မုံရွာမှာ ရွာဈေးထဲ လက်နက်ကြီးကျလို့ လူနှစ်ဆယ်ကျော် ထိခိုက်သေဆုံး
2024.08.14
[Update: 5: 45 PM, Aug 14, 2024]
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာဈေးထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့ မနက်ခင်းက ဈေးရောင်း၊ ဈေးဝယ်နေတဲ့ လူစည်ကားနေချိန်မှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့အထွက်က မအူရွာမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် (မအူဂိတ်) ကနေ သုံးမိုင်ခန့်ဝေးတဲ့ အဲဒီရွာဈေးကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၄ နှစ်ကနေ ၅၀ ကြားအရွယ်တွေ ဖြစ်ပြီး အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား သုံးဦးပါဝင်ပါတယ်။
“တော်တော်များများကတော့ တချို့ဆိုရင် ခြေထောက်တွေ၊ လက်တွေ ဖြတ်ရတောက်ရမဲ့အဆင့်ထိအောင် ပါတဲ့သူတွေပါတယ်"
သေဆုံးသူတွေဟာ မထက်ရွှေစင် ၁၄ နှစ်၊ မလုံးလုံး ၂၀ နှစ်၊ မခိုင်ရွှေဝါ ၃၆ နှစ်၊ ဒေါ်မြင့်စိုး ၄၀ နှစ်၊ ဒေါ်အိမော် ၄၂ နှစ်၊ ဒေါ်ယဉ်အေး ၄၃ နှစ်၊ ဒေါ်မာမာဌေး ၄၅ နှစ်၊ ဒေါ်ဌေးမြင့် ၅၀ နှစ်၊ ကိုနိုင်ကိုခန့် ၂၂ နှစ်၊ ကိုလင်း ၃၁ နှစ်နဲ့ ကိုထွန်းဝင်း ၄၁ နှစ်တို့ ဖြစ်ကြပါတယ်။
မနက် ၉ နာရီလောက်မှာ စစ်ကောင်စီက ဈေးထဲကို ပေါက်ကွဲအားပြင်းတဲ့ လက်နက်ကြီးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာ လို့ မျက်မြင်ကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျုပ်တို့ကလည်း အဲဒီဈေးတန်းမှာ ရှိတယ်လေ။ ကြားကြားချင်း မီးခိုးလုံးကြီးကလည်း မည်းမှောင်တော့ မမြင်ရတော့ အကုန်လုံး လူတွေ အောက်ဆင်းပြေးပြီးတော့ ကျန်ရစ်တဲ့သူကလည်း ဒါတွေကို ကြည့်ပြီးတော့ မတ်တတ်ကြီးရပ်ပြီး နည်းနည်း သတိက မေ့သွားတာပေါ့။ ဟုတ်ပါတယ် မအူဂိတ်က ပစ်တာပါ။ ကျပြီးခဏနေတော့ ကားတွေကို ချက်ချင်းခေါ်ပြီး ဆေးရုံကို ပို့ကြပါတယ်။ ကိုယ့်အိမ်ကို မအိပ်ရဲကြတော့ ကွန်ကရစ်လောင်းတဲ့ အိမ်လေးတွေကို လိုက်ကပ်ပြီး နေ နေကြတာ။ စိုးရိမ်မှုကတော့ ရှိတာပေါ့။ အခုတောင်မှ ဒီမယ် ပုန်းနေရတာ။ ကားလာတယ်တဲ့ဆို လက်နက်ကြီးထုတော့မှာလို့ အသံကြားတော့လေ”
သေဆုံးသူတွေထဲမှာ ထနောင်းတော (တောင်) ရွာက ဒေသခံ ငါးဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အနီးဝန်းကျင်ရွာတွေက ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ထနောင်းတော (တောင်) ရွာက ဒေသခံ ငါးဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အနီးဝန်းကျင် ရွာတွေဖြစ်တဲ့ ညောင်ဖြူပင်၊ ထန်းလေးပင်၊ ကျပိုင်နဲ့ နဂါးတွင်းရွာတွေ ဈေးလာဝယ်ကြသူတွေလို့ ဆိုပါတယ်။
ချင်းတွင်းမြစ်အရှေ့ဘက် ရွာတွေက ဒေသခံတွေဟာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ထနောင်းတော (တောင်) ရွာဈေးကို သူတို့ရဲ့သီးနှံတွေ လာရောင်းကြပါတယ်။ အဲဒီထနောင်းတော (တောင်) ရွာဈေးကနေ ဝယ်ယူပြီး မုံရွာနဲ့ ချောင်းဦးမြို့တွေကို တစ်ဆင့် သွားရောင်းကြတဲ့ ဒေသခံဈေးသည်တွေလည်း ရှိပါတယ်။
လက်ရှိ ဒဏ်ရာရသူတွေထဲမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေလည်းရှိတယ်လို့ ဆေးကုသပေးနေသူတစ်ဦးက ပြောပါတယ်။
