မြန်မာ့အရေးတရုတ်မူဝါဒ အပြောနဲ့လက်တွေ့ ကွဲလွဲနေ

RFA Burmese
2024.10.09
မြန်မာ့အရေးတရုတ်မူဝါဒ အပြောနဲ့လက်တွေ့ ကွဲလွဲနေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားမှ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့စဉ်။
Chinese Embassy in Myanmar

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ ဘက်မလိုက်တဲ့မူဝါဒနဲ့ ကြားဝင်စေ့စပ်နေသလို ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတဲ့ မူဝါဒကို လက်ကိုင်ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက်အခမ်းနားမှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက မြန်မာပြည်သူတွေအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရေးမူဝါဒကို လက်ကိုင်ထားတယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

"လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်တန့်ပေးဖို့ တရုတ်အစိုးရကိုလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်းတာမျိုးတွေ ရှိတယ်။ လက်ရှိမှာတော့ ဘာမှ ထူးခြားတာတော့ မတွေ့ရသေးပါဘူး"

ဒါပေမဲ့ ဒီပြောဆိုချက်ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ်မှာ သက်ရောက်မှုမရှိတာတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“အာဏာသိမ်းယူမှု ပြီးသွားတဲ့နောက်ပိုင်း ဆန္ဒပြမှုတွေ၊ ဆန့်ကျင်မှုတွေ အဲဒီ အခြေအနေနဲ့ ကြည့်မယ်ဆိုရင် အများစုသော ပြည်သူက အာဏာသိမ်းလိုက်တဲ့ ကိစ္စကို လက်မခံကြဘူး။ အဲလိုပဲ ဖိနှိပ်မှုတွေကိုလည်း ဆန့်ကျင်ကြတယ်။ နောက်ဆုံး စစ်မှုထမ်း ကိစ္စတွေဆိုရင်လည်း မကြိုက်ကြဘူးဆိုတဲ့ဟာကတော့ အခြေခံ သဘောအားဖြင့် လေ့လာမှုတွေအရ ကျွန်တော်တို့ သိနိုင်တယ်။ ဆိုတော့ အဲဒီ ပြည်သူတွေကိုတော့ သူရည်ညွှန်းပုံမဟုတ်ဘူး။ တကယ်လို့ အဲဒီလူတွေကို ရည်ညွှန်းတယ်ဆိုရင် အခု တရုတ်က သူလုပ်နေတဲ့ ကိစ္စတွေ မလုပ်လောက်ဘူး“

စစ်ကောင်စီက ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ်မှာလည်း တရုတ်က ထောက်ခံအားပေးနေပြီး မြန်မာ့နိုင်ငံရေးအခင်းကျင်းမှာ စစ်တပ်က မရှိမဖြစ် အဖွဲ့အစည်းတစ်ခုအနေနဲ့ တရုတ်က ရှုမြင်ထားပုံရတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG၊ PDF တွေ အနိုင်ရသွားမှာကို တရုတ်အနေနဲ့ မလိုလားကြောင်း UWSA “ဝ” တပ်ဖွဲ့နဲ့ တရုတ်အစိုးရတို့ တွေဆုံခဲ့တဲ့ ဆွေးနွေးမှု မှတ်တမ်းတစ်ခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်တပ်ပြိုလဲမှာ မလိုလားကြောင်း တရုတ်အထူးကိုယ်စားလှယ်ပြောတယ်ဆိုတဲ့ အစည်းအဝေးမှတ်တမ်းပေါက်ကြား

ကောလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

တရုတ်ထုတ် ဒရုန်းနဲ့ လေကြောင်းသုံးလက်နက်တွေ စစ်ကောင်စီ သွားရောက်လေ့လာ


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို မျက်နှာမူတဲ့ ချစ်ကြည်ရေး မူဝါဒအပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြောဆိုချက်တွေနဲ့ ကွဲလွဲနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“ပြည်သူလူထုကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ပြီးတော့ အခြား ပြည်သူလူထုကို ဦးတည်ပြီးတော့ ဆောင်ရွက်နေတဲ့ ဖိစီးနှိပ်စက်မှုတွေ ဒါတွေ အားလုံးကို အထောက်အပံ့ဖြစ်စေတဲ့ ကိစ္စမျိုးတွေကို တရုတ်ဘက်က လုပ်နေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း တစ်ဖက်မှာ ထွက်နေတာ ရှိတယ်။ တရုတ်နိုင်ငံမှ မဟုတ်ပါဘူး။ ဒီမြန်မာနိုင်ငံရဲ့ အခြေအနေကို ကောင်းမွန်လာစေချင်တဲ့ နိုင်ငံတွေ အားလုံးကို ကျွန်တော်တို့ အမြဲတမ်းပေးနေတဲ့ message (သတင်းစကား) က တကယ့် လက်ရှိ မြေပြင်အခြေအနေတွေ မကင်းလွတ်ဖို့နဲ့ အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ စိတ်သဘော ပြည်သူလူထုရဲ့ ဆန္ဒတွေ ဒါတွေနဲ့ မကင်းလွတ်ဖို့ အရေးကြီးတယ်ဆိုတာမျိုး အမြဲ ပြောလေ့ပြောထရှိပါတယ်“

