မြန်မာနှစ်သစ်မှာ တိုက်ပွဲတွေ ပိုပြင်းလာနိုင်ကြောင်း လေ့လာသူတွေ ခန့်မှန်း

2022.04.18
မြန်မာနှစ်သစ်မှာ တိုက်ပွဲတွေ ပိုပြင်းလာနိုင်ကြောင်း လေ့လာသူတွေ ခန့်မှန်း လွိုင်ကော် PDF တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: PDF Loikaw

ဒီနှစ် မြန်မာ့နှစ်ကူးကာလဟာ အရင်နှစ်တွေကနဲ့ မတူဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ စတင် ဖြတ်သန်း ခဲ့တာပါ။

နှစ်သစ်ကူး အငွေ့အသက်တွေအရ နိုင်ငံတစ်ဝန်း စစ်ဒေသတွေ ကျယ်ပြန့်လာပြီး စစ်ပွဲတွေ ပိုပြင်းထန်လာလိမ့်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒယ်နီယာက သုံးသပ်ပါတယ်။

“စစ်ရေးကတော့ တဖြည်းဖြည်း ပိုဆိုးလာမယ့် အနေအထားမျိုးတော့ရှိတယ်။ အဖွဲ့တိုင်း ကလည်း ပြင်ဆင်နေတယ်။ NUG ကိုယ်တိုင်ကလည်း နေရာအနှံ့အပြား စစ်မျက်နှာ ဖွင့်မယ် ဆိုတာတွေလည်း ပြောလာပြီ။ ဆိုတော့ စစ်ရေးကတော့ တင်းတင်းမာမာ ဒီထက် ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်လို့ ခန့်မှန်းလို့ရတယ်”

ပြီးခဲ့တဲ့နှစ်က အားနည်းချက်ဟာ စစ်အာဏာရှင်စနစ်ကို စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား တညီတညွတ်တည်း ဖြစ်မနေတာပဲလို့လည်း ခူးဒယ်နီယာက ထောက်ပြဝေဖန်ပါတယ်။

အားသာချက်ကတော့ တိုင်းရင်းသားတွေ စစ်တပ်ကို ဘာကြောင့် လက်နက်ကိုင် ဆန့်ကျင် နေသလဲဆိုတာကို ပြည်မမှာ နေထိုင်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူအားလုံးက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် သွားတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

KNPP ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် (PDF)တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့အဖွဲ့ပါ။

KNPP နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ KNDF ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးက သူတို့အနေနဲ့ နှစ်သစ်မှာ စစ်မျက်နှာ အသစ်တွေဖွင့်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေး တပ်သားတစ်ယောက် အနေနဲ့ ကျမတို့ အဓိက မျှော်လင့်တာကတော့ စစ်ရေးဆိုင်ရာပေါ့။ ဒီနှစ်သစ်မှာ ကျမတို့ အာဏာရှင်ကို တစ်နိုင်ငံလုံး အတူတူ တွန်းလှန်တယ် ဆိုတဲ့ဟာပေါ့။ ပြောချင်တာကတော့ ကျမတို့ တစ်နိုင်ငံလုံး စစ်မျက်နှာ ဖွင့်နိုင်ဖို့ပေါ့။ ပြီးတော့ ဗျူဟာကျကျနဲ့ ဘယ်လို စစ်မျက်နှာဖွင့်ကြမလဲ ဆိုတဲ့ဟာပေါ့၊ အဲ့ဒါတွေကို အဓိက မျှော်လင့်တယ်”

NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်ကနေ ရန်ကုန်မြို့တွင်း စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ Free Tiger Ranger အဖွဲ့ကလည်း စစ်တပ်ကို အပြီးသတ်ချေမှုန်းဖို့က သူတို့အဖွဲ့ရဲ့ မြန်မာ့နှစ်သစ်ကူး မျှော်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သင်္ကြန်အပြီး မြန်မာ့ နှစ်သစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“ဒီနှစ်ဟာ စိန်ရတု လွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျနော်တို့အားလုံး အစွမ်းကုန်ကြိုးစား ကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေး နှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး အစွမ်းကုန် ကြိုးစား နေပါတယ်”

ပြီးခဲ့တဲ့နှစ်ဟောင်းက အားနည်းချက်တွေကိုလည်း သုံးသပ်ပြင်ဆင်သွားမယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသွားပါတယ်။

"လက်နက်ကိုင်တိုက်ခိုက်မှု အရှိန်အဟုန်တွေ ကျေးလက်မှာရော၊ တောင်ပေါ်မှာရော၊ မြေပြန့်မှာရော၊ မြို့ပြမှာပါ တစ်ရှိန်ထိုး နက်ရှိုင်းပြင်းထန်လာလိမ့်မယ်"

စစ်တပ်ဟာ သူတို့သွားချင်တဲ့ ပုံစံအတိုင်း လာမယ့် ၂၀၂၃ မှာ အထွေထွေရွေးကောက်ပွဲ လုပ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာမယ်ဆိုရင် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံတစ်ဝန်းက လက်နက်ကိုင် ခုခံမှုတွေကို အပြီးသတ် နှိမ်နင်းဖို့ ကြိုးစားလိမ့်မယ်လို့ စစ်ရေး အကဲခတ်တွေက သုံးသပ် ထားပါတယ်။

