မိုးကုတ်မြို့ကျောက်လုပ်ကွက် ဗုံးကြဲခံရပြီး ငါးဦး သေ၊ နှစ်ဆယ်ခန့် ဒဏ်ရာရ
2025.02.10

Updated 5:05 PM Feb 10, 2025
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံကျောက်တွင်းအနီးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောက်တွင်းလုပ်သား ငါးဦး သေဆုံးပြီး နှစ်ဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေဟာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Y-12 ဂျက်လေယာဉ်နဲ့ ဗုံးအလုံး သုံးဆယ်ကျော် ကြဲချခဲ့တာလို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ အမည်မဖော်လိုသူ မိုးကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ကတော့ သူတို့ လာပစ်သွားတာ ည ၁၂ နာရီကျော် ဝန်းကျင်လောက်ပေါ့။ မနေ့ည ကျွန်တော်တို့ ရောက်ရောက်ချင်းဆို သုံးဦး၊ ဒီမနက်တော့ လေးဦး။ ဒဏ်ရာတော့ တော်တော်များများ ရကြတယ်၊ တစ်ဆယ်ကျော်တယ်။ ဝင်းထရံလုပ်ကွက်ဘက်ကကျတာ"
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိပြီး ဒဏ်ရာရသူ နှစ်ဆယ်ခန့်ထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
"မနေ့ကတော့ သူတို့ လာပစ်သွားတာ ည ၁၂ နာရီကျော် ဝန်းကျင်လောက်ပေါ့"
မိုးကုတ်မြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ငါးဦး သေဆုံးပြီး၊ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အတိအကျသိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအထိ ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးသလို၊ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်အတွင်းမှာ မိုးကုတ်မြို့ကို TNLA နဲ့ မဟာမိတ်တွေ သိမ်းယူခဲ့ပြီးနောက် မိုးကုတ်ဒေသခံအများစု မြို့ထဲမှာ ပြန်လည် ဝင်ရောက်နေထိုင်ခဲ့ကြတာပါ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းကစပြီး မိုးကုတ်မြို့မှာရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့ တစ်ပိုင်တစ်နိုင်လုပ်ကွက်တွေကို TNLA က ခွင့်ပြုပေးထားပြီး နေ့စားလုပ်သား အများအပြားလည်း အဲဒီကျောက်တွင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာပါ။
ဒီကာလမှာပဲ စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ကို လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
TNLA ရဲ့ အဓိကဝင်ငွေရနေတဲ့လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာကြောင့် အခုလိုတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"တရုတ်ကြီးက ထောက်ပံ့တယ်ဆိုရင်တောင်မှ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ဘက်ဂျက်က သုံးချင်တိုင်း သုံးလို့မရဘူး။ တိုက်ခိုက်နေတဲ့ အဖွဲ့တွေအနေနဲ့က ကိုယ့်ဘာသာကိုယ် ငွေရအောင်တော့ လုပ်ရမှာပဲလေ။ အဲဒါကြောင့်လည်း ကျောက်တူးတဲ့လုပ်ငန်းကို လုပ်နေတာပေါ့လေ။ အဲဒါကလည်း ပိုက်ဆံတွေလည်း အများကြီး ရနိုင်တာပေါ့လေနော်။ ဒါကြောင့်လည်း အစိုးရဘက်က ဗုံးကြဲတယ်လို့ ယူဆတာပေါ့နော်"
ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းအနီးက ကျောက်လုပ်ကွက်နေရာအချို့ကို Y-12 ဂျက်လေယာဉ်နဲ့ ဗုံးအလုံး နှစ်ဆယ်ကျော် ကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေ အဆောက်အအုံ ငါးလုံး ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
"မိုးကုတ်ဘက်ကနေ ဆုတ်လာတဲ့ တပ်တော်တော်များက တွင်းငယ်၊ သပိတ်ကျင်းမှာ ခိုအောင်းနေတာတွေ ရှိတယ်။ သပိတ်ကျင်းမှာက လက်ကျန်တပ်တွေ ရှိသေးတာကို။ လက်ကျန်တပ်တွေစုဖွဲ့ပြီး မိုးကုတ်ဘက်ကို စစ်ကြောင်းထိုးချင်တဲ့ အနေအထားမျိုး။ ဒါ့ကြောင့် မိုးကုတ်ကို အရင်ဖျက်ဆီးတယ်။ ဖျက်ဆီးပြီးကာမှ သပိတ်ကျင်း တွင်းငယ်ဘက်ကနေ မိုးကုတ်ကိုပြန်ပြီးတော့ မြေပြင်စစ်ကြောင်းထိုးလိုတဲ့ အနေအထားလို့ သုံးသပ်ရပါတယ်"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး မိုးကုတ်နဲ့ ထိစပ်နေတဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်နဲ့ ကျောက်ကြီးရွာတွေကနေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ဒီနေ့အထိ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောခွင့်ရသူ ရဲဘော် နီနီကျော်က RFA ကို ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် TNLA က ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်ထား
မိုးကုတ်မြို့နယ်က မူးယစ်ဆေးသုံးစွဲသူ သုံးရာကို TNLA ဖမ်းဆီး
TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာ တွေ့ဆုံဖို့ရှိကြောင်း နီးစပ်သူတွေပြော
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့ပေါ် ရပ်ကွက်သုံးခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကိုးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလအတွင်းမှာပဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မိုးကုတ်မြို့မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး CDM သူနာပြုဆရာမနှစ်ဦး အပါအဝင် ၁၄ ဦး သေဆုံးခဲ့သလို ၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၁ မြို့ကို TNLA က သိမ်းပိုက်ထားတာပါ။ အဲဒီနောက်ပိုင်း တရုတ်ရဲ့ ဖိအားကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ TNLA က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်မှာ ပြောဆိုထားပါတယ်။
အခုလဆန်းပိုင်းအတွင်းTNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ ဒီနေ့အထိ တွေ့ဆုံတာမရှိသေးပါဘူး။
(မှတ်ချက် - ဤသတင်းတွင် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်အပြင် အမည်မဖော်လိုသူ စစ်တပ်အရာရှိဟောင်း၊ CDM ဗိုလ်ကြီး ဇင်ယော် တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)