မြန်မာရဲ့ ၂ဝ၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ဖိလစ်ပိုင်ကို လွှဲပြောင်း
2023.09.05

စက်တင်ဘာလ ၅ ရက်နေ့ မနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံ ပထမနေ့မှာ ၂၀၂၆ ခုနှစ်မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးနေရာကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူဖို့အတွက် မြန်မာနိုင်ငံဘက်က ပထမဆုံး အဆိုပြုခဲ့တာလို့လည်း အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟုန်က ညီလာခံအပြီးမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အေပီ သတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးနေရာကို ဖိလစ်ပိုင်က လွှဲပြောင်းရယူဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာလို့ ညီလာခံတက်ရောက်ခဲ့တဲ့ သံတမန် တစ်ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။
အခုလို စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌရာထူးတာဝန် ထမ်းဆောင်ခွင့်မပေးဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့လည်း အေပီ သတင်းမှာ သုံးသပ်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူဖို့ အသင့်ရှိနေတယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မနေ့က ထိပ်သီးညီလာခံ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့် မပေးရတဲ့အကြောင်းကိုတော့ ပြောကြားခဲ့ခြင်း မရှိဘူးလို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
ညီလာခံတက်ရောက်ခဲ့တဲ့ အာဆီယံ သံအမတ်နှစ်ဦးရဲ့ ပြောကြားချက်အရတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အခြေအနေနဲ့ အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံ အတော်များများက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုတာကြောင့် အာဆီယံနဲ့ ဒီနိုင်ငံတွေရဲ့ ဆက်ဆံရေး ထိခိုက်မှာကို စိုးရိမ်ပူပန်တာကြောင့် အခုလို ပြောင်းလဲလိုက်တာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်က အာဆီယံခေါင်းဆောင်တွေနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ အရာရှိတွေကို အာဆီယံအဆင့်မြင့်အရာရှိ အစည်းအဝေးတွေ တက်ရောက်ခွင့်မပြုဘဲထားတဲ့ ရပ်တည်ချက် အပြောင်းအလဲမရှိတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အာဆီယံနိုင်ငံအချို့က စစ်ခေါင်းဆောင်တွေကို ညီလာခံတက်ခွင့်မပေးဘဲထားတာကြောင့် မြန်မာနိုင်ငံပြဿနာကို မဖြေရှင်းနိုင်တာဖြစ်ကြောင်းပြောပြီး မြန်မာစစ်ခေါင်းဆောင်ကို ညီလာခံတက်ခွင့်ပေးသင့်ကြောင်း အဆိုပြုတာတွေ ရှိခဲ့ပေမယ့် အပြောင်းအလဲ မရှိခဲ့ဘူးလို့ အေပီ သတင်းမှာ ဖော်ပြပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေ ထိရောက်မှုရှိ မရှိ သံသယရှိနေကြပေမယ့် မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဘုံသဘောတူညီချက်တွေအတိုင်းပဲ ဆက်သွားမယ်လို့လည်း ရက်တနို မာဆူဒီက ပြောပါတယ်။
မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ အရင်ဥက္ကဋ္ဌနဲ့ နောက်လာမယ့် ဥက္ကဋ္ဌ နိုင်ငံ သုံးနိုင်ငံက အဓိကထားဆောင်ရွက်သွားဖို့ သတ်မှတ်ထားတယ်လို့လည်း ရက်တနို မာဆူဒီက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့တွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ရှိနေပြီး အင်ဒိုနီးရှားက မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုလားပြီး ထိုင်းနိုင်ငံကတော့ အာဆီယံညီလာခံတွေ တက်ခွင့်မပြုဖို့ ဆုံးဖြတ်ထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဆက်လက်ပြုလုပ်မယ့် အာဆီယံ ထိပ်သီးညီလာခံ ဒုတိယနဲ့ တတိယနေ့တွေမှာ အာဆီယံခေါင်းဆောင်တွေဟာ အာရှနဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အခုနှစ် အာဆီယံ ထိပ်သီးညီလာခံကို အမေရိကန် ဒုသမ္မတ ကာမာလာ ဟာရစ်စ်က သမ္မတ ဂျိုးဘိုင်ဒင်အစား တက်ရောက်မှာ ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီကျန်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရောဗ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မနေ့က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံ ပထမနေ့မှာ မြန်မာနိုင်ငံအရေးအပြင် တရုတ်နဲ့ အာဆီယံ နိုင်ငံအချို့အကြား တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
အခုအချိန်မှာ အာဆီယံအနေနဲ့ ကမ္ဘာ့အရေး စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး အာဆီယံအဖွဲ့ရဲ့ညီညွတ်မှုနဲ့ သမာသမတ်ကျမှုတွေရှိမှသာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောသွားပါတယ်။