အာဆီယံ၊ မြန်မာနဲ့ ဒေသတွင်းအကြမ်းဖက်မှု ပြဿနာ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.01.10
Share on WhatsApp
Share on WhatsApp
အာဆီယံ၊ မြန်မာနဲ့ ဒေသတွင်းအကြမ်းဖက်မှု ပြဿနာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံဆွေးနွေးပွဲတွင် တွေ့မြင်ရသော မြင်ကွင်းတစ်ခု။
Reuters

ဇန်နဝါရီလ ၉ ရက် The Straits Times သတင်းစာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချက် ငါးချက်ပါ သဘောတူညီချက်ကို ကျော်လွန်ကြည့်မြင်ဖို့လိုပြီ ဆိုတဲ့ သုံးသပ်ချက် သတင်းဆောင်းပါး တစ်စောင်ဖော်ပြခဲ့ပါတယ်။

အာဆီယံဟာ မြန်မာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးပေါ်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပြီး သည်းခံစောင့်ဆိုင်းမှုဟာ အတိုင်းအတာ ရှိကြောင်းနဲ့ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် အရေးယူဆောင်ရွက်ဖို့လည်း သတိပေးလိုက်ပါတယ်။

အာဆီယံအနေနဲ့ ရန်လိုတဲ့အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနဲ့ ဆက်ဆံရာမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ကတိပေးခဲ့ပေမယ့် အခုထိ ဆက်လက်ပျက်ကွက်နေခဲ့အတွက် မြန်မာ့ပြဿနာဟာ အာဆီယံတစ်ဖွဲ့လုံးကို တရွတ်တိုက်ဆွဲချနေသလို ဖြစ်နေကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်ဘက်အစိုးရကို စစ်တပ်ကအာဏာသိမ်းအပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပခဲ့တဲ့ အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်မှာ အဲဒီနှစ်ရဲ့အလှည့်ကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားက မြန်မာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို လိုက်နာဖို့ ဖိအားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် လပေါင်းနှစ်ဆယ်ကျော် ကြာခဲ့ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဟာ အာဆီယံသဘောတူညီချက် ငါးချက်ထဲက တစ်ချက်ကိုမှ အကောင်အထည်ဖော်ဖို့ မူလကတည်းက ရည်ရွယ်ချက်မရှိကြောင်း ပြသလိုက်ပြီဖြစ်တဲ့အတွက် အာဆီယံခေါင်းဆောင် တွေ အရူးလုပ်ခံလိုက်ကြရကြောင်း The Straits Times သတင်းက ဖော်ပြပါတယ်။

အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ဟာ အကြမ်းဖက်မှုတွေကို ချက်ခြင်းအမြန် အဆုံးသတ်စေနိုင်၊ သက်ဆိုင်ရာ အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းနိုင်၊ ဆိုင်ရာနိုင်ငံတွေရဲ့အထူးကိုယ်စားလှယ်တွေ ခန့်အပ်နိုင်၊ အာဆီယံအနေနဲ့လူသားချင်း စာနာကူညီရေးတွေ ပါဝင်ဆောင်ရွက်နိုင်၊ မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်စေလွှတ်ပြီး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါဟာ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ အကောင်းမွန်ဆုံး သဘောတူညီချက်ဖြစ်ပြီး မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် မြင်လာရနိုင်သလို ကမ္ဘာ့အခြေအနေတွေလည်း အမြန်တိုးတက်လာမှာဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။ ဒါ့ပြင် မြန်မာ အာဏာသိမ်း စစ်ကောင်စီအတွက်လည်း နိုင်ငံရေးကနေ သိက္ခာရှိတဲ့ထွက်ရပ်လမ်းတစ်ရပ် ဖော်ဆောင်နိုင်မှာဖြစ်သလို အာဆီယံ တစ်ခုလုံးအတွက်လည်း၊ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိလာမှာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း စိတ်ကူးယဉ် အာရုံမှားဖြစ်တတ်တဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အာဆီယံပဲဖြစ်ဖြစ်၊ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားပဲဖြစ်ဖြစ်၊ ချမှတ်ထားတဲ့ မူလအစီအစဉ်အပြင် နောက်ထပ်မတူကွဲပြားတဲ့ ဆောင်ရွက်ရေး နောက်တစ်မျိုးကိုပါ ပြင်ဆင်ထားသင့်တယ်လို့ သတင်းက ဖော်ပြပါတယ်။