“တော်တော်များများကတော့ တချို့ဆိုရင် ခြေထောက်တွေ၊ လက်တွေ ဖြတ်ရတောက်ရမဲ့အဆင့်ထိအောင် ပါတဲ့သူတွေပါတယ်။ တချို့ကလည်း ခါးတို့၊ ခေါင်းတို့ အစမှန်တာပေါ့နော်။ တချို့ကလည်း ဒဏ်ရာက ပြောပလောက်အောင်ထိတော့ မကြီးဘူး။ ဒါပေမဲ့ အတွင်းနက်တာတွေရှိတယ်လေ"
ဒဏ်ရာရထားသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီနေ့လည်း မအူစစ်ဆေးရေးဂိတ်ကနေ ချင်းတွင်းမြစ်ဘေးက ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထနောင်းတော (တောင်) ရွာလည်း ထပ်မံပစ်ခတ်ခံရမှာစိုးရိမ်တာကြောင့် ဒေသခံတွေဟာ အဆောက်အအုံ အခိုင်အမာ ရှိတဲ့နေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အရင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ယူဆတဲ့နေရာတွေကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ပေမဲ့ နောက်ပိုင်း အရပ်သားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အရင်တုန်းက နှစ်နှစ်ကျော်ကျော်လောက်ရှိပြီလို့ အဲဒီတုန်းကတော့ အကုန်ရမ်းပစ်တာပေါ့ဗျာ။ အခုနောက်ပိုင်းကျတော့ လူစည်ကားမယ်ထင်တဲ့ နေရာတို့ကို သူတို့လိုက်ပစ်နေပုံရတယ် ထင်တယ်ဗျ။ လက်ဖက်ရည်ဆိုင်တို့၊ ကွမ်းယာဆိုင်တို့ ဈေးတို့ အဲလိုမျိုးတွေ ပစ်တာဗျ”
ဆက်နွှယ်သောသတင်းများ
မုံရွာမှာ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး
မုံရွာမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ
မုံရွာမှာ လက်နက်ကြီးကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
ဒီပစ်ခတ်မှုမတိုင်ခင် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မအူစစ်ဆေးရေးဂိတ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ လင်းပိုးနဲ့ လင်းပင်ရွာ ရွာအနီးက ကွမ်းယာဆိုင်ရှေ့ ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ အရွယ် လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။
ထနောင်းတော (တောင်) ရွာဈေး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ဩဂုတ်လ ၁၃ နေ့လယ်ပိုင်းကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက မအူစစ်ဆေးရေးဂိတ်နဲ့ ညောင်ဖြူပင်ရွာ ရဲစခန်းနေရာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ အသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မုံရွာမြို့အဝင်မှာရှိတဲ့ မအူစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်ရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေခိုအောင်းနေထိုင်တယ်ဆိုပြီး အမြဲလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ထနောင်းတော တောင်ရွာနဲ့ မြောက်ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့လို့ ဒီနှစ်အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး သုံးဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် မုံရွာမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမှာ စုစုပေါင်း အရပ်သား ၅၉၆ ဦး သေဆုံးပြီး ဒဏ်ရာရသူကတော့ ၈၂၃ ဦးအထိ ရှိခဲ့ပါတယ်။