ဒါကြောင့် ဒီနှစ်သစ်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသလို ငြိမ်းချမ်းရေးနှစ် ဖြစ်လာဖို့ မရှိဘဲ တိုက်ပွဲတွေပဲ ပိုပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ် ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

“ ဒီနှစ်သစ်ကူးရဲ့ ထူးခြားချက်ကတော့ မြန်မာပြည်မှာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ PDF တွေ အဲဒါတွေရဲ့ တိုက်ပွဲက အတော် အရှိန်အဟုန် မြင့်မားပြင်းထန်လာတယ်။ တစ်ခုခု အဆုံးအဖြတ် ပေးမယ့် အခြေအနေတစ်ခု ရောက်အောင် တိုက်ပွဲဆင်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ လက်နက်ကိုင်တိုက်ခိုက်မှု အရှိန်အဟုန်တွေ ကျေးလက်မှာရော၊ တောင်ပေါ်မှာရော၊ မြေပြန့်မှာရော၊ မြို့ပြမှာပါ တစ်ရှိန်ထိုး နက်ရှိုင်းပြင်းထန်လာလိမ့်မယ်"

စစ်ကောင်စီတပ်နဲ့ စစ်အာဏာသိမ်းမှုကို ခုခံတိုက်ခိုက်သူတွေအကြား စစ်ပွဲတွေဟာ လာမယ့် မြန်မာ့နှစ်သစ်အတွင်း အရှုံးအနိုင် ကွဲကွဲပြားပြား ပေါ်လာနိုင်တယ်၊ စစ်တပ်က အပြီးသတ် အနိုင်ရပြီး သူတို့သွားချင်တဲ့ လမ်းကြောင်းအတိုင်း ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

laykaykaw battle
၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ လေးကေ့ကော်မြို့တိုက်ပွဲတွင် KNU မှ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား တွေ့ရစဉ် ( Photo: Cobra Column)

အထက်တန်း ကျောင်းဆရာဘဝကနေ အာဏာဖီဆန်ရေး CDM လုပ်ပြီး အခု လယ်သမား တစ်ဦး အဖြစ် ရပ်တည်နေတဲ့ ဦးဟိန်းသီဟကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်ထွန်းကားဖို့ကိုပဲ မျှော်လင့်နေပါတယ်။

“တစ်တိုင်းပြည်လုံးက အခုချိန်မှာ ဒီမိုကရေစီကို ဘယ်လောက်အထိ လိုချင်တယ် ဆိုတာကို သင်္ကြန်ကာလ အတောအတွင်းမှာ အားလုံး သက်သေပြခဲ့ကြပြီးပြီ။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေရဲ့ အမြတ်နိုးဆုံး၊ သာယာပျော်ရွှင်ဖွယ်အကောင်းဆုံး ပွဲတော်ဖြစ်ပေမယ့်လို့ အားလုံးဟာ ဒီမိုကရေစီမရတဲ့အခါ ဒီမိုကရေစီကို မျှော်လင့်တဲ့ စိတ်နဲ့ အပျော်စိတ်ကိုတောင် ချိုးနှိမ်ပြီးတော့ မျှော်လင့်နေကြတယ်ဆိုတာ ကမ္ဘာ ကတောင် သတိထားမိတဲ့အထိဖြစ်တယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ အမြန်ဆုံး ထွန်းကာလာဖို့ကိုပဲ မျှော်လင့်တာပါ”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ သူတို့အနေနဲ့ စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ နယ်မြေတွေကို လွတ်မြောက်အောင် ပြန်သိမ်းယူမယ်၊ စစ်အာဏာရှင်လက်အောက်ကနေ လူထုကို လွတ်မြောက်အောင် လုပ်ဆောင်သွားမယ်လို့ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“စစ်ကောင်စီရဲ့ထိန်းချုပ်တဲ့ နယ်မြေတွေနဲ့ လူထုကို စစ်ကောင်စီရဲ့ ထိန်းချုပ်မှုက လွတ်မြောက်အောင် ဆောင်ရွက်ရပါမယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အေးချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်သူလူထု လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့ အစည်းတွေဆီကနေ အကျိုးရှိပြီး လက်တွေ့ကျတဲ့ အကူအညီတွေ ရရှိနိုင်အောင် ဆထက်ထမ်းပိုး ကြိုးပမ်းလျက် ရှိပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဂူတစ်ဖက်က အလင်းတန်း တစ်ခုကို မြင်နေရပြီ ဖြစ်ပါတယ်”

လက်ရှိမှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး စစ်တပ်ကို ခုခံတိုက်ခိုက် နေတဲ့ PDF တပ်ဖွဲ့ပေါင်း ၃၅၄ ဖွဲ့ရှိပြီး အဲဒီထဲက ၁၀၀ ကျော်ကို NUG ကာကွယ်ရေးဝ န်ကြီးဌာနက ထိန်းချုပ်ထားတယ်လို့ ဧပြီ ၁၆ ရက် NUG တည်ထောင်ခြင်း တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ဒေသတော်လှန်ရေးအဖွဲ့အစည်း (LDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ မြန်မာတစ်နိုင်ငံလုံး ဧရိယာရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးကို စိုးမိုးထားနိုင်တယ်လို့လည်း NUGရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ် မြန်မာ့နှစ်ကူးကာလဟာ အရင်နှစ်တွေကနဲ့မတူဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ စတင် ဖြတ်သန်း ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။