6b14f9de-58e6-459c-9668-172521e06104.jpeg
၂ဝ၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ မပါဝင်သော အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ မြင်ကွင်းတစ်ခု။ (Photo: Reuters)

လက်တွေ့ကျကျ ကြည့်မယ်ဆိုရင် အာဆီယံအဖွဲ့အနေနဲ့ မြန်မာနဲ့ များများစားစားဆောင်ရွက်စရာ သိပ်မရှိလှပါဘူး။ သူတစ်ပါး ပြည်တွင်းရေးဝင်မစွက်ရေးမူကို ကိုင်စွဲထားသလို အာဏာသိမ်းစစ်ကောင်စီကလည်း အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကို လက်မခံ၊ စစ်ကောင်စီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံသားပြည်သူတွေကိုလည်း သတ်ဖြတ်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ဒုတိယအစီအစဉ်ကတော့ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ ဆွေးနွေးရေးက ဆက်သွားနေသလို အာဆီယံအနေနဲ့ မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ ဘယ်လိုဟန်ဆောင်မှုမျိုးတွေကို မဆို လွှတ်ချလိုက်ဖို့ အသင့်ပြင်ထားသင့်ကြောင်း၊ အခု မြန်မာကိစ္စကို ကုလသမဂ္ဂကိုသာ ပြန်လွှဲပေးသင့်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အခုဆိုရင် မြန်မာရဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် မေးခွန်းထုတ်လာနေတာတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်မှုတွေ အဆုံးမသတ်နိုင် ဖြစ်နေပေမယ့် ရာဇဝတ်မှုတွေကနေ ကင်းလွတ်နေတာက အာဆီယံအဖွဲ့ရဲ့ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုအပေါ် ထိခိုက်စေကြောင်း၊ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့၊ အဖွဲ့ရဲ့လုပ်ငန်းအစီအစဉ်တွေကနေ ဖယ်ထုတ်ထားမယ်ဆိုရင် တခြားအရေးကြီးတဲ့ ဒေသတွင်းကိစ္စတွေအတွက် အချိန်နဲ့စွမ်းအင်တွေ သုံးစွဲနိုင်ကြောင်းလည်း ဖော်ပြပါတယ်။

image (2).jpg
အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။ (Photo: Reuters)

ဇန်နဝါရီလ ၉ ရက်၊ The Straits Times သတင်းစာမှာပဲ အာဆီယံအဖွဲ့ သန်မာအားကောင်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ဆိုင်ရာ ကိစ္စတွေ ဖော်ပြခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ရေးရာကိစ္စတွေမှာ အင်ဒိုပစိဖိတ်ဒေသဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေကြောင်း မလေးရှား ဝန်ကြီးချုပ် အဏ္ဏဝါ အီဘရာဟင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ တနင်္လာနေ့က သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကိုလည်း ဒေသတွင်းအဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေ ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက - အင်ဒိုပစိဖိတ်ဒေသရဲ့ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးတွေ ဖော်ဆောင်ရာမှာ အာဆီယံအနေနဲ့ အဓိကအခန်းက ဆက်လက်ပါဝင်ရမှာဖြစ်ကြောင်း၊ မြန်မာ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ အနေနဲ့လည်း အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို အကောင် အထည်ဖော်ဖို့ တိုက်တွန်းကြောင်း၊ မြန်မာစစ်တပ်ကိုလည်း တိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြားအနီးကပ်ဆက်ဆံရေး ပိုမိုခိုင်မာဖို့ ထပ်မံအတည်ပြုခဲ့ကြပြီး၊ နှစ်နိုင်ငံကြား ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဘက်စုံအကာအကွယ်ပေးရေးတွေ တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အင်ဒိုနီးရှားဟာ မလေးရှားရဲ့ ခုနစ်ခုမြောက် အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ခဲ့ပြီး အာဆီယံဒေသတွင်းမှာ တတိယမြောက်အကြီးဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အင်ဒိုနီးရှားက မလေးရှားရဲ့ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။