ဒုက္ခသည် ကိုးသိန်းကျော် စားနပ်ရိက္ခာ အကူအညီရဖို့ ခက်ခဲနေ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် အသစ် ၅၆၆,၁၀၀ အထိတိုးလာပြီး နဂို ကတည်းက ရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ ပေါင်းရင် ဒုက္ခသည်အရေအတွက် ၉၁၂,၇၀၀ အထိရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဧပြီလ ၁၉ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒုက္ခသည်တွေ တိုးလာပေမယ့် ပဋိပက္ခဒဏ်သင့်နေရာတွေဆီ အကူအညီပစ္စည်းတွေ သယ်ယူရာမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းကိုလည်း ကြားသိ နေရတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သွားလာခွင့်ဆိုင်ရာ အခက်အခဲတွေကြားထဲကပဲ လူသားချင်းစာနာမှုလုပ်ငန်း လုပ်ဆောင် နေသူတွေဟာ ဒေသခံမိတ်ဖက်တွေကတစ်ဆင့် နေရပ်စွန့်ခွာလာသူတွေနဲ့ ရပ်ရွာလူထု တွေဆီ အရေးပေါ်အကူအညီ ပေးတာတွေကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက် လုပ်ဆောင်နေတယ်လို့ UN OCHA က ပြောပါတယ်။
ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ကျေးရွာတွေ မီးရှို့ခံရလို့ ဒေသခံတွေ ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရသလို မီးရှို့တဲ့အထဲမှာ ဝမ်းစာအတွက် သိုလှောင်ထား တဲ့ စပါးတွေလည်း ပါသွားတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအခက်အခဲတွေကြောင့် ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေကို ကျေးရွာတွေကနေ မြို့ပေါ်အထိ တက်ဝယ်တဲ့အခါမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေက စားနပ် ရိက္ခာ အများအပြားပါလာရင် သယ်ခွင့်မပေးဘူးလို့ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“စားဝတ်နေရေးဆိုတာတော့ ခက်ခဲတဲ့သူလည်း ခက်ခဲတာပေါ့ဗျာ။ ဒီမှာ မီးလောင်တာ ကျတော့လည်း စပါးတွေ၊ ဘာတွေ စားစရာတွေ အကုန်လောင်၊ တစ်အိမ်လုံး ပြာကျတဲ့ အိမ်လည်း ရှိတယ်။ ဆန်လေး၊ ဆီလေး ဆိုတာတော့ ဒီလို တစ်အိမ်နဲ့ တစ်အိမ် မျှစား ကြတာရယ်။ သယ်မှုပြုမှုကျတော့ မုံရွာဘက်တွေကျတော့ ကိုယ့်ဟာကိုယ် တစ်အိတ်၊ နှစ်အိတ် ဝယ်တာလေးတောင်မှ သူတို့က ချချယူလိုက်တယ်လေ။ ဆန်တွေ၊ ဘာတွေ လည်း သယ်လို့မရဘူး။ တစ်ခါတလေကျလည်း ချက်စရာတွေ၊ ဘာတွေ ဈေးဝယ်ထားတဲ့ ဟာတွေ သူတို့က ယူထားလိုက်တယ်။ ဆန်တွေ၊ ဘာတွေကျလည်း များများလည်း သယ်လို့မရဘူး။ သူတို့က ချချယူလိုက်တာ”
အဲဒီလိုအခက်အခဲတွေကြောင့် ရွာနီးချုပ်စပ်က စပါးများများ ကျန်သေးတဲ့သူတွေဆီမှာ တစ်တောင်း၊ တစ်အိတ် ဆိုသလို အနည်းအကျဉ်းပဲ လှည့်ပတ်ဝယ်စားရတယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းလိုပဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ဆိုရင်လည်း ကုန်သွယ်မှု သွားလာရေး လမ်းကြောင်းတွေ၊ ရိက္ခာလမ်းကြောင်းတွေ ပြတ်တောက်နေပြီး ကျန်နေသေးတဲ့ ရိက္ခာတွေကို ချွေတာစားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာဆိုရင် စားနပ်ရိက္ခာ နည်းပါးနေတာကြောင့် ရှိတဲ့ရိက္ခာ ကုန်သွားမှာစိုးတဲ့အတွက် ချွေတာစားနေရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ပြန်ယူမရတဲ့အခါကျတော့၊ လမ်းတွေလည်း ပိတ်တဲ့အခါကျတော့ ချွေတာရမှာပေါ့နော်။ စုထား၊ ချွေတာပြီးစား အဲဒီလိုမျိုးပေါ့နော်။ ဆီဆိုလည်း ပုံမှန်မစားရ အဲလိုမျိုးဆိုရင် တစ်လမှာ တစ်ခေါက် နှစ်ခေါက်ပဲ ကြော်စားတယ်။ ထောင်းစားတာ ပိုများတာပေါ့။ ကျမတို့ကျတော့ နှစ်နပ်၊ တစ်ခါတလေ တစ်နပ်ပဲ စားလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တဲ့ သဘောပေါ့။ ကလေးတွေပဲ ဦးစားပေးလိုက်တာပေါ့။ အဲဒီလိုမျိုးပေါ့”
