှာ မင်းတပ်မြိုု့နယ်ဟာ ထိခိုက်ပျက်စီးမှု ဒုတိယ အများဆုံးပဲလေ။ စစ်ကောင်စီက အကူအညီပေးမယ်ဆိုတာက လောလောဆယ် ခက်ခဲနေတဲ့ ပြည်သူတွေက ဘယ်သူ့ဆီက ဘာသောညာသော မစဉ်းစားတော့ဘူးလေ။ တတ်နိုင်သလောက် လက်ခံကြမယ့် ပုံစံဖြစ်နေတာကိုး။ သူတို့လည်း စားသောက်အသက်ရှင်ဖို့ အရေးကြီးတာကို။ အဲလိုမျိုး အခြေနေမှာ မင်းတပ်ကို ထည့်တွက်မထားဘူး။ စားနပ်ရိက္ခာ ကူညီဖို့ပေါ့နော်။ နောက်ဆုံး လမ်းတွေ ပြန်ဖောက်ပေးဖို့ပေါ့နော်။ အဲလိုမျိုး ချန်ထားတယ်။”

မင်းတပ်မြို့နယ်မှာ နေအိမ် ၆၅၄ လုံး၊ စာသင်ကျောင်း ၁၁၄ ကျောင်း၊ဘာသာရေး အဆောက်အအုံ ၃၂ လုံးနဲ့ စပါးကျီ ၁၇၉ လုံး ပျက်စီးခဲ့ပါတယ်။

မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုတွေနဲ့ ကူညီကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေလဲဆိုတာ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကတော့ လူသားချင်းစာနာမှု အကူအညီပေးတဲ့အခါ မုန်တိုင်းဒဏ်သင့်တဲ့ ဘယ်သူ့ကိုမှ မကျန်စေရေးမူကို လက်ကိုင်ထားတယ်လို့ မေလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

"တချို့တွေက ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြီး ပြင်ဆင်နိုင်ပေမယ့် တော်တော်များများကတော့ မပြင်ဆင်နိုင်သေးဘူးပေါ့"

အာဆီယံနိုင်ငံတွေက ပေးပို့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းတန်ဖိုးရှိတဲ့ သဘာဝဘေး ကူညီရေးပစ္စည်းတွေကို မလေးရှားနိုင်ငံ ဆူဘန်းမြို့နဲ့ ထိုင်းနိုင်ငံ ချိုင်နတ်မြို့တွေမှာရှိတဲ့ ဂိုဒေါင်တွေကတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့က စစ်လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို သယ်ယူပို့ ဆောင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာအကူအညီတွေကို စစ်ကောင်စီက လက်ခံနေပေမယ့် လက်တွေ့မှာတော့ မုန်တိုင်းဒဏ်ခံရတဲ့ သူတွေဆီ အကူအညီတွေ မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသခံတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အမြန်ဆုံးခွင့်ပြုဖို့ နဲ့ သွားလာခွင့်တွေကို မကန့်သတ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ စီမံအရာရှိ၊ ဆလိုင်းမာန်ဟင်လျန်က ပြောပါတယ်။

“ အခု ကျွန်တော်တို့က စစ်ဘေးလည်း ဖြစ်သေးတယ်။ သဘာဝဘေးလည်း ဖြစ်သေးတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ပြည်သူလူထု သက်တောင့်သက်သာ အဆင်ပြေဖို့၊ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဘယ်သူမဆို ပြည်တွင်းအဖွဲ့ အစည်းရော၊ ပြည်ပအဖွဲ့အစည်းရော တရားဝင် ကူညီဆောင်ရွက်မှုတွေ လုပ်နိုင်အောင် လမ်းဖွင့်ပေးသင့်ပါတယ်။ ”

ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက်နဲ့ ပလက်ဝ စတဲ့ မြို့နယ်ရှစ်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့တာပါ။ အဲဒီထဲက တီးတိန်၊ ပလက်ဝ၊ ဟားခါးနဲ့ မတူပီမြို့နယ်တွေကိုတော့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄ သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ မေလ ၁၇ ရက်က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။