မုံရွာမြို့နယ်မှာ နေအိမ် ၁၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.03.02
မုံရွာမြို့နယ်မှာ နေအိမ် ၁၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
မုံရွာ - အမြင့်လမ်းဘေးကျေးရွာများသပိတ် ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းမီးရှို့နေတာကြောင့် နေအိမ် ၁၅၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မီးရှို့ခံရတဲ့ရွာခံတွေက ပြောပါတယ်။

ဘူးတောင်းကန်ရွာက နေအိမ် ၁၇ လုံး၊ တဲကြီးကုန်းရွာက နေအိမ် ၂၅ လုံး၊ ပေကုန်းရွာက နေအိမ် ၂၈ လုံးနဲ့ ခိုးသန်းရွာက နေအိမ် ၈၈ လုံး စုစုပေါင်း (၁၅၈) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အင်အားငါးဆယ်ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်မီးရှို့နေတာကြောင့် မီးရှို့ခံရတဲ့ရွာတွေအပါအဝင် အနီးရွာတွေက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခိုးသန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆက်တိုက်ရှို့တာ တစ်ရက်မှမနားဘူး။ ၂၈ ရက်နေ့ကစရှို့တာ ၂၈၊ ၂၉၊ ဒီနေ့ လေးရက်ဆက်တိုက် ကျွန်တော်တို့ ရှောင်တိမ်းနေကြရတာ။ ၄၀ (မမ) တွေနဲ့ပစ်ဝင်တာဗျ။ အများကြီးပါဗျာ၊ ရှောင်ကြရတာ။ ငါးထောင်ကျော်လောက်တော့ ရှိမှာဗျ”

အဲဒီစစ်ကြောင်းဟာ မတ်လ ၂ ရက်နေ့ဒီမနက်မှာတော့ ဆုံကုန်းရွာကိုရောက်ရှိနေပြီး မီးဆက်ရှို့နေတယ်လို့ ဆိုပါတယ်။

“သူတို့စခန်းပတ်ဝန်းကျင်မှာ တော်လှန်ရေးအင်အားစုတွေ ခိုအောင်းမှာကြောက်တာကြောင့် အခုလိုနေအိမ်တွေ မီးရှို့နေတာပါ”

ဘူးတောင်းကန်ရွာခံတစ်ဦးကလည်း နေအိမ်မီးရှို့ခံလိုက်ရတာကြောင့် နီးစပ်ရာဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေရတယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့အနောက်ဘက် တခြားရွာကို လက်နက်ကြီးနဲ့အရင် ထု,ထုပြီးမှ ၉ နာရီလောက်မှာ စစ်ကြောင်းဝင်လာတာ။ တစ်နေကုန် မူးရူးစားသောက်ပြီးတော့မှ ရွာကိုမီးရှို့သွားတာပဲ။ ကျွန်တော်တို့ ရွာသူရွာသားတွေကတော့ ဆွေမျိုးသားချင်းသော်လည်းကောင်း၊ သူတို့ရဲ့ခင်ရာမင်ရာတွေ အကုန်လုံးကိုသွားပြီးတော့ နေနေရတာပဲ။ စားဝတ်နေရေးကတော့ ဘေးကအဖွဲ့အစည်းတွေက အနည်းအကျဉ်းထောက်ပံ့ပေးလို့ လတ်တလောတော့ အဆင်ပြေသေးတယ်”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘူးတောင်ကန်ရွာမှာ နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီးခံရပြီးနောက် မီးထပ်ရှို့မယ်လို့ သတင်းထွက်နေတာကြောင့် ဒေသခံတွေ ဒီနေ့အထိ ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။

မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ သူတို့စခန်းပတ်ဝန်းကျင်မှာ တော်လှန်ရေးအင်အားစုတွေ ခိုအောင်းမှာကြောက်တာကြောင့် အခုလိုနေအိမ်တွေ မီးရှို့နေတာလို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲမရှိလည်း ဒီလိုပေါ့ဗျာ၊ သူတို့ရှို့ချင်လို့ ရှို့တာလို့ပဲပြောရမှာပဲ။ ကျွန်တော့်အထင်တော့ အမြှောက်တပ်အရှေ့ကနေပြီးတော့ ဒီနယ်မြေမှာ တော်လှန်ရေးအင်အားစုတွေ ခိုအောင်းမှာစိုးလို့ ရှင်းလင်းတဲ့အနေနဲ့တူတယ်။ သူတို့အထိုင်စခန်းတွေကို အနီးပတ်ဝန်းကျင် ရှင်းလင်းတဲ့အနေအထားလို့ ကျွန်တော်တော့ မြင်တာပဲ။ နောက်ထပ်လည်း ထပ်ရှို့ဦးမယ်လို့မြင်တယ်”

အခုမီးရှို့ခံရတဲ့ရွာတွေဟာ စစ်ကောင်စီရဲ့ ကျောက်ဆစ်ပုံ အမြောက်တပ်နဲ့ နှစ်မိုင်ပတ်ချာလည်မှာရှိတဲ့ ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ဖြူပင်ကျေးရွာအုပ်စုမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ဖြူပင်ကျေးရွာအုပ်စုမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ)

အရပ်သားနေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ မကြာခဏငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပါပြီ။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ၇၈,၇၃၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။