ဒုက္ခသည်တွေဆီမှာ စားနပ်ရိက္ခာတွေ ရှားပါးလာနေသလိုပဲ စားနပ်ရိက္ခာ ကုန်ပစ္စည်း သယ်ယူရေး လမ်းကြောင်းတွေကလည်း ပိတ်ဆို့လာတာကြောင့် ရတဲ့လမ်းကြောင်းကနေ ရသလောက်သယ်ပြီး စားနပ်ရိက္ခာတွေ စုဆောင်းထားဖို့ ပြင်ဆင်နေရတယ်လို့ ဖရူဆို မြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်း သယ်လို့မလွယ်တော့ဘူး။ ကိုယ်လိုသလောက် မရဘူးပေါ့။ ဥပမာ-အိတ်တစ်ရာ မှာရင်တောင်မှ အခုနောက်ပိုင်းဆိုရင် ငါးဆယ်လား။ ဒါတောင်မှ သူတို့ စစ်ဆေးတာ အများကြီးပဲပေါ့နော်။ အခုရိက္ခာ သိုလှောင်မှုတွေ နည်းနည်းတော့ ပိုပြီးတော့ ဒီထက်လုပ်ရမယ်လို့တော့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနောက်ပိုင်းက အရမ်းခက်ခဲလာတယ်။ ပြောမယ်ဆိုရင် တိုက်ပွဲဖြစ်လေလေ ကျနော်တို့အတွက် ရိက္ခာတွေက ပြတ်လေလေ အဲဒီလိုမျိုးပေါ့”
ကယားပြည်နယ်လိုပဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ထဲမှာဆိုရင်လည်း လမ်းကြောင်းတွေ ပိတ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာတွေ ရောက်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်ဘက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“အခုက စားစရာပိုင်းမှာ ဒုက္ခရောက်နေတဲ့သူတွေရှိတယ်။ အဓိကအားဖြင့်ပေါ့နော် အခုက ဟားခါးနဲ့ ထန်တလန်ကြားလမ်းက သုံးလို့မရဘူးဆိုတဲ့အခါကျတော့ အရင်က ဆိုရင် ဟားခါးနဲ့ ထန်တလန် ဆက်သွယ်ရေးလမ်းကနေ စားနပ်ရိက္ခာတွေ သယ်တာပေါ့။ အခု သွားလို့မရဘူးဆိုတော့ စားနပ်ရိက္ခာပိုင်းမှာ ဒုက္ခတော်တော်လေး ရောက်နေပြီ”
ချင်းပြည်နယ်ထဲကို စားနပ်ရိက္ခာအပြင် တချို့ကုန်ပစ္စည်းတွေကလည်း စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်ရမှ သယ်ရတာဖြစ်လို့ ရောက်သင့်သလောက် မရောက်ဘဲ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေနဲ့လည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒီဒေသတွေမှာ စစ်ကောင်စီတပ်က လမ်းကြောင်းတွေ ပိတ်ဆို့ထားတယ်ဆိုတဲ့ ပြောဆိုချက် တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
"စစ်တပ်က အစားအသောက်တွေပြတ်အောင် တမင်တကာ လုပ်ဆောင်တာပဲဖြစ်တယ်"
စစ်ဘေးဒုက္ခသည်တွေဆီကို အကူအညီတွေမရောက်အောင် အခုလို ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းက ပြောပါတယ်။
“ဒါတော့ လူသားချင်းစာနာထောက်ထားမှု တစ်ခုမှမရှိတဲ့ လုပ်ရပ်တွေပဲ ဖြစ်တယ်။ စစ်တပ်က အစားအသောက်တွေပြတ်အောင် တမင်တကာ လုပ်ဆောင်တာပဲဖြစ်တယ်။ ဖြတ်တောက်မှုတွေလုပ်လို့ရှိရင် သူတို့ အဓိကပစ်မှတ်က ပြည်သူလူထု ရွာသားတွေကိုပဲ သူတို့က ပစ်မှတ်လုပ်ပြီးတော့ လုပ်တယ်။ ရွာသားတွေ စားစရာမရှိအောင်၊ ရွာတွေမှာ မနေနိုင်အောင် အခြေအနေကို တမင်တကာ ဖန်တီးတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဟာတွေဆိုလို့ရှိရင် တကယ့်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပဲ ဖြစ်ပါတယ်”
စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေပါ လိုအပ်နေသလို လက်ရှိမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်တာကြောင့် တချို့ စစ်ဘေးဒုက္ခသည်တွေဟာ သောက်သုံးရေရှားပါးမှု ပြဿနာတွေနဲ့ပါ ရင်ဆိုင် နေကြရပါတယ်။
မကြာခင်မှာလည်း မိုးရာသီကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် စိုက်ခင်း၊ ယာခင်းတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အတွက်လည်း အမိုး၊ အကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေကြသူတွေက ပြောပါတယ်။