စစ်ကောင်စီက စက်တင်ဘာလထဲမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တရုတ်ထုတ် ဒရုန်းနဲ့ လေကြောင်း စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သွားရောက်လေ့လာခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

ဒါ့အပြင် စစ်ကောင်စီ ဝယ်ယူထားတဲ့ တရုတ်ထုတ် FTC 2000G အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ခြောက်စင်း ဩဂုတ်လအတွင်းမှာ ပြည်တွင်းကို ထပ်မံရောက်ရှိလာပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်နဲ့အမျှ ရှိနေတာပါ။

ဒီတိုက်ခိုက်မှုတွေအတွက်း အရပ်သားတွေ ထိခိုက်သေကြေနေကြရတဲ့အတွက် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို တားဆီးပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားပေမဲ့ လက်ရှိအချိန်အထိ အခြေအနေ ထူးခြားတာ မရှိသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)၊ အပိုင်း (၂)နဲ့ ပြန်ယဉ်ကြည့်မယ်ဆိုရင် ဒုတိယလှိုင်းမှာ ပိုပြီးတော့မှ အရပ်သားတွေ သေဆုံးတာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကလည်း ပိုပြီးတော့ များပါတယ်။ စစ်ကောင်စီက အကြမ်းဖက်မှုတွေ အရပ်သားတွေကို လေကြောင်းကနေတစ်ဆင့် ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်တန့်ပေးဖို့ တရုတ်အစိုးရကိုလည်း ကျွန်မတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်းတာမျိုးတွေ ရှိတယ်။ လက်ရှိမှာတော့ ဘာမှတော့ ထူးခြာတာတော့ မတွေ့ရသေးပါဘူး“

စစ်ကောင်စီက လက်လွတ်ခဲ့ရတဲ့ မြို့တွေကို မြေပြင်ကနေ ပြန်လည်ထိုးစစ်ဆင် သိမ်းယူနိုင်တာ မရှိတော့တာကြောင့် လေကြောင်းနဲ့ ပိုမိုတိုက်ခိုက်လာတာလို့ လွေးယေဦးက ပြောပါတယ်။

ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ် ဆယ်ခုမှာ စက်တင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦးနဲ့ အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သား ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြင်းထန်လာပြီးနောက် TNLA၊ MNDAA အပါဝင် UWSA တပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်က ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် TNLA ကို ထိုးစစ် ဆင်နေတာတွေ ရပ်တန့်ဖို့ တရုတ်ဘက်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ပြင်းပြင်းထန် သတိပေးခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်တွေဟာ ပြည်သူတွေအားလုံးအတွက်အပေါ်မှာ ကိုယ်စားမပြုရင် လက်ခံမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“တရုတ်ကြီးရဲ့ လုပ်ရပ်က သူ့စီးပွားရေး မျက်နှာတစ်ခုတည်းကို ကြည့်ပြီးတော့ မင်းအောင်လှိုင် စစ်တပ်ကိုပဲ သူက အားပေးပြီးတော့ အခု ညီနောင်သုံးဖော်တို့ဆိုရင်လည်း သူက ဝင်ရောက်ပြီးတော့ သွေးခွဲတယ်။ ဝင်ရောက်ပြီး စွက်ဖက်တယ်။ ပထမ တော်လှန်ရေးအစ အာဏာသိမ်းချိန်ကတော့ အဲဒီတရုတ်ကြီးက ဘာပြောခဲ့လဲ ဒါပြည်တွင်းရေးတဲ့ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ပြောခဲ့တာ။ အခုက တော်လှန်ရေးက လေးပုံပုံ သုံးပုံလောက်က အောင်နေတဲ့ အချိန်ကတော့ သူ့အရေး ဖြစ်လာပြီ။ ဝင်ပြီး စွက်ဖက်လာပြီ။ အပြုသဘော ဆောင်တဲ့ နိုင်ငံမဟုတ်ခဲ့ရင် တိုင်ပြည်ကြီးကို ဖျက်ဆီးဖို့ရာ ထိုးခွဲလာတဲ့ နိုင်ငံမှန်သမျှ ဘယ်သူ့ကိုမှ လက်ခံမှာ မဟုတ်ဘူး"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာပြီးနောက် တရုတ်နိုင်ငံဘက်က မြောက်ပိုင်းအဖွဲ့တွေကို အပစ်ရပ်ဖို့နဲ့ ထိုးစစ်ဆင်တာတွေ ရပ်ဖို့ ဖိအားပေးတာတွေ ရှိနေပေမဲ့ တရုတ်ရဲ့ နည်းပညာအကူညီနဲ့ လေကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီကိုတော့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေး ပြောဆိုတာတွေ ဒီနေ့အထိ မတွေ့ရဘူး လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဘက်မလိုက်ဘဲ အဖွဲ့အားလုံးနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာပြည် ငြိမ်းချမ်းရး ပေါ်ပေါက်လာဖို့ ဖော်ဆောင်သွား မယ်လို့ တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ စစ်ကောင်စီထက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုဟာ ဖိအားပေးမှုတွေ ပိုပြီးလုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြပါတယ်။

ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေကြောင်း ပြောဆိုမှုတွေဟာ အကြောင်းမဲ့ ပြစ်တင်မှုတွေသာဖြစ်တယ်လို့ စက်တင်ဘာလ ဒုတိယပတ်က တုံ့ပြန်ပြောဆိုထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။