ချင်းပြည်နယ် နှစ်နှစ်တာတိုက်ပွဲ ကာကွယ်ရေးအဖွဲ့ဝင် ၂၅၀ ကျော် သေဆုံး
2023.05.03

ချင်းပြည်နယ် မင်းတပ်မြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် အစောဆုံးလက်နက်ကိုင် ခုခံတော်လှန်ခဲ့တဲ့ မြို့တွေထဲက တစ်ခုဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြခဲ့တဲ့ မင်းတပ်ဒေသခံတွေကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးတာ၊ ပစ်ခတ်ခဲ့တာတွေကြောင့် ချင်းတိုင်းရင်းသားတွေက ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကစလို့ တူမီးသေနတ်တွေနဲ့ စတင်ခုခံတော်လှန်ခဲ့ကြတာ အခု ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှာ လက်နက်ကိုင် ခုခံတော်လှန်ရေး နှစ်နှစ်ပြည့်ခဲ့ပါပြီ။
"စစ်ကောင်စီဘက်ကတော့ မြို့ထဲလောက်ပဲ အခုချိန်မှာ ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်”
ဒီနှစ်နှစ်တာအတွင်း ပြည်နယ်တစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က သေဆုံးသူ ၂၅၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၅ဝ ကျော် ရှိနေတယ်လို့ ချင်းဒေသ ကာကွယ်ရေး ပူးပေါင်းကော်မတီက ပြောပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်က ကျေးရွာအများစုမှာ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပညာရေး၊ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက် ထားတာကြောင့် ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို လွမ်းမိုးထားနိုင်တယ်လို့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး၊ ဆလိုင်းတင်မီထွဋ်က RFA ကို ပြောပါတယ်။
“ချင်းပြည်နယ်မှာ ကျေးရွာပေါင်းက ၁၄ဝဝ ကျော်၊ ၁၅၀၀ ဝန်းကျင်ရှိတဲ့ထဲမှာ ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးကအစ အကုန်လုံး အကောင်အထည်ဖော်ထားပါတယ်။ ဘယ်နေရာမဆို ဘယ်မြို့နယ်မဆိုပေါ့နော်။ အဲလိုဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ထိန်းချုပ်တာထက် လွှမ်းမိုးတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဘက်ကနေ ၇၅ ရာနှုန်းလောက်တော့ လွမ်းမိုးထားနိုင်တယ်။ စစ်ကောင်စီဘက်ကတော့ မြို့ထဲလောက်ပဲ အခုချိန်မှာ ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်”
မင်းတပ်မြို့နယ်မှာတော့ ဒီနှစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း (၂၁၈) ကြိမ်ဖြစ်ပွားခဲ့ပြီး CDF မင်းတပ် အဖွဲ့ဝင် ၅၅ ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကတော့ သေဆုံးသူ ၄၅၀ ရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ မင်းတပ်နဲ့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။
ချင်းပြည်နယ်တစ်ခုလုံးက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က နှစ်နှစ်တာ သေဆုံးသူ ၂၁၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ကို RFA က သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီက မင်းတပ်မြို့ကို ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အပြင် စားနပ်ရိက္ခာသယ်ယူခွင့်ပါ ကန့်သတ်ထားသလို မြေပြင်ကရော၊ လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က RFA ကို ပြောပါတယ်။
“အာဏာသိမ်းချိန်ကစပြီး မင်းတပ်မြို့ကို စားနပ်ရိက္ခာ ဖြတ်လေးဖြတ်နဲ့ပေါ့နော်၊ ဂိတ်တွေ ထားတယ်။ မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စီးဆင်းလာမယ့် စားနပ်ရိက္ခာသော်လည်း၊ ဆေးဝါးသော်လည်းကောင်း၊ နောက်ဆုံး ဗလာစာအုပ်၊ ခဲတံက အစပေါ့။ အင်တာနက်လိုင်းကတော့ ဖြတ်ထားတာ ကြာပါပြီ။ ဖုန်းလိုင်းကတော့ ၂၀၂၂ အထိ ရသေးတယ်ပေါ့နော်။ ၂၀၂၃ အစပိုင်း ဇန်နဝါရီလကစပြီး ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ အကုန်လုံး ဖြတ်တောက်ထားပါတယ်။ ဒီမှာ အခုရက်ပိုင်းအတွင်းမှာတော့ ချင်း- မကွေး နယ်စပ်မှာ CDF မင်းတပ်နဲ့ စကစတို့အကြား တိုက်ပွဲတွေ ကြိုးကြားကြိုးကြားဖြစ်နေတယ်။ စကစ ဘက်က အထိနာတွေလည်း ရှိတယ်။ အဲဒါကြောင့်လည်း မင်းတပ်မြို့နယ်ထဲကို ချင်းပြည်နယ်ရဲ့ တခြားမြို့နယ် တွေထက် ဗုံးကြဲတိုက်ခိုက်မှုတွေ အများကြီး လုပ်လာတာတော့ရှိတယ်။ ပြည်သူတွေ ကလည်း စားဝတ်နေရေး အခက်အခဲ၊ ဆက်သွယ်ရေး အခက်အခဲပေါင်းစုံကြားထဲက ဆေးဝါးအခက်အခဲ၊ ကျန်းမာရေး အခက်အခဲတွေပါ ကြုံနေရတယ်ပေါ့”
စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ CDF မင်းတပ် တပ်ဖွဲ့ဝင်တွေ အပါအဝင် ပြည်သူတွေ ၁၂ဝ ကျော်ရှိတယ်လို့ CDF မင်းတပ်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေး သလို စစ်ကောင်စီ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းဆက် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
မင်းတပ်မြို့နယ်မှာ ခုခံတော်လှန်ရေးစတင်ခဲ့ပြီးနောက် ချင်းပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းလူမျိုးစု ဒေသအလိုက် နေရာတွေမှာ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့သလို ခုခံတော်လှန်ရေးကိုလည်း ချင်းတစ်ပြည်နယ်လုံးမှာ စတင်ခဲ့ပါတယ်။ အခုဆိုရင် ချင်းပြည်နယ်မှာ လက်နက်ကိုင် ဒေသကာကွယ်ရေးအဖွဲ့ ၁၈ ဖွဲ့အထိရှိနေ ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းအရ ချင်းပြည်နယ်မှာ ခုခံတော်လှန်ရေး စတင်ခဲ့ပြီးနောက် ဒီနှစ်နှစ်အတွင်း ပြည်နယ်တစ်ခုလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သိန်းခွဲနီးပါးရှိနေပါတယ်။
ဒီအထဲက လူပေါင်း ၅၂၀၀၀ ခန့်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေ ရပြီး ကျန်တဲ့လူတစ်သိန်းနီးပါးကတော့ ပြည်တွင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။
အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးရှာဖွေခဲ့ တာကြောင့် မတူပီမြို့နယ် ငလိုင်ကျေးရွာကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလဲရ်စစ်ဘေးဒုက္ခသည်စခန်းမှာ ထွက်ပြေးခိုလှုံနေရတဲ့ ပညာရေး CDM ဝန်ထမ်း ဦးဇိုမုန့်က အကူအညီအထောက်အပံ့ မရရှိတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှာ ရှာဖွေစားသောက်ရတာ ခက်ခဲတယ်လို့ပြောပါတယ်။
“ထွက်ပြေးရတာ ကြာတော့ ကြာပြီ။ ၁ နှစ်နဲ့ ၈ လရှိပြီ။ ဝန်ထမ်းတွေကို လာရှာတာပေါ့။ လာရှာတဲ့အခါမှာ ကျွန်တော်တို့လည်း ထွက်ပြေးနေရတာပေါ့။ ကျွန်တော်လည်း CDM သမားဆိုတော့ CDM ဝန်ထမ်းတွေ လိုက်ရှာပြီးတော့ ကြိုတင်ကြားရတာပေါ့။ CDM သမားတွေ ဘယ်သူတွေရှိသလဲဆိုပြီး အဲလို လာစုံစမ်းတာကို ကျွန်တော်တို့ ကြိုတင် သတင်းကြားရတာ။ ဒါဆိုရင် ရှောင်မှရမယ်ဆိုပြီး ရှောင်ခဲ့ရတယ်။ ဒီရောက်စတုန်းက NGO တွေက ပံ့ပိုးတာတွေရှိတယ်။ အခုနောက်ပိုင်းမှာ ပံ့ပိုးတာမရှိတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ အလုပ်ရှာပြီးတော့ ပိုက်ဆံရှာပြီး ရတာလေးကိုဝယ်ပြီး စားသောက်ရတာပေါ့။ ပြောရမယ်ဆိုရင် အခက်အခဲကတော့ ပြောမကုန်နိုင်ပါဘူး”
ချင်းပြည်နယ်ကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လိုမျိုး ပုံစံတူပြုလုပ်နေတဲ့ အချက်အလက်တွေကို ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ရရှိထားပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က ပြောပါတယ်။
“စစ်ကောင်စီကို ခုခံတော်လှန်နိုင်တာက ချင်းပြည်သူလူထုရဲ့ ပံ့ပိုးမှုကြောင့်လို့ စစ်ကောင်စီအတွက်တော့ ကျွန်တော်တို့ ဒေသကာကွယ်ရေးအဖွဲ့တွေတင် မဟုတ်ဘဲနဲ့ ချင်းလူမျိုးတစ်ခုလုံးပါ သူတို့ကို ခုခံတော်လှန်တဲ့ အင်အားစုလို့ ပြည်သူလူထုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မခွဲခြားဘဲနဲ့ အခုတိုက်ခိုက်လာတာကို တွေ့ရတယ်။ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မခွဲခြားဘဲနဲ့ အခု ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြီးမားလာပြီ။ နောက်နောင်မှာလည်း ပိုကြီးမားလာဖို့ပဲ ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ အလားတူပဲ၊ ချင်းပြည်နယ်ရဲ့ ချင်းလူမျိုးအပေါ်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ ကျူးလွန်မှုတွေက အလားတူနေပြီလို့ ပြောလို့ရလောက်တဲ့ အချက်အလက်တွေ ကျွန်တော်တို့ CHRO အဖွဲ့မှာ ရှိနေပါပြီ”
ဒီ နှစ်နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးရှိခဲ့ပြီးနဲ့ ဗုံးအလုံးရေ ၃၅၀ ကျော် ဗုံးကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးဖွဲ့ CHROက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုတွေကြောင့် ချင်းပြည်နယ်အတွင်း နေအိမ် ၄၃၀ မီးလောင် ပျက်စီးခဲ့ရပြီး တိုက်ပွဲတွေကြောင့်လည်း ချင်းလူမျိုး ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။